ARTICLE

ညီမမေသူ သို့ ပြန်စာ - ၁

CoverLogo
228 Views

လုံခြုံတဲ့ လုပ်ငန်းခွင်၊  ကျန်းမာရေးနှင့် ကိုက်ညီတဲ့ အလုပ်ချိန် နဲ့ ဘဝလုံခြုံတဲ့ အာမခံ စနစ်တွေရရှိဖို့ မျှော်လင့်

(ပြန်စာ)

ညီမ မေသူ

ကိုကြီးကျော် နေထိုင်ကောင်းပါတယ်။ ပေးစာတွေ ဖတ်ဖြစ်တယ် ။ အလုပ်တွေနဲ့ ဆိုတော့ စာတွေမပြန်ဖြစ်တာ ညီမ မေသူရေ..။

အသက်တွေရလာတော့ ခန္ဓာကိုယ်မှာ ယိုယွင်းတာတွေတော့ ရှိတာပေါ့။ ပုံမှန်အားဖြင့်တော့ ကျန်းမာတယ်လို့ ပြောနိုင်ပါတယ်။

ရာသီဥတု မမှန်တဲ့ ကြားကပဲ စားဝတ်နေရေးလည်း ရုန်းကန်နေရပေမဲ့ ညီမ သတိပေးထားသလို ကျန်းမာရေး  ဂရုစိုက်ဖြစ်ပါတယ်။

ညီမ မေသူရေ...

အခုဆိုရင် အလုပ်သမားတွေမှာ စားဝတ်နေရေးအတွက်  ကျန်းမာရေး ဂရုစိုက်ဖို့ နေနေသာသာ သူ့တို့ ကျန်းမာရေး ထိခိုက်ခံပြီးတောင် လုပ်ကိုင်နေရတာ မလား။ တရက်အလုပ်ချိန် ၈ နာရီ  တပတ် အချိန်ပို နာရီ ၂၀ ပဲ လုပ်ကိုင်ရမယ်ဆိုတဲ့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်က အခုလို ခေတ်မှာ အလုပ်သမားတွေအတွက် အိမ်မက်လိုပဲ ညီမ။

အလုပ်သမားတွေက ငယ်ရွယ်တဲ့ အချိန်မို့ လုပ်နိုင်တယ်လို့ မထင်နဲ့ ညီမ။ ခန္ဓာကိုယ်ဆိုတာ မနိုင်ဝန်ကို ထမ်း ထားလို့ အရွယ်မတိုင်မီ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ဖြစ်လာမှာကို ကိုကြီးကျော် စိုးရိမ်တယ်။ ဒါက ရေရှည် အတွက် စိုးရိမ်တာ။ ရေတို ကိစ္စတွေလည်း ရှိသေးတယ်။ နောက်တော့ အဲ့အကြောင်းတွေ ပြောဦးမယ်။

ညီမ မေသူ...

Zhong Xin Whang  အထည်ချုပ်စက်ရုံမှာ ဓါတ်လိုက်လို့ ပြင်းထန် ဒဏ်ရာတွေ ရခဲ့တဲ့ အလုပ်သမား မနေ့ကပဲ အသက်ဆုံးသွားတယ် ညီမ။ ဓါတ်လိုက်တဲ့ သတင်းကို ညီမလည်း ဖတ်လိုက်ရမှာပါ ။ ဆုံးတာကတော့ ကုသမှု ခံယူနေတဲ့ အင်းစိန်ဆေးရုံမှာပဲ ။  

အဲဒီ အလုပ်သမားကောင်လေးက ပုသိမ်နယ်ကဆိုတော့ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားတယောက်ပဲ  ညီမ။ အဲ့ဒီ စက်ရုံမှာ အလုပ်လုပ်တာက ၆ လကျော်ပဲ ရှိသေးတယ်။

အဲဒီ အလုပ်သမားတွေက နိုဝင်ဘာ ၇  ရက် မနက်ပိုင်းမှာ ဓါတ်လိုက်ခံရပြီး မတော်တဆမှု  ဖြစ်ခဲ့တယ်။ သူက အဲဒီ စက်ရုံ ဂိုဒေါင်ဌာနက အလုပ်သမားတဦး ။ ဒါပေမဲ့ လစာက သုံးသိန်းကျော် လေးသိန်း ဝန်ကျင်ရနေတာ ဆိုတော့ လုပ်သက်နည်းပေမဲ့ အတွေ့အကြုံရှိတဲ့ အလုပ်သမားတဦး လို့ ကိုကြီးကျော် ယူဆတယ်။

