ပုံမှန်အားဖြင့် ကိုမင်း ဈေးဝယ်လေ့တော့ မရှိဘူး။
အရင်ကတော့ လမ်းလျှောက်ရင်း ဈေးထဲဝင်ကြည့် ။ ကြိုက်တာလေး နည်းနည်းပါးပါးဝယ်။ အသိ ဈေးသည်တွေနဲ့ ထိုင် စကား ပြော။ ကုန်ဈေးနှုန်းတွေကို စနည်းနာနဲ့ ။ ဒီလောက်ပဲ။
ဒါတောင် လမ်းလျှောက်ဖြစ်တဲ့ကာလ မှာပဲ ဈေးထဲ ဝင်ဖြစ်တာ။ နေ့တိုင်းလည်း မဝင်ဖြစ်။ လမ်းလျှောက်က အပြန် ဗိုက်စာရင် တခါတည်း အိမ်ကို အမြန်ပြန်တော့ ဈေးမဝင်ဖြစ်တော့ဘူး။ တခါတရံတော့ လက်ဖက်ရည် ဆိုင်မှာထိုင်ပြီး မနက်စာ စားဖြစ်တယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးကတည်း က လက်ဖက်ရည်ဆိုင် မရောက် ဖြစ်တော့ဘူး ။
ဒီနှစ်မှာ ရန်ကုန်မိုးတွင်းကာလက တော်တော်ရှည်လျား တယ်။ သုံး လေးလ မကဘူး။ ကိုမင်း အမျိုးသမီးလည်း ခရီသွားနေတော့ အမေနဲ့ ညီမတွေ ချက်ကျွေးတာ စားနေတာပဲ ၆ လကျော်နေပြီ ။
မိုးရာသီစ ကတည်းက အပြင်ကို မထွက်ဖြစ်တာ ဆိုတော့ ဈေးထဲလည်း မရောက်ဖြစ်တော့ဘူး ။
ဈေးထဲဝင်ဖြစ်တဲ့နေ့တွေဆို ကြက်ဥလေး ဝယ်လာလိုက် ၊ အညာမုန့် ဇီးအခဲလေးတွေ ကုလားပဲချောင်းလေးတွေ ဝယ်လာ ၊ မုန်လာဥနီလေး ၊ သခွားသီး၊ မုန်လာရွက် နဲ့ အသီးအနှံတွေလေးတွေလည်း ဝယ်ဖြစ်ပါတယ်။
ကိုမင်းနေတဲ့ ရပ်ကွက်က ဆင်းရဲသား ရပ်ကွက်။ ရန်ကုန်ရဲ့ ဆင်ခြေဖုံး အလုပ်သမားတွေ အများစုနေတဲ့ နေရာဆိုတော့ သူတို့ရဲ့ အစားဝတ်နေရေးအကြောင်း အမြဲကြားနေရတာပါ။ ဒါကြောင့်လည်း ဈေးထဲရောက် ရောက်ဖြစ်ပါတယ်။
ဈေးထဲက အသီးအနှံဆိုတာကလည်း ဈေးပေါပေါ ပဲပဲ တွေပါပဲ။ သင်္ဘာသီး၊ ပန်းသီး၊ စဗျစ်သီးတွေတော့ ဝယ်လို့ရတယ်။ နောက် ဒူးရင်းသီး စားချင်လားရတယ်။ ဖရဲသီးဆို တနှစ်ပတ်လုံး စားနေရတယ်။ တရုတ်ပို့တဲ့ သခွားမွှေးတို့ ထောပတ်သီးတို့လည်း ရတယ်။
ဒါပေမဲ့ ဝယ်ရတဲ့ အသီးတွေကတော့ အနာတွေနဲ့ ဖယ်ထားတဲ့ ပယ်သီးတွေပါ ။ တခါတရံ အမှည့်လွန်တွေ ပေါ့။ အနာဖယ်စား ရတယ်။ တခါတရံ အနာအဖယ်လွန်ပြီး မစားရတဲ့ အဖြစ်တွေလည်း ရှိရဲ့ ။
