မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ ပြည်ပသို့ ထုတ်ကုန်တင်ပို့မှုကိုအဓိက လုပ်ဆောင်နေတာဖြစ်ရာ၂၀၁၉ ခုနှစ်ကမြန်မာအထည်ချုပ်လုပ်ငန်းရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံကျော်အထိ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း (၇၀၀) ကျော် ရှိခဲ့တဲ့အနက်ကိုဗစ်ကပ်ရောဂါကာလအတွင်းစက်ရုံပိတ်သိမ်းမှုများနဲ့ စစ်အာဏာသိမ်းပြီးနောက် စက်ရုံအချို့ပိတ်သိမ်းမှုများရှိခဲ့ရာ စက်ရုံပေါင်း(၂၀၀)ကျော်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိလည်ပတ်နေကြတဲ့မြန်မာ့အထည်ချုပ်လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနက် ငယ်ရွယ်တဲ့ အမျိုးသမီးစက်ရုံအလုပ်သမားတွေက ရာခိုင်နှုန်းအားဖြင့်ခန့်မှန်းသော် ၉၀ ရာခိုင်နှုန်းအထိရှိနေတာဖြစ်ပါတယ်။
ကိုဗစ်ကလအလွန် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ အထည်ချုပ်စက်ရုံတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ စစ်အာဏာသိမ်းမှုနဲ့အတူ အထည်ချုပ်စက်ရုံတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲအကြပ်အတည်းတွေ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရမှုတွေ၊ လုပ်အားအမြတ်ထုတ်မှုတွေကို ဆက်တိုက်ရင်ဆိုင်လာရပါတယ်။
အလုပ်သမားတွေဟာ စက်ရုံအတွင်းမှာ ဆဲဆိုကြိမ်းမောင်းခံရတာတွေ၊ လုပ်အားခအပြည့်အ၀မရရှိတာတွေ အထည်စံချိန်တွေကို မတန်တဆတွေတိုးမြှင့်သတ်မှတ်တောင်းခံပြီး စံချိန်မပြီးပါကအချိန်ပိုကြေးမရရှိဘဲ အချိန်ပိုဆင်းပေးရတာတွေ စတဲ့ဖိနှိပ်ခံရမှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ဆက်တိုက်ခံလာရလို့ အလုပ်သမားတွေ အရေထူနေကြပါပြီ။
ဆဲဆိုကြိမ်းမောင်းခံရတာတွေထက် လက်ပါတဲ့အထိပါကြုံတွေ့လာရတဲ့အပေါ် မည်သို့ပင်အရေထူလို့ခံနိုင်ရည်ရှိနေပါစေ လက်ရှိမြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတွေရရှိနေတဲ့ တစ်နေ့လုပ်ခ၄၈၀၀ အပေါ် မလုံလောက်တဲ့ပြဿနာကအသက်ထက်ပင် အရေးကြီးလို့လာပါပြီ။
ဒါကြောင့်အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခဒေးကြေးတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ စက်ရုံတွင်းသပိတ်မှောက်မှုတွေကို အရဲစွန့်ပြုလုပ်လာကြတာကိုတွေ့ရပါတယ်။