ဖြစ်တာကတော့ သတင်းမှာ ပါတဲ့အတိုင်းပဲ ကွန်တိန်နာပေါ် ကနေ ဓါတ်ကြိုးမြှောက်ပေးရင်း ဓါတ်လိုက်ခံ လိုက် ရတာ ။ ဒဏ်ရာတွေကတော့ အများကြီးပဲ။ Tiktok လူမှုကွန်ရက်မှာလည်း သူကို ကွန်တိန်နာပေါ်ကနေ ချနေတဲ့ ဗွီဒီယိုဖိုင် တွေ့လိုက်ရတယ် ။

ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမားက အဲဒီစက်ရုံမှာ နေ့စားလုပ်သက် ၅ လ လုပ်ထားရတယ်။  အမြဲတမ်းခန့် အလုပ်သမားအနေနဲ့ လုပ်သက် ၁ လ ပဲ ရှိသေးတယ်လို့ သိရတယ် မေသူ ... ။

အသက်ဆုံး သူအတွက် ကိုကြီးကျော်တို့လည်း ဝမ်းနည်းရတယ်။ နိုင်ငံအတွင်းမှာ လုပ်အားခ ဈေးပေါတယ် ဆိုပြီး ရင်းနှီးမြှုပ်နှံကြတယ်၊ ဒါပေမဲ့ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ လုံခြုံမှုတွေ မပေးကြဘူး။ ဒါကို အခု အသက် ဆုံးရှုံးမှု မှာ ရှင်းရှင်းလင်းလင်း တွေ့ရတယ် ညီမလေးရေ.. ။

ရန်ကုန်မြို့က စက်ရုံတွေ အလုပ်သမား ဥပဒေတွေကို လိုက်နာနေလား မလိုက်နာနေဘူးလား ဆိုတာ ဒီကိစ္စမှာ ဆန်းစစ် ကြည့်ရတော့မယ်။

ညီမ မေသူရေ..

ကိုကြီးကျော်တို့ နားလည်သလောက်ဆိုရင် ၊ အလုပ်သမားဥပဒေအရဆိုရင် အစမ်းခန့်ကာလက ၃ လပဲ သတ်မှတ် ထားတယ် ။

အဲ့ဒီအစမ်းခန့်ကာလဆိုတာလည်း လုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင် လည်ပတ်နိုင်ဖို့ သင်ကြားတဲ့ ကာလလို့ နားလည်တယ်။ ဒီ ၃  လ ကျော်လွန်ပြီဆိုတာနဲ့ အမြဲတမ်းဝန်ထမ်းဖြစ်လာတယ်။ ဒါကိုပဲ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေက အသုံးချကြတယ်။ အဲဒီကာလမှာ လစာရဲ့ ၇၅ ရာခိုင်နှုန်းပဲ ပေးတယ်၊ ခိုင်းတယ်။ အာဏာသိမ်းပြီး တနှစ်ကျော်အထိ အထည်ချုပ်စက်ရုံတွေမှာ အစမ်းခန့်ဆိုပြီး တရက် ၃၆၀၀ ပဲ ရတဲ့ အလုပ်သမားတွေ ရှိခဲ့တာ ညီမမေသူ သိလိမ့် မယ်။

ဒီအသက်ဆုံးခဲ့တဲ့ အလုပ်သမားလေးကို နေ့စားလို့ စက်ရုံဘက်က သုံးနှုန်းပြီး နေ့စားလုပ်သက် ၅ လဆို ပြီး ပြော ထားတယ်။ ဒါဆိုရင် လုပ်သက် ၃ လအကျော်မှာ ဘာလို့  အမြဲတမ်းခန့် အလုပ်သမားလို့ မသတ်မှတ်တာလဲ။

ဒီလို မသတ်မှတ်ခဲ့လို့ အခုလို လုပ်ငန်းခွင် ထိခိုက်မှုတွေ ဖြစ်ခဲ့ရင် နစ်နာခဲ့သူတွေက အလုပ်သမားတွေပဲ ဆိုတာ ထင်ထင်ရှား တွေ့ရမယ် မေသူ။

နေစား၊  လစား အလုပ်သမားတွေကို လူမှုဖူလုံရေး ဥပဒေမှာ အခုလို အဓိပ္ပါယ်ဖွင့်ထားတယ် ညီမလေး မေသူ ။

“အလုပ်သမား ဆိုသည်မှာ လုပ်ငန်းဌာန တစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကို အသုံးပြုပြီးလုပ်ကိုင်၍ ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကျောင်း မှုပြုနေသူကိုဆိုသည်။ ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သင်များ၊ ပညာသင်များလည်းပါဝင်သည်” လို့ ဥပဒေမှာ ရေးထားတယ် ။

