ကိုကြီးကျော်ရေ..
မေသူတို့ မြန်မာနိုင်ငံရဲ့ ဒီနှစ် နိုဝင်ဘာလက ထူးဆန်းတယ်နော် ။ ဆောင်းအဝင်မှာ ရွာတဲ့ မိုးကြောင့် အအေး ပိုနေရောပဲ နော်။ တနိုင်ငံလုံးအနှံအပြားမှာ မိုးနှောင်းကာလ ရောက်မှ ရန်သူမျိုးငါးပါးထဲက ရေဘေးထပ် ကြုံရပြန်တယ်။ လူကြီးတွေ ပြောနေတဲ့ ကပ်ကာလကြီးထဲက ဘယ်တော့ လွတ်မလဲ မသိဘူး ကိုကြီးကျော်ရေ..။
ဒါကြောင့် ကိုကြီးကျော်ကို အမြဲ ကျန်းမာရေး ဂရုစိုက်ဖို့ သတိပေးရတာ။ မေသူတို့ကတော့ ကျန်းမာရေး ဂရုစိုက် ဖြစ်တယ်။ ဘာလို့ဆို သားပဲ နှစ်ယောက်မွေးထားတော့ သူတို့ အနာဂတ်အတွက် ညီမတို့ ကြိုးစားရဦးမယ်။ ညီမတို့လည်း ကျန်းကျန်းမာမာ နေပေးရမယ် ကိုကြီးကျော်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခုကာလက အတော်ခက်ခဲကြတယ် ။ အရင်က ပေါများတယ်ဆိုတဲ့ ဂလူးဂိုစ့်လို ဆေးတောင် ရှားပါးနေတယ် ၊ ကျန်တဲ့ဆေးတွေ အကြောင်း မပြောပါနဲ့ ကိုကြီးကျော်ရေ ။
မြန်မာနိုင်ငံသား တွေ အဖြစ်များတဲ့ သွေးတိုး၊ ဆီးချိုဆေးတွေဆို ရှားပါးပြီး ၊ ဈေးတွေ ခေါင်ခိုက်နေတယ်။ ဒါက ညီမ ကိုယ်တိုင် ကြုံတွေ့ ရတဲ့ အဖြစ်တွေပဲ ။ ဆေးရုံမှာ ဆရာဝန်နဲ့သွားတွေ့တော့ လူနာအချင်းချင်း ပြောဆိုနေကြတာတွေ ကြားရရင် နိုင်ငံထဲက ထွက်ပြေးချင်ပေါက်သွားမယ် ကိုကြီးကျော် .... ။
ဆေးရုံ ဝန်ဆောင်ခတွေဆိုတာ တလနဲ့ တလ မတူဘူး။ တဖြေဖြေး နဲ့ စရိတ်တွေ တက်နေတာ။
ဆေးရုံဆေးခန်း တွေရဲ့ ဝန်ဆောင်ခတက်တာလည်း အပြစ်တော့မဟုတ်ဘူး ကိုကြီးကျော်။
လျှပ်စစ်ခ၊ ဒီဇယ်ဈေးတွေကိုလည်း ပြန်ကြည့်ရမယ်လေ နော်။
ကိုကြီးကျော်ရေ..