"ကျွန်မတို့ရဲ့လုပ်နိုင်စွမ်း ဖြစ်နိုင်တဲ့နှုန်းထားတွေထက် စံချိန်တွေကိုတရစ်ပြီးတရစ်တိုးတောင်းလာတာ။ အထည်စံချိန်ကို ၅၀၀ တောင်းလို့ ကိုယ်က ၅၀၀ ပေးနိုင်လာရင် ၆၀၀ တောင်းတယ်။ တစ်ခါ ၆၀၀ ပေးနိုင်လာပြီဆိုရင် ၇၀၀ အထိတိုးတောင်းလာတယ်။ အဲလိုမျိုးကိုတောင်းတာ။ ကျွန်မတို့ရဲ့လုပ်နိုင်အားထက်ကို အသေအလဲ လုပ်ရပါတယ်။ မဟုတ်ရင်လည်းကျွန်မတို့ကအချိန်ပိုဆင်းပြီးချုပ်ပေးရမှာဆိုတော့ ကိုယ်လုပ်နိုင်သလောက် အသေအလဲလုပ်ပေးပါတယ်။ အဲ့လိုပဲ ကုန်ဈေးနှုန်းတွေမြင့်တက်နေတော့ လုပ်ခလစာတွေကို လည်း လက်ရှိစစ်တပ်က တသတ်မတ်တည်းတိုးပေးဖို့ သတ်မှတ်ပေးရင် ပိုကောင်းမှာပါ"လို့ အထည်ချုပ် အလုပ်သမားတစ်ဦးက ဆိုပါတယ်။
လက်ရှိအထည်ချုပ်လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေကို လုပ်ခလစာတိုးပေးနိုင်ဖို့မရှိကြပေမဲ့ အလုပ်သမားတွေရဲ့ပုံမှန်လုပ်နိုင်စွမ်းကိုကျော်လွန်ပြီး လုပ်အားတွေကို ကျောက်ခဲရေညှစ်သလို အတင်းအဓမ္မ ဖိနှိပ် အခိုင်းခံနေရတာပါ။
အလုပ်သမားတွေထုတ်လုပ်ပေးနိုင်တဲ့အတိုင်းအတာထက်အဆမတန်ပို များတဲ့အရေအတွက်တောင်းဆိုပါက အလုပ်သမားဘက်က ငြင်းဆိုခွင့်တွေနဲ့ထုတ်ဖော်ပြောဆိုခွင့်တွေရှိနေပေမဲ့လည်း အလုပ်ရှင်ရဲ့ အငြှိုးနဲ့ အလုပ်ထုတ်ခံရနိုင်တာကြောင့် ရေငုံနှုတ်ပိတ်နေကြတဲ့အလုပ်သမားတွေက ပိုများလို့လာပါတယ်။
ဒါ့အပြင် နောက်ထပ် အလုပ်ရှင်ရဲ့အငြိုးထားတိုင်ကြားမှုတွေကလည်း ရှိလို့နေပါသေးတယ်။
အလုပ်သမားတွေကို NUG အစိုးရအားပေးအားမြှောက်လုပ်သည်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေထံ လိမ်လည်သတင်းပေး တိုင်ကြားမှုတွေပြုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း အလုပ်သမားတွေအများစုခံလာရတာကြောင့် အလုပ်သမားတွေဟာ မိမိတို့အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေကိုပင် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိဘဲ နှုတ်ဆိတ်နေရတာတွေက ပိုလို့ပင်များပါတယ်။
"ကျွန်မတို့အလုပ်သမားတွေက နည်းမျိုးစုံနဲ့ခြိမ်းခြောက်မှုတွေကိုခံရတယ်။ သူတို့အလုပ်ရှင်ရဲ့ချိူးဖောက်မှုတွေကိုထုတ်ဖော်ပြီဆိုရင် pdf ထောက်ခံတယ်လို့ တိုင်မယ်လို့ ခြိမ်းခြောက်တာတွေလည်းရှိတယ်။ အလုပ်ထုတ်ခံရတယ်ဆိုတာထက် အဲ့တာကအဆိုးဆုံးပဲ။ အလုပ်သမားတွေက ကြောက်စိတ်အမျိုးမျိုးရှိတော့ ဘယ်သူကမှဘာမှမပြောတော့ဘူး။ ငြိမ်ခံနေကြတယ်"လို့ စက်မှုဇုန်လုပ်သားကပြောပါတယ်။
အဲ့ဒီလိုမျိုး စံချိန်တွေအဆမတန်တောင်းခံပြီး စံချိန်မပြည့်မီတဲ့ အလုပ်သမားတွေကို အချိန်ပို OT အလကားဆင်းခိုင်းတာတွေလည်း အထည်ချုပ်စက်ရုံတွေမှာဖြစ်ပွားနေတာဖြစ်ပြီး အလုပ်သမားတွေရဲ့ တိုင်ကြားစာအရ ပိုမိုများပြားနေတာလည်းတွေ့ရပါတယ်။