ကို‌ကြီးကျော်တို့ နားလည်သလောက်ဆိုရင် အစမ်းခန့်နေ့စားပဲ ဖြစ်ဖြစ် ၊ အမြဲတမ်းခန့် အလုပ်သမားပဲ ဖြစ်ဖြစ် အလုပ်သမား ပဲ ဖြစ်တယ်။ ဒီအတွက်နဲ့ အလုပ်သမားတွရရှိမဲ့ အခွင့်အရေးတွေကို ဘာမှ ခွဲခြားထားတာ မရှိပါဘူး ။

အလုပ်သမားတဦးက စက်ရုံထဲမှာ အလုပ် လုပ်ပြီဆိုတာနဲ့ ၁၀ ရက်အတွင်း လူမှုဖူလုံရေးရုံးကို အကြောင်းကြား ရမယ် ဆိုတာကို နားလည်ထားတယ်။

ဒါပေမဲ့ ဒီ အသက်ဆုံးသွားတဲ့ အလုပ်သမားက လုပ်သက် ၆ လကျော် နေပြီဆိုပေမဲ့ လူမှုဖူလုံရေးသွင်းငွေက တလပဲ သွင်းထားလို့လည်း ကြားရတယ် ။ ဒါဆို အလုပ်ရုံနဲ့ လုပ်ငန်းရှင်တွေရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေကို လိုက်နာရဲ့လား ။ မေးခွန်း ထုတ်စရာ  ဖြစ်နေပြီ။ 

ညီမ မေသူ...

အကို့ အနေနဲ့ ညီမ HR မန်နေဂျာကို “မိချောင်းမင်း ရေခင်းပြ”သလို  ဖြစ်နေမလား မသိဘူး ။ နားလည်သလောက်လေး ပြောပြချင်သေးတယ် ။

အလုပ်သမားတွေအတွက် လူမှုဖူလုံရေးထည့်ဝင်ငွေဟာ ဖူလုံရေးစနစ်အကျုံးဝင်တဲ့ အာမခံအမျိုးအစားတွေ၊ သတ်မှတ်ထားတဲ့  အကျိုးခံစားခွင့်တွေရ ရှိဖို့  ထည့်ဝင်ရတာဖြစ်တယ် ။ ဒါကလည်း ကျန်းမာရေး၊ လူမှုရေးနဲ့ လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် အာမခံတွေ ဖြစ်ပါတယ်။

လူမှုဖူလုံရေးကြေးလို့ အလုပ်သမားတွေကြား အသိများတဲ့  ထည့်ဝင်ငွေဆိုတာ လစဉ် လုပ်ခလစာထဲက ၅ ရာခိုင်နှုန်း ထည့်ဝင်ရတယ် ။ အဲဒါက အလုပ်သမားတွေပဲ ထည့်ဝင်ရတာတော့ မဟုတ်ဘူး  ။ အလုပ်ရှင် ကလည်း ထည့်ပေးရတာ ညီမသိတယ်မလား ။

ဒီလိုကြောင့် စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားအရေအတွက် စာရင်းလျှော့ပြတဲ့ ကိစ္စတွေ ဖြစ်နေတယ်။ ဝန်ထမ်းတွေကလည်း  အဂတိ တွေနဲ့ နောက်ဆုံး နစ်နာသူက အလုပ်သမားတွေဆိုတာ ညီမလည်း သိနေတယ်။

တိုတိုပြောပြောရရင် လူမှုဖူလုံရေးမှာ အလုပ်ရှင်က ၃ ရာခိုင်နှုန်း ၊ အလုပ်သမားက  ၂ ရာခိုင်နှုန်း ထည့်ရမယ် ။ အဲဒီ ထည့်သွင်းငွေကနေ အကျိုးခံစားခွင့်အနေနဲ့ အာမခံစနစ် ၂ မျိုးကို ရရှိနိုင်တယ်လို့ ကိုကြီးကျော်တို့ သိထားတယ်။

တကယ်တော့ ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့လူမှုဖူလုံရေးဥပဒေအမှာ အာမခံအမျိုးအစား ၆ မျိုး ရှိပေမဲ့ အဲ့ဒီထဲက နှစ်မျိုးပဲ အကောင်အထည်ဖော် နိုင်သေးတယ်။ ကျန်တဲ့ အာမခံစနစ်တွေကိုတော့ အကောင်အထည် ဖော်နိုင်တာ မရှိသေးပါဘူး။ အခု ပေးသွင်းနေတဲ့ လူမှုဖူလုံရေးကြေးက အမျိုးအစား နှစ်မျိုး အကြုံးဝင်နေတယ် ညီမ ။