ပြောချင်တာ လူမှုဖူလုံရေး အကြောင်းပါ ။ အောက်တိုဘာလထဲ မှာ လူမှုဖူလုံရေး သတင်းတပုဒ်ကို Myanmar Labour News မှာတွေ့လိုက်ရတယ် ကိုကြီးကျော်။ သတင်းဖတ်ပြီးတော့လည်း အဲဒီ အမျိုးသမီးအတွက် ကိုယ်ချင်းစာပြီး ဝမ်းနည်းရတယ်။
သူဆို ၁၀ နှစ်ကျော်တောင် လူမှုဖူလုံရေးကြေး သွင်းထားတာ ၊ ခံစားခွင့်တွေလည်း များမှာ။ ပြီးတော့ လှိုင်သာယာက ဆိုတော့ အတွေ့အကြုံများတဲ့ ရုံးပဲ ။ တခုခု လွဲချော်နေတယ်လို့တော့ ညီမ မြင်တယ် ကိုကြီးကျော်..။
တကယ်ဆို အဲဒီ အမျိုးသမီး အလုပ်လုပ်နေတဲ့ စက်ရုံက HR တွေက တာဝန်ယူပေးရမှာ။ အမျိုးသမီး အချင်းချင်း ကိုယ်ချင်းစာတရားနဲ့ ကူညီနိုင်ရင်တော့ ကောင်းတယ်ပေါ့။ အခုလို ခေတ်ကာလမှာ အရာရာတိုင်းက ကုန်ကျ စရိတ်ကြီး နေတာ.. ကိုကြီးကျော် ။
ရုံးပိုင်းကလည်း အကျိုးခံစားခွင့်လာထုတ်ရင် ရှင်းရှင်းလင်းလင်းပြောပြပေးရင် ကောင်းတယ်။ ဝန်ထမ်းတွေက သူတို့ ဘာသာ သူတို့ ဖောင်ဖြည့် ပြီးတော့၊ အလုပ်သမားတွေက ဘာဆက်လုပ်ရမှန်းမသိနဲ့ ။ ပြီးစီးလား မပြီးဘူးလားလည်း မသိရ ။ လျှောက်လွှာ လာတင်တဲ့သူကို ဝန်ထမ်းတွေက သိပ်ဂရုမစိုက်ကြပေမဲ့၊ ငွေလာ ထုတ်တဲ့ အလုပ်သမားတွေကိုတော့ သူတို့ ဝန်ထမ်းတွေက ဂရုစိုက်ကြပါတယ်.. ကိုကြီးကျော်။
သတင်းထဲက အတိုင်းဆို မီးဖွားခွင့်တင်ထားတဲ့ အလုပ်သမားအမျိုးသမီးက ထောက်ပံ့ကြေးမရတော့ ၊ စာရွက်စာတမ်း အထောက်ထားတွေ ပြန်ပေးဖို့တောင်းတာကို ဖူလုံရေးရုံးမှာ မရှိတော့ဘူး ၊ ပျောက်သွားပြီလို့ အလွယ်ပြောတာလည်း လက်လွတ်စပယ် နိုင်လွန်းတယ် ။ ဒါက ပြည်သူ့ ဘဏ္ဍာ လစာစားနေတဲ့ ဝန်ထမ်းက အလုပ်သမားတွေကို စော်ကားတာပဲ ကိုကြီးကျော် ။
အဲဒီဝန်ထမ်းကပဲ မီးဖွားခွင့်ထောက်ပံ့ကြေး ပိုက်ဆံကို ရုံးကို ခဏခဏလာမတောင်းနဲ့၊ ပိုက်ဆံရရင် ဖုန်းဆက်မယ် ဆိုပြီး ပြောသေးတယ်နော်။ အလုပ်သမားတွေအပေါ်ဆက်ဆံတာ မောက်မာနေကြတာ ၊ ကိုယ်ချင်းစာစိတ် နည်းကြတာတွေလေ ကိုကြီးကျော်။
မြန်မာပြည်သူတွေက ရုံးပိုင်းဆိုင်ရာကိစ္စတွေ ဝေးကွာတယ်။ ကျွမ်းကျင်မှုလည်း နည်းတယ်။ မေးမြန်းတာ၊ စုံစမ်းတာနဲ့ ပညာအခြေခံနည်းတဲ့ အလုပ်သမားတွေဆို အခက်ခဲတွေလည်း ရှိကြတယ် ။
ညီမအမြင် မြန်မာနိုင်ငံက ပြည်သူ့ဝန်ဆောင်မှု ဌာန မှန်သမျှ ပြည်သူပြည်သားတွေကို ဂရုတစိုက် ဆောင်ရွက် ပေးရင် သတင်းထဲက အမျိုးသမီးလို နစ်နာမှုတွေ မရှိနိုင်ဘူးလို့ မြင်တယ် ကိုကြီးကျော်။
ကိုကြီးကျော်ရေ..
