စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင်တွေထဲမှာ ပေါပေါများများ တွေ့လာရတာကတော့ အသက်မပြည့်သေးတဲ့ ကလေးလုပ်သား ခေါ် လူရွယ်လုပ်သားတွေပါ။
စားဝတ်နေရေး ခက်ခဲတာနဲ့ မိသားစုပြဿာနာတွေကြောင့် လုပ်ငန်းခွင်ထဲ ရောက်ရှိလာတဲ့ အဆိုပါ ကလေး လုပ်သားတွေဟာ လုပ်အားခခေါင်းပုံဖြတ်ခံရတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာနဲ့ ဥပဒေ အကာအကွယ် ရရှိမှုအားနည်းတာတွေကို ရင်ဆိုင်ကြရပါတယ်။
တိုင်းပြည်ရဲ့ လတ်တလော အခြေအနေ၊ မိသားစုအလိုက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကျပ်တည်းမှုတွေ ကြောင့် ကလေးလုပ်သားတွေခိုင်းစေတာနဲ့ ပတ်သက်ပြီး ထိန်းချုပ်လို့ မရနိုင်သေးပါဘူး။ အလုပ်သမားဝန်ကြီး ဌာနရဲ့ ဥပဒေတွေ၊ အမျိုးသားအဆင့် ကလေးလုပ်သားပပျောက်ရေးစီမံချက်တွေကလည်း စာရွက်တွေပေါ်မှာသာ ရှိတဲ့ ထုတ်ပြန်ချက်လောက်သာ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လုပ်ဆောင်ခဲ့ပါတယ်။
အစည်းအဝေးပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ မှာတော့ မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ ၅ နှစ်လုပ်ငန်း စီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ကော်မတီဝင်တွေက ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ မိသားစုတွေအတွက် ဒေသနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ဝန်ကြီးဌာနရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်ပြီးတော့ ထုတ်ပြန်ချက်အရတော့ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်တွေဟာ ၂၀၁၉ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာပါ။
ဒါပေမယ့် လက်တွေ့မှာ အလုပ်ဖြစ်ရဲ့လား ဆိုတာက ပြန်လည်မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြည်တွင်းမှာ ကလေးလုပ်သား အသုံးပြုတာတွေဟာ အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ကိုဗစ် ကာလအလွန်နဲ့ အာဏာသိမ်းပြီး နောက်ဆက်တွဲ အနေနဲ့ကတော့ ကလေးလုပ်သားတွေကို အရင်ကထက် လုပ်ငန်းခွင်တွေမှာ ပိုမိုမြင်တွေ့လာရပါတယ်။
လုပ်ငန်းခွင် ဝင်ရောက်နေရတဲ့ ကလေးသူငယ်တွေရဲ့ (၇၀) ရာခိုင်နှုန်းကျော်ဟာ မိသားစုငွေကြေး အခက်အခဲ ကြောင့် လုပ်ကိုင်နေရတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)က ကောက်ယူထားတဲ့ အစီရင်ခံစာမှာ ဖော်ပြဖူးပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းရလဒ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
"မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ကပ်ဘေးကြောင့် ကလေးအလုပ်သမား ၁ သန်းကျော်ရှိနေတဲ့အကြောင်း ILO က ထုတ်ဖော်ပြောဆိုထားသလို ဆင်းရဲမွဲတေမှုကြောင့် ကလေးတွေဟာလည်း လုပ်ငန်းခွင်ထဲ ရောက်လာတာဖြစ် တယ်"လို့ အတိအလင်း ထည့်သွင်းထားပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ခေတ်တစ်ခု ရဲ့ အခြေအနေကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။