အဲဒီ နှစ်မျိုးကတော့ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုအာမခံစနစ် နဲ့  အလုပ်တွင် ထိခိုက်မှု အကျိုး ခံစားခွင့် အာမခံစနစ်တွေ ဖြစ်တယ် .. ညီမရေ ။

ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ ခံစားခွင့်ပေးထားတဲ့ အခြေအနေ ၁၀ မျိုးတယ်လို့ ဆို တယ်။ အဲဒီထဲမှာ ဆေးကုသမှုခံစားခွင့် ၊ မကျန်းမာမှု အကျိုးခံစားခွင့် ၊ မီးဖွားမှုအကျိုးခံစားခွင့် (မီးဖွားစရိတ်) ၊ ကိုယ်ဝန်ပျက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့် ၊ ၁နှစ်အောက် ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့် ၊ ဖခင် ဘဝဖြစ်မှု အကျိုးခံစားခွင့်(ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်)၊ အာမခံအလုပ်သမားများ ရဲ့မွေးကင်းစ ကလေး အား ၁နှစ်အထိ ဆေးကုသမှုခံယူခွင့် ၊ မည်သည့်အကြောင်းကြောင့်မဆိုသေဆုံးခြင်းအတွက် နာရေးစရိတ် ၊ ဆေးဖိုး ခရီးစရိတ်များ ပြန်လည်ထုတ်ပေးခြင်း ၊၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လပေါင်း ၁၈၀နဲ့အထက် ထည့်ဝင်ကြေးပေးသွင်းထားပြီသူများ ပင်စင်ယူတဲ့အခါ ဆေးကုသမှု ဆက်လက်ခံယူခွင့် စတဲ့အခြေအနေ ၁၀ ခု ဖြစ်တယ်။

နောက်ထပ် တခုက အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်  အာမခံစနစ်.. ညီမ။ ခံစားခွင့်ပေးထားတဲ့ အခြေအနေ တွေက ၃မျိုး ရှိတယ်။ အဲဒါတွေက ဆေးကုသမှု ခံစားခွင့် ၊ ယာယီ မသန်စွမ်းဖြစ်မှု၊ အမြဲတမ်း မသန်စွမ်းဖြစ်မှုတို့ အတွက် ငွေကြေးအကျိုးခံစားခွင့်၊  အလုပ်တွင်  ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ ငွေကြေး အကျိုး ခံစားခွင့်တွေ ပါ ညီမရေ။

ညီမရေ...

လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့သူ အလုပ်သမားတွေအတွက် ဝမ်းနည်းရတယ်။

ဒါပေမဲ့ ဒီမှာပဲ ရပ်နေလို့ မရဘူး ။ ရသင့်ရတိုက်တဲ့ နစ်နာကြေးတွေ၊ လူမှုဖူလုံရေး ခံစားခွင့်နဲ့ အာမခံအတွက် ရသင့် ရထိုက် တာတွေကိုလည်း ဥပဒေအတိုင်း ရဖို့လည်းလိုတယ်။  

ရဖို့ဆိုလို့ .....။

ညီမပြောတဲ့ ကိုယ်ဝန်ဆောင် အလုပ်သမားရဲ့ မီးဖွားစာရိတ် မရတာနဲ့ ပတ်သက်ရင်လည်း ဒီလိုပါပဲ။

အမျိုးသမီးချင်း ကိုယ်ချင်းမစာတာကတော့ ခွဲခြားဆက်ဆံမှု လို့ပြောနိုင်တယ်  ညီမ။

ဝန်ထမ်းနဲ့ အလုပ်သမား ဆိုတဲ့ အခေါ်အဝေါ်ကြားက ခွဲခြားဆက်ဆံမှုလို့တောင် ကိုကြီးကျော်က ပြောချင်တယ် ။ ဒီအကြောင်းတွေ ခဏထားခဲ့မယ် ညီမနော် ။

တကယ်ဆို ခံစားခွင့်ရှိတဲ့ အလုပ်သမားအမျိုးသမီးကို သေချာသေချာ နားလည်သဘောပေါက်အောင် လူမှုဖူလုံရေးရုံးက ဝန်ထမ်းဆိုသူတွေက ရှင်းပြပေးဖို့ လိုတယ်။