လူမှုဖူလုံရေးရုံး ခက်ခဲတဲ့ ကိစ္စတွေထဲ အကျိုးခံစားခွင့်ထုတ်တာပဲ ဘယ်အချိန် ဘယ်ကာလမှ ရမယ်ဆိုတာ မသိရတာက အဓိက အကျဆုံးပဲ ကိုကြီးကျော်။
ညီမ ပထမ ကလေးမွေးတုန်းကဆို ၃ လကျော် စောင့်လိုက်ရတယ်။
တနေ့က စက်ရုံထဲက အလုပ်သမား မောင်လေးရဲ့ အမျိုးသမီးဆို ကလေး ၈ လသားရောက်နေပြီ အခုအထိ မရသေးဘူးတဲ့ ကိုကြီးကျော်ရေ...။
ဘာတွေလွဲချော်နေလဲ ဘယ်လို အာဂတိတွေ ရှိနေလဲ ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြလိမ့်မယ်။
ကိုကြီးကျော်...
လူမှုဖူလုံရေးဆေးခန်းတွေမှာ ခွင့်ယူမယ်ဆို ခက်ခဲတာတွေ ရှိတယ်။
ဘယ်လိုခက်ခဲလဲဆိုရင် ဖျားရင် ဘယ်နှစ်ရက် ၊ ဘယ်လို ဒဏ်ရာဆို ဘယ်နှစ်ရက် ပုံသေနည်းနဲ့ သတ်မှတ် ထားသလို ပဲလို့ အလုပ်သမားတွေက ပြောတယ်။ ပြင်ပဒဏ်ရာ ထင်ထင်ရှားရှား ရှိနေရင် မခက်ခဲပေမဲ့ ဒဏ်ရာမရှိတဲ့ ဖျားနာတဲ့ကိစ္စမှာတော့ ပေးတဲ့ ခွင့်ရက်က မလုံလောက်ကြဘူးလို့ ပြောကြတယ် ကိုကြီးကျော်..။
စက်ရုံအလုပ်ရုံတွေနဲ့ ချိတ်ဆက်ထားတဲ့ လူမှုဖူလုံရေးဆေးခန်းတွေကနေ ခွင့်ယူဖို့ ဆိုရင် ခွင့်မရတာတို့ ခက်ခဲတာတို့လည်း ကြုံကြတယ် ကိုကြီးကျော်...။
အလုပ်သမားတွေက အကြောင်းကြောင့် အလုပ်ပျက်ရ၊ ခွင့်မရနဲ့ ၊ ခန္ဓာကိုယ်ရဲ့ အင်အားကို အဓိက အသုံးပြု နေရတယ်ဆိုပေမဲ့ လုပ်ငန်းခွင် ဖိအားဒဏ် ၊ စိတ်ဒဏ်ရာတွေလည်း ရှိကြမှာ။ တရက်နဲ့ နှစ်ရက် ပေးနားဖို့ လိုတာပဲလေ။
ကိုကြီးကျော်ရေ..