သီတင်းကျွတ်ပြီးတော့ ကိုမင်းလည်း အပြင်ထွက်တော့မယ်၊ လမ်းလျှောက်တော့မယ်ဆိုပြီး တွေးထားတာ။ ကိုယ် တွေးလိုက် မှပဲ မိုးက ငါးရက်လောက် ဆက်တိုက်ရွာပါလေရော။ ဒါနဲ့မထွက် ဖြစ်ပြန်ဘူး ။ အအေးဓါတ်လေးပါ ပါလာတော့ အနွေးထည်လေး နဲ့ ကွေးနေလိုက်တာပေါ့။
ဒါနဲ့ပဲ မိုးရပ်ပြီးရက်ပိုင်းအတွင်းမှာ လမ်းထွက်လျှောက်ဖြစ်ပါတယ်။
ပထမဆုံး လမ်းလျှောက်ထွက်တော့ မြူလိုလို နှင်းလိုလို တွေတောင် တွေ့လိုက်ရသေးတယ်။
ထိုင်နေကြ စားနေကြ အသုတ်ဆိုင်က မဖွင့်ဘူး။ ဆိုင်ရှင် ကလေးမွေးလို့ ခဏပိတ်ထားတယ်လို့ ဘေးမှာ ပဲပြုတ်ထိုင်းရောင်းတဲ့ အသက်ကြီးကြီး အဒေါ်အရွယ်ကို အမျိုးသမီးက ပြောတယ်။
ဒါနဲ့ အန်တီကြီးကို ရောင်းကောင်းလားလို့ ကိုမင်း စကားဦး သန်း နှုတ်ဆက်လိုက်ပါတယ်။
“ကောင်လေးရေ၊ ဝယ်မဲ့သူ နည်းလာလို့ ပဲ ပြုတ် လျှော့ ပြုတ်နေတာ ကြာပြီ” လို့ ပြောပါတယ်။
ကိုမင်းလည်း မနက်စောစောစီးစီး မနေတတ် မထိုင်တတ်နဲ့၊ ဘာလို့လဲ အန်တီလို့ ဆက်မေးလိုက်ပါတယ်။
“စားတော်ပဲ ဈေးတွေကြီးလို့ တထုတ် ၅၀၀ နဲ့လည်း မကိုက်ဘူး၊ ကိုက်အောင် ရောင်းတော့လည်း ပဲပြုတ်က နည်းနည်းဆိုတော့ ရောင်းပန်းမလှဘူး ၊ ဒါနဲ့ပဲ ရောင်းမကောင်းတာ၊ သားရေ” တဲ့ဗျာ။
ကိုမင်းတို့ရပ်ကွက်က အလုပ်သမားများတဲ့ ရပ်ကွက်ဆိုတော့ ပဲပြုတ်နဲ့ ငါးငပိရည်က ရောင်း အကောင်းဆုံး အစားအစာပဲ။ ဆိုင်ချ ထိုင်ရောင်းတဲ့ ပဲပြုတ်သည်တင်မဟုတ်ဘူး။ လမ်းထဲ လိုက်ရောင်းတဲ့ ဈေးသည်တွေနဲ့ ဆို ၅ ဦးလောက် ရှိတယ်။ သူ့တို့ရော ဘယ်လိုနေလဲ မသိဘူး ။
ကိုမင်းလည်း ကိုယ့် အစီအစဉ်နဲ့ ကိုယ်မို့ အန်တီကို အားပေးချင်ပေမဲ့ မဝယ်ဖြစ်တော့ဘူး။
ရှေ့နည်းနည်း ဆက်လျှောက်လိုက်တော့ ၊ အစားအသောက်ရောင်းတဲ့ ဆိုင်သစ်လေး တဆိုင် တွေ့တယ်။ နဂိုကတော့ ဒီနေရာက အဆောင်တဲ တန်းလျား လေး။ သစ်ဝါးနဲ့ ဆောက်ထားပြီး ကာလကြာတော့ ယိုင်နဲ့နဲ့ ၊ မဲမဲမှောင်မှောင် နေရာလေး။
အဲ့ဒီ အဆောင်တဲလေးကို ဖြို၊ မြေဖို့ ပြီး အုတ် တန်းလျားလေး ဆောက်ထားတယ်။ နောက် ဆိုင်သစ်လေးဖွင့် ထားတာ တွေ့တာ။ တန်းလျားလေးကတော့ အခန်း ၅ ခန်း ကန့်ထားပြီး မနက်စာရောင်းတဲ့ ဆိုင်သစ် လေးကတော့ မျက်နှာစာ အခန်းမှာ ဖွင့်ထားတာပါ။