ဘယ်လို လိုအပ်ချက်ရှိလို့ မရသေးတာ၊ ဘယ်လို လုပ်ရင်တော့ ဘယ်အချိန်ဆိုရင် ရနိုင်တယ်။  ဘယ်လို အရာ တွေကို ပြင်ဆင်ထားဖို့လိုတယ်။ ပြောသင့်ပြောထိုက်တာ... ရှင်းပြသင့်တာကို ရှင်းပြပြီး... ဘယ်တော့ လောက်တော့ ရနိုင်တယ်.. ဖုန်းဆက်ပေးမယ်နော် ဆိုရင် ခံစားခွင့်ရှိတဲ့ အလုပ်သမားအတွက် ဖြေဆည် နိုင်တာပေါ့။

အခုတော့ ဆယ်နှစ်ဆိုတဲ့  လုပ်သက် တလျှောက် ပေးသွင်းလာတဲ့ လူမှုဖူလုံရေးကြေးကလည်း မနည်းနော ။ ခေတ်ကာလအရ မြင့်မားနေတဲ့ ပြုစုစောင့်ရှောက်ကုသမှု စရိတ်တွေကို ဖြေရှင်းဖို့အရေးကို မျှော်လင့်ချက် မဲ့အောင် ပြောဆိုခဲ့တဲ့ ဝန်ထမ်းကြောင့် မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးဥပဒေနဲ့ စနစ်ကို အယုံအကြည်မဲ့စေတယ် ညီမရေ...။

ညီမ မေသူရေ...

အလုပ်သမားတွေအတွက် လုံခြုံတဲ့ လုပ်ငန်းခွင်မှာ  ကျန်းမာရေးကို မထိခိုက်စေတဲ့ အလုပ်ချိန် နဲ့ ဘဝလုံခြုံတဲ့ အာမခံ စနစ်တွေရရှိဖို့  ကိုကြီးကျော် အမြဲဆုတောင်းပါတယ်။

ဒါမှလည်း ပျော်ရွှင်တဲ့ မိသားစုဘဝ ပိုင်ဆိုင်ကြမယ်။ ကုန်ထုတ်စွမ်းအားတွေ နဲ့ ထုတ်ကုန်တွေ တိုးတက်လာမယ်။ လုပ်ငန်းရှင်တွေ အကျိုးအမြတ်ရှိမယ်။ နိုင်ငံကလည်း ဖူလုံပြည့်စုံလာမယ်... ညီမရေ...။ ဒီလိုတော့ ဖြစ်စေချင် ပါတယ် ။

ဒီလတော့ ဒီလောက်ပဲ နော်..

နောက်လတွေ ဆက်ပြောကြဦးမယ်..။

ညီမတို့ မိသားစုလည်း အေးချမ်းပျော်ရွှင် လုံခြုံပါစေနော်...

ခင်တဲ့

ကိုကြီးကျော်

*ကိုးကား - လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေ လူမှုဖူလုံရေး အာမခံစနစ် ၂ မျိုး ခံစားခွင့် ရယူနိုင်- Mudra ( ၁၅ ဇူလိုင် ၂၀၂၄ Myanmar Labour News)

- လူမှုဖူလုံရေးဥပဒေ - https://www.myanmarlabournews.com/posts/၂၀၁၂-ခုနှစ်-လူမှုဖူလုံရေး-ဥပဒေ


Related posts

Cover
စစ်မှုထမ်းဥပဒေအကြောင်းပြ လစဉ်ငွေကြေးကောက်ခံနေလို့ ဒေသခံတွေအခက်ကြုံနေ
Jan 16, 2025
Cover
မီးဖိုချောင်သုံးဂတ်စ် ဝယ်ယူရေး အခက်အခဲရှိနေ
Jan 10, 2025
Cover
မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်ရန် အရပ်သားပြည်သူများအတွက် ဘေးကင်းလုံခြုံ သည့်နေရာများမရှိတော့ကြောင်း နိုင်ငံတကာက ထောက်ပြ
Jan 07, 2025
Cover
ဒုက္ခမြို့တော် (သို့) ရန်ကုန်
Jan 07, 2025
Cover
စစ်ကောင်စီက ရန်ကုန်ကိုလျှပ်စစ်မီးဖြတ်ထားပြီး ရေပါထပ်ဖြတ်
Jan 07, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
စစ်ကောင်စီရဲ့ညမထွက်ရအမိန့် တညတာ ပယ်ဖျက်မှုအပေါ် လူငယ်တွေယုံကြည်မှုမရှိဟုဆို
Dec 31, 2024
Cover
အဖမ်းအဆီးတွေကြောင့် အလုပ်သွားလာရေးအတွက် စိုးရိမ်သောကများနေရ
Dec 30, 2024