ညီမ အိမ်ထောင်မကျမီကတည်းက စက်ရုံမှာ အလုပ်သမား တဦး အနေနဲ့ လုပ်ကိုင်ခဲ့တာ အခုအထိပဲ လုပ်သက်ပဲ ၁၂ နှစ်ကျော်နေပြီ ။ ကလေးတောင် နှစ်ယောက် ရနေပြီ ။ စက်လိုင်းထဲကနေ အခု HR မန်နေဂျာ အဆင့်တောင် ရောက်လာပြီ ။ ဒါကြောင့် လူမှုဖူလုံရေးရုံးတွေ ဆေးခန်းတွေ ဆိုတာ အကြိမ် မရေတွက်နိုင်အောင် ရောက်ခဲ့ပြီးပြီ။
နှစ်ပေါင်းများစွာ လူမှုဖူလုံရေး ထည့်ဝင်တယ်ဆိုတာ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်တွေ သက်သာချင်လို့ပဲ ကိုကြီးကျော်ရေ ။ အရင်တုန်းကဆို ညီမလည်း အဲ့ဒီကိစ္စတွေ ဘာမှကို မသိခဲ့တာ။ ဘာကြောင့် ထည့်ဝင်ရသလဲ ဆိုတာတောင် မသိခဲ့ဘူးလေ..။
အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးတွေများတယ်လေ၊ မွေးဖွားမှုကိစ္စတွေလည်းများတယ် ။ နောက် ဆေးခွင့် ဆိုတာကလည်း လူမှုဖူလုံရေးဆေးခန်းတွေရဲ့ ထောက်ခံချက်တွေရှိမှ ပေးရတာလို့ စက်ရုံနဲ့ အလုပ်ရုံတွေက မှတ်ထင် နေတာတွေလည်း ရှိကြတယ်။
လူမှုဖူလုံရေး ဥပဒေအရဆိုရင် အကျိုးခံစားခွင့်အတွက် အလုပ်သမားတွေကလည်း လစဉ် ထည့်ရသလို အလုပ်ရှင် တွေ ကလည်း ထည့်ဝင်ရတယ် ။
ဒီနေရာက စပြီး ပြောစရာတွေရှိလာပြီ ကိုကြီးကျော် ။
ညီမ HR ဝန်ထမ်း ဖြစ်စကပေါ့။ စက်ရုံတရုံမှာ လိုင်းစာရေးမဘဝကနေ HR မန်နေဂျာ လက်ထောက်အနေနဲ့ အလုပ်ဝင်ခဲ့ရတယ်။ အဲ့မှာ စက်ရုံအလုပ်သမားတွေနဲ့ ထိတွေ့ဆက်ဆံတယ်။ အလုပ်သမားဘဝက လာတာ ဆိုတော့ သူတို့နဲ့လည်း တော်တော်လေး ရင်းနှီးကြတယ်။
တရက်မှာတော့ တယောက်က စပြီးပြောတယ်။ သူတို့ စက်ရုံမှာ အလုပ်လုပ်နေတာ ၂ နှစ်ကျော်လာပြီး လူမှုဖူလုံရေးကတ် မရသေးတဲ့ အကြောင်းပြောတယ်။
ညီမလည်း အံဩမိတယ်...။
ဒီလိုကတ်တွေ လုပ်ကိုင်ရတာက အရမ်းမကြာပါဘူး။ ရုံးတွေဘက်ကလည်း အထောက်အထားစုံရင် မြန်မြန် ဆန်ဆန် လုပ်ပေးပါတယ်။ HR မန်နေဂျာကို မေးကြည့်တော့လည်း အလုပ်များနေလို့ မလုပ် ဖြစ်သေးတာလို့ ပြောလာတယ်။ သူ့ကြည့်တော့လည်း ထိုင်နေတာက များနေတာကိုး။ ပြီးတော့ ထူးခြားတခု ရှိသေးတယ်။ အဲဒီ လူမှုဖူလုံရေးကတ်စာရင်းကို ညီမကို ပေးမကိုင်ဘူး။ HR မန်နေဂျာပဲ သိမ်းထားတယ်။
ဒါ့အပြင် ထူးဆန်းနေတာက ရှိသေးတယ် ကိုကြီးကျော်..။
လူမှုဖူလုံရေးရုံးကဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း ၂ လတခါလောက် စက်ရုံကို ရောက်လာကြလေ့ ရှိတယ်။ ရောက်လာတာနဲ့ HR မန်နေဂျာက စာအိတ်လေးတွေနဲ့ စက်ရုံက ထွက်တဲ့ အင်္ကျီကို အထုတ်ထဲ စုထည့် ပေးလိုက်တာကို တွေ့ရတယ်။
အဲလိုနဲ့ နေ့တနေ့မှာတော့..။
စက်ရုံက အလုပ်သမား ၅၀၀ ကျော်မှာ လုပ်သား ၂၀၀ ကျော်လောက်က လူမှုဖူလုံရေးကတ်တွေ မရှိဘူး ဆိုတာကို သိလိုက်ရတယ် ... ကိုကြီးကျော်ရေ.။
ဖြစ်ပုံက ...