မကြာသေးခင်က စက်ရုံတရုံလုံး ဒေးကြေးတိုးဖို့ တောင်းဆိုခဲ့ကြတဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံမှာ လည်း အထည်စံချိန် တိုးတောင်းတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ အဆိုပါစက်ရုံက အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေ အငြင်းပွားမှုတွေမကြာမဏဆိုသလို ဖြစ်ပွားပြီး ထောက်ပြပြောဆိုသူတွေကိုလည်း အငြိုးအတေးထားလေ့ရှိတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
အလုပ်သမားတွေခံနေရတဲ့ မတရားမှုတွေအပေါ် တောင်းဆိုတိုင်ကြားဖို့အတွက်အလုပ်ထုတ်ခံရမှာနဲ့ ဖိအားပေးခံရမှာစိတ်ပူတာကြောင့် ထုတ်ဖော်တိုင်ကြားဖို့ပင်စိုးရိမ်ရတယ်လို့ ဆိုကြပါတယ်။
"ကျွန်မတို့မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံကလုပ်ငန်းရှင်အများစုဟာ အလုပ်သမားတွေအပေါ်ချိုးဖောက်နေတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်နေမှုတွေကို ရိုးရာတစ်ခုလို အစဉ်အမြဲ ကျူးလွန်နေခဲ့ကြတာ ဖြစ်ပြီး ယခုလိုစစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပြောင်ပြောင်တင်းတင်းချိုးဖောက်လာကြတာပဲဖြစ်ပါတယ်။ ဒီလိုစက်ရုံတွေထဲမှာ Kingsrich (Myanmar) အထည်ချုပ်စက်ရုံဟာလည်း ထိပ်ဆုံးကပါနေတယ်"လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူကပြောပါတယ်။
KINGSRICH (MYANMAR) FASHION LIMITED အထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမှ Wuhan Kingsrich Fashion Group ရဲ့ လက်အောက်ခံအထည်ချုပ်စက်ရုံတစ်ခုဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ အဆိုပါ တရုတ်ဖက်ရှင်လုပ်ငန်းစုဟာ တရုတ်နိုင်ငံမှာစက်ရုံခွဲ လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ စက်ရုံခွဲဖွင့်လှစ်ကာ ထုတ်ကုန်တွေကို ဥရောပနဲ့ အေမရိကရှိ နိုင်ငံပေါင်း (၄၀) ကျော်ကို တင်ပို့ရောင်းချတယ်လို့ လေ့လာသိရှိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရှိ Kingsrich (Myanmar) စက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၂)၊ ရေပြာလမ်းတွင် တည်ရှိပြီး Outdoor Sportswear/Lightweight Series အထည်တွေကို အဓိက ချုပ်လုပ်နေတယ်လို့ သိရှိရပြီးအလုပ်သမားထောင်ချီဖြင့်လည်ပတ်နေတာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာလည်း စက်ရုံခေတ္တရပ်နားထားရတာတွေရှိခဲ့ပေမဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာမရရှိခဲ့သလို ထောက်ပံ့မှုတွေလည်းမရခဲ့ပါဘူး။ ယခုလက်ရှိအချိန်မှာလည်း အခြားသောစက်ရုံတွေမှာဒေးကြေးတွေတိုးပေးလာနေကြတာဖြစ်ပေမဲ့ အဆိုပါစက်ရုံမှာက ထောက်ပဲ့ကြေးအပါ ၅၈၀၀ သာရရှိတာကြောင့် အလုပ်သမားတွေဟာ မိမိတို့ရဲ့စား၀တ်နေရေးအတွက် အရဲစွန့်ကာဒေးကြေးတိုးပေးဖို့ တောင်းဆိုမှုစတင်ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။