ဆိုင်မှာ ထိုင်စရာ တန်းလျားမြင်တာနဲ့ အညာသား ကိုမင်းက ဆိုင်ထဲဝင်ချင်နေပြီ။ ဘေးမှာလည်း စက္ကူပန်းပင် လေးနဲ့ ရော ၊ အညာကလိုပဲ တန်းလျားလေး နှစ်ခုနဲ့ဆိုတော့ အစားအသောက်ကောင်းမကောင်း အသာထား ဆိုင်ထိုင်ဖို့ ဝင်လိုက်တယ်။
ကိုမင်းလည်း ချိတ်ထားတဲ့ စားစရာ စာရင်းကြည့်တော့ ထမင်းကြော်၊ အသုတ်စုံ၊ မုန့်ဟင်းခါး ၊ လက်ဖက်ရည် သာမန် ဆိုင်တွေလို အစားစာတွေ ပဲ။ ဒါနဲ့ ကိုယ်လည်းပဲ စားနေကျ မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် တခွက် ကို မှာလိုက်တယ်။
မုန်ဟင်းခါးက စားနေကျဆိုင်ထက် ကောင်းတယ်။ လက်ဖက်ရည်လည်း အဲ့လိုပဲ သဘောကျတယ်။
ကိုမင်းလည်း ဈေးထဲဝင်မယ်ဆိုတော့ မြန်မြန်စားသောက်ပြီး ပိုက်ဆံကို ကိုယ်တိုင်ပဲ ရှင်းဖို့ ထိုင်ရာက ထလိုက် ပါတယ်။
ဆိုင်ပိုင်ရှင်က စားထားတဲ့ မုန့်ဖိုးက ၃၃၀၀ လို့ ပြောတော့ ၊ ကိုမင်း မျက်လုံးပြူးသွားပြီ။ ပါလာတဲ့ ပိုက်ဆံ လောက်ငှရဲ့လားပေါ့ ။ အင်္ကျီအိတ်ထဲ စစ်ကြည့်တော့ တထောင်တန် ၃ ရွက် ၊ အိပ်ကပ်ထဲ ထပ်နှိုက်တော့ ငါးရာတန် တရွက် အလိပ်လိုက်လေး ထွက်လာ ပါတယ်။
ဒါနဲ့ပဲ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘူး ။ ကျတဲ့ ပိုက်ဆံကို ရှင်းပေးပြီး ဆိုင်ထဲက ထွက်လာလိုက်တယ်။
လွန်ခဲ့တဲ့ ၆ လကျောက်လောက်က ဒီဈေးနှုန်းတွေမဟုတ်ဘူး ။ လက်ဖက်ရည်က ရှစ်ရာနဲ့ တထောင်ကြား၊ မုန်ဟင်းခါးလည်း အဲ့လောက်ပဲ ၊ အကြော်နဲ့ စားမှ တထောင်ပဲ ။ အခုလက်ဖက်ရည်က ထောင့်ရှစ်ရာ၊ မုန့်ဟင်းခါးက ထောင့်ငါးရာ နှစ်ဆတောင် ဖြစ်သွားပြီ ။
ကိုမင်းလည်း စားပြီးလို့ ဗိုက်ထဲရောက်သွားတဲ့ အစားအစာတွေအတွက် ဆက်တွေးမနေတော့ဘူး ။
ချွေတာဖို့က ကိုယ့်တာဝန် ဆိုတာ တွေးဖို့ မလိုတဲ့ ခေတ်မလား။
ဒါနဲ့ပဲ ဈေးအနီးအနားက သစ်သီးရောင်းတဲ့ အသည်က ဈေးဗန်းလေး ခင်းနေတာ ပြီးလို့ ပြီးခင် ။ ကိုမင်းက သူဆီက ဝယ်နေကြဆိုတော့ ဖောက်သည်တွေပါ ။
သူကပဲ စ နှုတ်ဆက်တယ်။ ဈေးသည်တွေ နှုတ်ဆက်တာက..။
အကို ဝယ်သွားဦးလေတဲ့ ။ ပိုက်ဆံမပါတော့ အကြောင်းပြောတော့လည်း ဈေးဦးပေါက်ပြီးပြီ တဲ့။ ပိုက်ဆံ မပါ လည်း ဝယ်ပေါ့၊ ချည်ပြီးတုတ်ပြီး ပဲ။