လက်ဖက်ရည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ အိမ်အကူ အလုပ်သမားတွေအဖြစ် ကလေးလုပ်သားတွေကိုအသုံးပြုတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
“ကလေးက ပိုက်ဆံတွက်တာ လည်နေတာကို အနောက်က ကြည့်နေတဲ့ ဆိုင်ရှင်က ေ-ာက်သုံးကို မကျဘူးဆိုပြီး ခေါင်းခေါက်လိုက်တာများ ရင်ထဲဘယ်လို ဖြစ်သွားလဲတောင် မသိဘူး။ အခေါက်ခံလိုက်ရတဲ့ ကလေးကို ကြည့်လိုက်တော့လည်း မျက်ရည်လေးဝိုင်းလို့ စိတ်ထဲတော်တော်ကို အဆင်မပြေတာ” လို့ လက်ဖက်ဆိုင်တွင်းက ကလေးလုပ်သားတွေ တွေ့ကြုံနေရတဲ့ ကိုယ်ထိလက်ရောက် ဖြစ်စဉ်တစ်ခုကို မြင်တွေ့ခဲ့တဲ့ မသန္တာ (အမည်လွှဲ) ကပြောပါတယ်။
လုပ်ငန်းခွင်ထဲမှာ ကလေးလုပ်သားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေကတော့ ဆိုင်ပိုင်ရှင်တွေနဲ့ အသက်ပြည့်ပြီးတဲ့ အလုပ်သမားတွေထဲကဖြစ်ပြီး ဒီလိုအခြေအနေတွေကို တားဆီးပေးမယ့်သူလည်း မရှိပါဘူး။
ကလေးတွေကို ရိုက်နှက်ဆုံးမတာကို လမ်းစဉ်တစ်ခုလို ကျင့်သုံးနေတဲ့ ပတ်ဝန်းကျင်မှာတော့ အလုပ်သင်ကာလမှာတင် ကလေးငယ်တွေဟာ ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး သင်ကြားခံနေရပါတယ်။
ILO ရဲ့ စစ်တမ်းအရလည်း ကလေးသူငယ်အများစု မတော်တဆထိထိုက်ဒဏ်ရာရရှိတာ၊ အသေးစား ထိခိုက် ဒဏ်ရာရတာတွေ မကြာခဏဖြစ်လေ့ရှိပြီး ပွန်းပဲ့ဒဏ်ရာနဲ့ တိုက်မိဆောင့်မိတာကြောင့် ဖူးရောင်တာတွေလည်း ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
မတော်တဆထိခိုက်တာ ဖြစ်စေ၊ အလုပ်ရှင်ကြောင့် ထိခိုက်တာဖြစ်စေ ဒီလိုထိခိုက်မှုတွေဟာ လုပ်ငန်းခွင်ထဲမှာ ကလေးသူငယ်အခွင့်အရေး ကျူးလွန်ခံရမှု ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
ပြည်တွင်းမှာ ကလေးလုပ်သားဈေးကွက်ဟာ လူကြိုက်များတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အလုပ်ချိန် သတ်မှတ် ချက်မရှိတာ၊ လုပ်အားခ သက်သာတာ၊ အလွယ်တကူ ထိန်းချုပ်ခိုင်းစေလို့ရတာ၊ အလုပ်ရှင်ကို ပြန်လည် တွန်းလှန် နိုင်ဖို့ ဥပေဒတွေကို မသိထားတာ စတဲ့အချက်တွေကြောင့်လည်း တစ်နိုင်တစ်ပိုင်နဲ့ အသေးစား လုပ်ငန်းတွေမှာ အသုံးပြုမှု များကြပါတယ်။
ပြည်တွင်းမှာ ကလေးအလုပ်သမားတွေအတွက် သီးသန့်ဥပဒေ ပြဋ္ဌာန်းထားတာမရှိပေမယ့် ကလေးအလုပ်သမား တွေနဲ့ ဆက်နွယ်နေတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေနဲ့ ၂၀၁၉ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတွေမှာတော့ အသက်(၁၄)နှစ်အောက် ကလေးတွေကို အလုပ် မလုပ်ခိုင်းဖို့ တားမြစ်ထားပါတယ်။
ကလေးသူငယ်တွေကို အလုပ်ခိုင်းစေတာနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင်တော့ အဲဒီလူကို ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့အကြောင်း ဥပဒေမှာဖော်ပြထားပါသေးတယ်။
ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနကလည်း ရှိပြီးသား ကလေးအလုပ်သမားတွေကို ထိရောက်စွာ ကာကွယ်ပေး ဖို့ထက် ကလေးလုပ်သားပပျောက်ရေးဆိုတဲ့ စီမံချက်တွေကိုပဲလုပ်ဆောင်ဖို့ အားသန်နေပါတယ်။
လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး လူထုကြားမှာ အသိပညာပေးတာမျိုးကိုတော့ လက်ရှိအချိန်ထိ မလုပ်ဆောင်သေးပါဘူး။
“အမ အမြင်ပေါ့နော်။ ငတ်နေတဲ့အိမ်တစ်အိမ်မှာ ကလေးတွေကို အလုပ်မခိုင်းပါနဲ့ တားလို့မရဘူး။ လူကြီးတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတယ်ဆိုရုံနဲ့လည်း ကလေးအလုပ်သမားဆိုတာက ပျောက် မသွာဘူး။ ဒီတော့ ရှိပြီးသားကလေးတွေအတွက်ပဲ တစ်ခုခု အကာအကွယ်လေးဖြစ်အောင် လုပ်ပေးလို့ မရဘူး လား။ တစ်ချို့အိမ်အကူ လုပ်ရတဲ့ ကလေးတွေဆို တစ်အိမ်လုံး ပတ်ခိုင်းတာ။ ပေးထားတဲ့ လုပ်အားခနဲ့တောင် မတန်ဘူး။ ဒီလို ကလေးတွေအတွက် မလုပ်နိုင်သေးဘူးဆိုရင်တောင် လူမြင်ကွင်းတွေ၊ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ နေရာတွေက ကလေးအလုပ်သမားတွေအတွက်တော့ တစ်ခုခုလေး လုပ်ပေးစေချင်တယ်” လို့ မသန္တာက ပြောပါတယ်။
လက်ရှိမှာတော့ ကလေးလုပ်သား အသုံးပြုသူအများစုဟာ ကလေးတွေအတွက် အလုပ်အကိုင် ဖန်တီး ပေးထားနိုင်သူတွေသဖွယ် ဂုဏ်ယူနေကြပြီး ကလေးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုတော့ ထည့်သွင်း စဉ်းစားမှု မရှိကြပါဘူး။
လက်ရှိမှာ စီးပွားရေးကျပ်တည်းမှုအပြင် ဒေသတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကလေးတွေကို လုပ်ငန်းခွင်တွေထဲ စောစီးစွာ ပို့ဆောင်လိုက်ရတာတွေလည်း ရှိနေပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) က ဇွန်လထဲမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာလည်း ပြည်တွင်းမှာ စတင်ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေများလာပြီး ကလေးလုပ်သားတွေ ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီလိုတွေ ထုတ်ပြန်ထားပေမယ့် အလုပ်သမားဝန်ကြီးဌာနကတော့ စာရွက်ပေါ်မှာ ပဲ အမျိုးသားအဆင့် စီမံကိန်းတွေကို အကောင်အထည် ဖော်ဆောင်နေပါတယ်။
ငါးနှစ်တာ စီမံကိန်းတွေ၊ ဆယ်နှစ်တာ စီမံကိန်းတွေဟာ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေနဲ့ အလှမ်းဝေးနေသေးပေမယ့် လုပ်ငန်းရှင်တွေကို ပညာပေးတာမျိုးကတော့ အချိန်တိုတွင်းမှာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ကလေးလုပ်သား လျော့နည်းပပျောက်ရေးကို လုပ်ဆောင်နေချိန်မှာပဲ လုပ်ငန်းခွင်တွေထဲကိုရောက်နေပြီးဖြစ်တဲ့
ကလေးတွေကိုလည်း ထိုက်သင့်တဲ့ကာကွယ်မှုတွေရရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေတာပါ။
ကလေးလုပ်သားခိုင်းစေသူကို အရေးယူလို့ မရသေးတဲ့နိုင်ငံမှာ လုပ်ငန်းခွင်တွေထဲက ကလေးလုပ်သားတွေကို အလေးထား စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်။