အဆိုပါဆန္ဒပြတောင်းဆိုမှုကို ယခုလဇွန်၁၀ရက်နံနက်၈နာရီကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ဆန္ဒပြတောင်းဆိုမှုကိုတော့ ဦးဆောင်သူမရှိဘဲတောင်းဆိုတဲ့ တောင်းဆိုမှုအဖြစ်သာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"ကျွန်မတို့တောင်းဆိုမှုကိုစက်ရုံတစ်ရုံလုံးကအလုပ်သမားတွေလုပ်ကြတာ။ စက်လိုင်းတွေအကုန်မီးပိတ်ပြီးလုပ်ကြတာ။ စက်ရုံဘက်က "ဘာဖြစ်ချင်တာလဲ" "ဘာတောင်းဆိုတာလဲ" စက်လိုင်းတစ်လိုင်းကို ဦးဆောင်သူတစ်ယောက်ထွက်ခိုင်းတယ်။ ကျွန်မတို့လည်း ဦးဆောင်သူဆိုရင် သူတို့ကဘာလုပ်မယ်မသိနိုင်ဘူး။ အလုပ်ထုတ်မှာလားဖမ်းခိုင်းမှာလားစိတ်ပူလို့ ဘယ်သူမှမထွက်ကြဘူး။ ညနေစက်ရုံဆင်းကာနီး၄နာရီလောက်မှ စူပါတွေခေါ်ပြီးညှိလိုက်တယ်။ အလုပ်သမားတွေတောင်းဆိုတဲ့ ဒေးကြေး၇၅၀၀နဲ့အချိန်ပိုတစ်နာရီ ၂၀၀၀ ပေးမယ်ဆိုပြီးသဘောတူလို့ အိမ်ပြန်ခဲ့ကြတယ်"လို့ အလုပ်သမားကဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ မိမိတို့အပေါ်အခွင့်အရေးချိုးဖောက်ခံနေရမှုတွေနဲ့ လုပ်အားခေါင်းပုံဖြတ်မှုတွေ၊ လုပ်အားအမြတ်ထုတ်ကာ အတင်းအကြပ်ခိုင်းစေတာတွေ၊ ဥပေဒမဲ့ အလုပ်ထုတ်တာတွေ ရှိနေတဲ့အတွက် ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ လိုလားနေကြတာဖြစ်ပေမဲ့ စက်ရုံအတွင်းမှာဖွဲ့စည်းထားတဲ့ WCC အဖွဲ့ဟာလည်း အလုပ်သမားတွေရဲ့နစ်နာမှုတွေကိုမကြည့်ဘဲ အလုပ်ရှင်ကိုသာဘက်လိုက်ပြောဆိုဖြေရှင်းတာ တွေသာရှိခဲ့တာကြောင့် အလုပ်သမားတွေဟာ ဆက်လက်နစ်နာနေကြရတာဖြစ်ပါတယ်။
အဆိုပါစက်ရုံကအလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းလည်းမရှိတာကြောင့် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတစ်စုံတစ်ခုဖြစ်တိုင်း ဦးဆောင်ညှိနှိုင်းဖြေရှင်းမဲ့သူမရှိတာကြောင့် ပိုလို့ နစ်နာနေကြရတာဖြစ်တယ်လို့လည်း အလုပ်သမားရေးကူညီဆောင်ရွက်သူများက မှတ်ချက်ပေးပြောဆိုထားပါတယ်။
Kingsrich (Myanmar) အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးထားခြင်းမရှိသလို ဆေးပစ္စည်းပင်အစုံလင်မရှိတာကြောင့် အလုပ်သမားတွေရဲ့ကျန်းမာရေးထက် စက်ရုံရဲ့ကုန်ထုတ်လုပ်မှုအရေအတွက်များသထက်များရေးကိုသာ အဓိကထားနေတာကိုလည်း တွေ့မြင်ရပါတယ်။
Kingsrich (Myanmar) အထည်ချုပ်စက်ရုံဟာ ဥပဒေချိုးဖောက်ပြီး အချိန်ပိုကြေး အပြည့်အဝမပေးလို့ အလုပ်သမား (၁၉) ယောက်ဟာတောင်းဆိုမှုတစ်ခုလည်းတစ်ခုရှိခဲ့ပါတယ်။