ဒါနဲ့ သင်္ဘာသီးတွေမျာများတွေ့တာနဲ့ ၊ ဈေး မေးတော့ သုံးထောင်တဲ့။ အားနာတတ်တဲ့ ကိုမင်းတော့ ဒုက္ခတွေ့ပြီ။ ဈေးမေးပြီး ဝယ်လိုက်မှ စိတ်က သက်သာတယ်။ ဒါနဲ့ ဈေးနည်းတာမရှိဘူးလားလို့ မေးတော့ ၊ ခြင်းထဲက အသီးတွေဆို (ပယ်သီး) တွေ့ဆို ထောင့်ငါးရာနဲ့ ပေးမယ် ဆိုတယ်။ ဒါနဲ့ ပဲ အဲ့ထဲကပဲ ရွေးယူလိုက်တယ်။ ပိုက်ဆံကို ပြန်ထွက်လာမှ ပေးမယ်ဆိုတော့၊
ရတယ်တဲ့။
လွန်ခဲ့တဲ့ ၃ နှစ်ကဆို အသီးကောင်းဆိုတာ ရှစ်ရာ တထောင်ပဲ။ လွန်ခဲ့တဲ့ ၆ လလောက်က ပယ်သီးဆိုတာ အသီးကြီးမှ တထောင်ပဲ။ ၆ လအတွင်း ဘယ်လိုအရာတွေ ပြောင်းနေသလဲဆိုတာ ၊ ကိုမင်းလည်း မသိတော့ဘူး ။
ဈေးထဲဝင် ကုန်စိမ်းသည် အမက အသီးအနှံတွေ ပြင်ဆင်နေလို့ နှုတ်ဆက်လိုက်တယ်။
ဘာမှ မဝယ်ဘူးလားတဲ့။
ပိုက်ဆံကုန်လာလို့ လို့ ပြောတော့။ ယူသွားလေတဲ့၊ ဈေးသည်တွေတော့ ခက်ပြီ၊ ဇွတ်ကို ရောင်းနေတော့တာ၊ ကိုမင်းကလည်း သိချင်တာများတာနဲ့။
ရောင်းကောင်းလားမေးလိုက်တယ်။ ဈေးက လကုန်ရက်ပဲ ရောင်းကောင်းတာတဲ့။ ၁၀ ရက်ကျော်ရင် ဝယ်သူ မရှိဘူး၊ ကုန်စိမ်းတောင် နှစ်ခြားသုံးရက်ခြား တိုက်ရတယ်လို့ ပြောပြန်ပါတယ်။
ဒါနဲ့ မုန်လာဥနီကို ဈေးမေးလိုက်ပါတယ်။ တထောင်ပါ ၊ တလုံးကို ကျပ်တထောင် ။ “အမလေး”တပြီ ။ ကိုမင်း ရဲ့ ကျန်းမာရေးအရ မုန်လာဥနီဖျော်ရည် သောက်ပါတယ်။ အရင်ကများ တလုံး သုံးရာဆိုတာ များလှပြီ။
ဒါနဲ့ သခွားသီးပဲ ဖျော်သောက်မယ်လို့ စဉ်းစားမိလို့ မေးတော့ လက်ဖဝါးသာသာက တလုံးကျပ် သုံးရာတဲ့ ၊ ကိုမင်းလည်း ဈေးနဲ့ ပတ်သက်လို့ ပါးစပ်က ထုတ်ညည်း လိုက်တာပေါ့။
ဈေးသည်က ဦးမင်းရေ.... နှစ်ရာ ၊သုံးရာတန် ဘာမှ မရှိတော့ဘူး။ ငရုပ်သီး၊ နံနံပင်ကစ ပြီး ငါးရာပဲ ရောင်းတယ် တဲ့။ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးဆို စားဖူးအောင် စားထား၊ နောက်ဆို မသေချာဘူး ဆိုပဲ။ ဈေးတွေကလည်း ကြည့်လေ ဂေါ်ဖီထုပ်က ကျပ် သုံးထောင်နဲ့ အထက်၊ ခရမ်းချဉ်သီးဆိုတာ သောင်းကျော် ဆိုပဲ။
ဒီကုန်ဈေးနှုန်းနဲ့ အလုပ်သမားတွေ၊ ဘာနဲ့ ဘယ်လိုတွေ စားနေလဲ မသိတော့ဘူး။