လူမှုဖူလုံရေးရုံးက ပုဂ္ဂိုလ်က တဦးတည်း စက်ရုံကို ရောက်လာပြီး ကတ်မလုပ်ရသေးတဲ့ အလုပ်သမားတွေကို လုပ်ဖို့ လာပြောတယ်။ ထုံးစံအတိုင်း လက်ဆောင်ထည့်ပေးပြီး ပြန်လွတ်တယ်။ ညီမလည်း HR မန်နေဂျာကို မေးကြည့်တော့ အလုပ်သမား ၃၅၀ ပဲ လူမှုဖူလုံရေးကြေး ပေးသွင်းနေတယ်။ အဲဒီအတွက်ပဲ စက်ရုံဘက်က အချိုးကျထည့်ဝင်နေတယ်။ ကျန်တဲ့ ၁၅၀ ဆီကတော့ လစဉ် လူမှုဖူလုံရေးကြေး ပုံမှန် ဖြတ်တယ်။ ဒါပေမဲ့ လူမှုဖူလုံရေးရုံးကို ပေးသွင်းမရှိဘူးတဲ့ ကိုကြီးကျော်။
ဒီလိုဆိုရင် စာရင်းမဝင်သေးတဲ့ အလုပ်သမားတွေ ကျန်းမာရေးကိစ္စတွေနဲ့ ကြုံလာရင် ဘယ်လို ဖြေရှင်းကြမလဲ ။ ကိုကြီးကျော်ရေ.. အဲလို အဂတိတွေက စက်ရုံ အများအပြားမှာ ရှိနေတာ။
အလုပ်သမားတွေကို သုံးလအစမ်းခန့်ပြီး အလုပ်ထုတ်တဲ့ စက်ရုံတွေမှာဆို အလုပ်သမားတွေ လစဉ်ပေးသွင်းနေတဲ့ လူမှုဖူလုံရေး ကြေးနဲ့ပဲ ငါးကြင်း ဆီနဲ့ ငါးကြင်းကြော်လို့ ရနေပြီ ကိုကြီးကျော်။
ကိုကြီးကျော်ရေ....
အလုပ်သမားတွေကတော့ ငွေ သုံးထောင်လောက် ကို လစဉ် ထည့်ဝင်နေရတယ်၊ ဝန်ကြီးဌာနက အတိုးအညွှန့် ရတယ်၊ စက်ရုံပိုင်ရှင်က ထည့်ဝင်ကြေးသက်သာတယ်၊ စက်ရုံ ရုံးပိုင်းဝန်ထမ်းတွေနဲ့ ဝန်ကြီးဌာန ဝန်ထမ်းတွေရဲ့ အဂတိတွေ ကြားမှာ တရားဝင်ခံစားခွင့်ကိုတောင် လက်လွှတ်ဆုံးရှုံးနေရတယ် ကိုကြီးကျော်..ရေ။
ညီမတို့ အလုပ်သမားတွေကို ဘာတွေ နစ်နာနေလည်းလို့မေးရင် ဥပဒေပါ အခွင့်အရေးတွေကို ဝန်ကြီးဌာနကအစ မပေးပါဘူးလို့ပဲ ဖြေလိုက်တော့မယ်....
ဒီနှစ်တော့ အအေးပိုတော့မယ်ထင်တယ်.... အရာရာဂရုစိုက်ပါ ကိုကြီးကျော်..။
ခင်တဲ့ ....
မေသူ