အဲဒီလို တောင်းဆိုလာတဲ့အလုပ်သမား (၁၉) ယောက်လုံးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့အလုပ်သမားအကြား ပြဿနာကို ပိုမိုကြီးထွားစေခဲ့ပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကြောင့် အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိတဲ့စက်ရုံလည်းဖြစ်သလို ပြီးခဲ့တဲ့နှစ်က စက်ရုံရဲ့အထည်ထုတ်ပိုးဌာနမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားအမျိုးသမီးတစ်ဦးက အခြားသောအလုပ်သမားတစ်ဦးနှင့် အလုပ်ကိစ္စအခြေအတင်စကားများရန်ဖြစ်ရာမှ အမျိုးသမီးအလုပ်သမားက လက်သီးဖြင့် ၃ ချက် ထိုးကြိတ်ခံရတဲ့ ဖြစ်စဉ်မှာလည်း စက်ရုံဘက်က စက်ရုံမှဖြေရှင်းမပေးတဲ့ အပြင် အလုပ်မှ မည်သည့်နစ်နာကြေးမှမပေးဘဲ ထုတ်ပယ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နာမည်ကျော် ကုန်အမှတ်တံဆိပ်အများစုဟာ မြန်မာနိုင််ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာကြဖို့ ဆုံးဖြတ်ခဲ့ကြရာ Kingsrich (Myanmar) အထည်ချုပ်စက်ရုံက အဓိကတင်ပို့ရောင်းချနေတဲ့ H&M Brand လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
ကမ္ဘာကျော်အမှတ်တံဆိပ်များအနေနဲ့ အခြေခံလူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးတို့ကို လေးစာလိုက်နာအရေးတယူရှိတယ်လို့ပြောဆိုနေကြပေမဲ့ လက်တွေ့တွင်မူ မြန်မာအထည်ချုပ်အလုပ်သမားများဟာ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများနှင့် လုပ်အားခေါင်းပုံဖြတ်မှုများကို ခါးစည်းခံနေကြရမြဲပင် ဖြစ်နေပါတယ်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် (၈) နာရီအတွက် အနည်းဆုံးလုပ်ခလစာအဖြစ် တစ်နေ့လျှင် (၃,၆၀၀)ကျပ် ပေးရမယ်လို့ အစိုးအရအဖွဲ့က အတည်ပြု သတ်မှတ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တွင် အနည်းဆုံးလုပ်ခလစာကို (၄,၈၀၀)ကျပ်အထိ တိုးမြှင့်ခဲ့ပေးခဲ့ပြီး ဥပေဒအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်လျှင် တစ်ကြိမ်ပြောင်းလဲသတ်မှတ်မယ်ဆိုသော်လည်း ၂၀၂၀ ခုနှစ်ကစလို့ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်ခဲ့ခြင်းမရှိပါဘူး။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားတွေဟာ လုပ်ခလစာတိုးမလာပေမဲ့ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှုတွေနဲ့ အလုပ်ရှင်ရဲ့အချိန်ပို လျှော့ချမှုတွေကြောင့် အလုပ်သမားရဲ့၀င်ငွေထွက်ငွေမမျှတဖြစ်ကာ သွေးစုပ်ခိုင်းစေတဲ့ လုပ်အားတွေကြောင့် မသေရုံ စားလောက်ရုံ မလောက်မငှဖြစ်နေကြရတာပဲဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာလည်း ကမ္ဘာကျော် adidas ဖိနပ်တွေချုပ်လုပ်တဲ့ မြန်မာပေါင်ချိန် အလုပ်သမားသမဂ္ဂက အနည်းဆုံးလုပ်ခလစာကို (၄,၈၀၀) ကျပ်မှ (၈,၀၀၀) ကျပ်အထိ တိုးမြှင့်ပေးဖို့ ရက်အတော်ကြာတောင်းဆိုခဲ့ကြပါသေးတယ်။
အဲ့လိုမျိုးသမဂ္ဂကဦးဆောင်တောင်းဆိုရာကနေ အလုပ်ရှင်နဲ့ညှိနှိုင်းခဲ့ရာအလုပ်သမားများတောင်းဆိုမှုများအလုံးစုံမရခဲ့ပေမဲ့ အလုပ်သမားတွေလက်ခံနိုင်တဲ့ အနေအထားတစ်ခုကိုတော့ ညှိနှိုင်းမှုပြေလည်ခဲ့တာပဲဖြစ်ပါတယ်။
အလုပ်ရှင်ရဲ့ဖိနှိပ်အမြတ်ထုတ်မှုတွေ၊ ဥပေဒမဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို အလုပ်သမားသမဂ္ဂမှာ စုစည်းခြင်းဖြင့်သာ ရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်ပေမဲ့ ၀မ်းနည်းစရာကောင်းတာက Kingsrich (Myanmar) စက်ရုံမှာ အလုပ်သမားသမဂ္ဂ မရှိသေးတာပါပဲ။
"သူတို့စက်ရုံမှာက သမဂ္ဂမရှိဘူး။ သမဂ္ဂမရှိတော့ရှေ့ကနေဦးဆောင်ညှိနှိုင်းပေးမဲ့သူမရှိတော့ ပိုဆိုးတာပေါ့။ ဦးဆောင်တဲ့သူထွက်ဆိုရင်လည်း ဖမ်းခံရမှာတို့အလုပ်ထုတ်ခံရမှာတို့ကြောက်တော့ ဘယ်သူကမှမထွက်ဘူးလေ။ အဲ့တေ့ာအလုပ်ရှင်ကကြိုက်ပြီပေါ့။ ဖြစ်တယ် ပြေလည်သွားတာမရှိဘူး ဒီအတိုင်းပဲပြီး သွားတာ"လို့ ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။
လုပ်ငန်းခွင်ထဲက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပါက ယခင်က စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်ကြပါတယ်။ ယခုလိုကာလအတွင်း စက်ရုံထဲမှာ အလုပ်သမားသမဂ္ဂမရှိပါက အလုပ်ရှင်ဟာ အလုပ်သမားများကို ကြက်ကလေး၊ ငှက်ကလေးလို စိတ်ရှိတိုင်း ရိုက်သတ်နေဦးမှာပါပဲ။
အဆိုပါစက်ရုံတစ်ရုံလုံးကအလုပ်သမားအားလုံးဟာ ပြီးခဲ့တဲ့ဇွန်၁၀ရက်နေ့က အခြေခံလစာတိုးပေးဖို့အတွက် ဒေးကြေးတိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ရာ အလုပ်ရှင်က ဒေးကြေး ၇၅၀၀ကျပ် OT ၂၀၀၀ ကျပ်နဲ့သဘောတူညီခဲ့တယ်လို့သိရပြီး စာချုပ်ထွက်မလာခဲ့ဘဲ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
နောက်နေ့မှာ Day ကြေးတိုးလာတာမဟုတ်ဘဲ ထောက်ပံ့ကြေး အဖြစ် လက်မှတ်လိုက်ထိုး ခိုင်းတာကြောင့် အလုပ်သမားအချို့လက်မှတ်ထိုးတာရှိသလို လက်မှတ်မထိုးတဲ့အလုပ်သမားတွေလည်းရှိနေတယ်လို့အလုပ်သမားများထံမှ သိရှိရပါတယ်။
အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂမရှိဘဲ အလုပ်သမားများသာတောင်းဆိုခဲ့ကြတာဖြစ်လို့ ဦးဆောင်ညှိနှိုင်းဖို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်မရှိတဲ့အပေါ်အခွင့်ကောင်းယူကာ အလုပ်သမားတွေရဲ့တောင်းဆိုမှုများကို အလုပ်ရှင်ကနားလှည်ပါးရိုက်ညှိနှိုင်းခဲ့ပြီး တောင်းဆိုချက်လိုက်လျောတယ်လို့ဆိုခဲ့ပြီးမှ စာချုပ်မချုပ်ဆိုဘဲ ယခုလိုလုပ်တာဖြစ်တယ်လို့ အလုပ်သမားရေးဆောင်ရွက်သူများက ဆိုပါတယ်။
အဲ့ဒီလိုတောင်းဆိုမှုတွေပြုလုပ်ခဲ့ပြီးနောက် အလုပ်သမားတွေဟာ စက်ရုံအတွင်းမှာ ဘယ်အလုပ်သမားကဦးဆောင်လဲဆိုပြီး စောင့်ကြည့်ခံနေရတာတွေရှိနေသလို စက်လိုင်းအတွင်းစည်းကမ်းတင်းကြပ်မှုတွေကိုပါ လုပ်ဆောင်ခံနေရတာတွေရှိနေပြီလို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် မှတ်ပုံမတင်ထားတဲ့ အလုပ်သမားသမဂ္ဂများ၊ အဖွဲ့ချုပ်များကို မတရားအသင်းအဖြစ် ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးတာတွေ၊ ဝရမ်းထုတ်တာတွေလည်း ဆက်တိုက်ရှိလာခဲ့သလို အဆိုပါစက်ရုံကလည်း အလုပ်သမားတွေကို သပိတ်မှာမပါ၀င်ဖို့နဲ့ဆန္ဒမပြဖို့ တင်းကြပ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ ပြဿနာတစ်ခုခုပေါ်လာရင် အလုပ်ရှင်၊ အလုပ်သမား စုံညီဖြေရှင်းဖို့ Workplace Coordination Committee (WCC) အဖွဲ့ဖွဲ့စည်းထားပေမဲ့ Kingsrich (Myanmar) အပါအဝင် စက်ရုံအများစုမှာ WCC ဆိုတာဟာ အလုပ်ရှင်ရဲ့ လက်ကိုင်တုတ်သာဖြစ်နေပါတယ်။
Kingsrich (Myanmar) အထည်ချုပ်စက်ရုံက WCC ဟာအလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ထက် အလုပ်ရှင်အတွက်ယန္တရားတစ်ခုအနေနဲ့သာ တည်ရှိနေတာပါ။
အလုပ်သမားတစ်ဦးချင်းအနေနဲ့ စက်ရုံတွင်းက မတရားမှုတွေကို ထုတ်ဖော်ဝေဖန်ဖို့၊ အခွင့်အရေးတွေတောင်းဆိုဖို့ အလုပ်ရှင်ဘက်က အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်လိုက်ဖို့ အသင့်ဖြစ်နေပါတယ်။
အလုပ်သမားတွေရဲ့ စုစည်းမှုအားနဲ့ သမဂ္ဂရှိမှသာလျှင် လုပ်ငန်းခွင်က အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းရာမှာ ထိရောက်နိုင်မှာဖြစ်ပါတယ်။
အလုပ်သမားသမဂ္ဂရှိမှသာလျှင် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးတွေအတွက် အသံထွက်ကာကွယ်ပေးနိုင်မှာပဲဖြစ်သလို အလုပ်ရှင်ကလည်း အလုပ်သမားသမဂ္ဂကိုတော့ အေလးမထားဘဲ နေလို့မရပါဘူး။ စက်ရုံတစ်ရုံမှာ အလုပ်သမားထုကိုကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂရှိတယ်ဆိုရင် အလုပ်သမားတွေအတွက် အားအင်တစ်ခုပါပဲ။
" ပြဿနာက သမဂ္ဂမရှိဘူး။ ဦးဆောင်ညှိနှိုင်းပေးမဲ့သူမရှိဘူး"လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။