ဒါနဲ့ ကြက်ဥ ဆိုင်ဆီ ဆက်လျှောက် ပြီး ဆိုင်ထဲ ခဏ ဝင်ထိုင်လိုက်တယ်။ ဆိုင်ရှင်ကတော့ မောင်နှမလိုနေတဲ့ အမကြီးတယောက်ပါ။
သူကတော့ ကိုမင်း ကို “မင်းမင်း” လို့ ခေါ်ပါတယ်။
ကိုမင်းလည်း ထည့်ပေးထားတဲ့ ရေးနွေးကြမ်းကို သောက်ပြီး၊ ကြက်ဥဈေး မေးပါတယ်။
ဘာတဲ့၊ ကိုမင်းနားထဲ ဈေးနှုန်းတခု မသေချာမရာနဲ့ မို့ သေချာထပ်ပြီး မေးလိုက်ပါတယ်။
ငါထောင့် ငါးရာတဲ့။ လွန်ခဲ့တဲ့ ၆ လလောက်က ကြက်ဥ ဆယ်လုံးဈေးက လေးထောင်ဝန်းကျင် ပါပဲ။ အခုတော့ ငါးထောင့် ငါးရာ။ “ဘုရား” တမိပါတယ်။
အလုပ်သမားတွေရနေတဲ့ တရက် အလုပ် လုပ်ခ ၄၈၀၀ ဆိုတာ ကြက်ဥ ၁၀ လုံးဖိုး မရှိတော့ အဓိပ္ပါယ်ပါ။ အလုပ်သမား အတော်တော်များ စားတဲ့ ငါးပိရည်ဆို တထုတ်ငါးရာ၊ တို့စရာနဲ့ ဆို ကျပ် တထောင် ။ ရတဲ့ တရက် လုပ်ခရဲ့ ငါးပုံ တပုံ။ ကိုမင်းလည်း ဆက်မစဉ်းစားရဲတော့ဘူး ..။
ဒီလိုဈေးတွေနဲ့ဆို ကိုမင်းလို သာမန် ထိုင်စားနေတဲ့ သူတွေက လျှော့စားရမဲ့ သဘောဖြစ်သွားပြီ ။ ကြက်ဥ ဈေးပဲကြည့် လွန်ခဲ့တဲ့ ခြောက်လကထက် သုံးဆယ်ရာခိုင်းနှုန်းလောက် ဈေးတက်လာတာပဲ။
အသားဈေးတွေမေးကြည့်တော့ ဝက်သားက သုံးသောင်းခွဲဈေး၊ စီပီကြက် ရင်ဖုံတခုက ကိုးထောင် ၊ ဘဲသားဈေး မမေးနဲ့ လေးသောင်းတဲ့၊ ငါးတောင် အနည်းဆုံး တစ်သောင်းဈေးဆိုတော့ ...၊ ဈေးသည်တချို့ ဈေးမထွက်နိုင်တဲ့ အခြေအနေတွေ ဖြစ်နေကို လက်ခံလို့ရနေပြီ.. ။
ထုတ်ကုန်မှန်သမျှ အရင်းအနှီးလိုကြတယ်။ ပစ္စည်းတွေ ဈေးကွက် ကိုရောက်ဖို့ဆိုတာ ပို့ဆောင်ရေးနဲ့ ဝန်ဆောင်မှု တွေ လိုအပ်တယ်။ ပို့ဆောင်ရေးတွေမှာလည်း လောင်စာဈေး၊ အချိန်တွေက အရင်းအနှီးတွေပါ ။
ဝန်ဆောင်မှု ကဏ္ဍက အလုပ်သမားတွေမှာလည်း ထုတ်လုပ်နိုင်စွမ်းဆိုတဲ့ စွမ်းအင်က အရင်းအနှီးပါ ။ စွမ်းအင်အတွက် စားသောက်ရေး ၊ ကျန်းမာရေး၊ နေထိုင်မှုနဲ့ လုပ်ငန်းခွင် သွားလာရေး ဆိုတဲ့ အင်အားတွေကို မြှုတ်နှံထားရ တယ်လို့ ကိုမင်းတော့ မြင်ပါတယ်။
အရင်းအနှီးလို့ ပြောရင် အရှုံးအမြတ်တွေ ရှိမှာ။ ထုတ်လုပ်မှုစရိတ် သက်သာတယ်ဆိုရင် အမြတ်များမှာ ။ ထုတ်လုပ်မှု စာရိတ် မြင့်တယ်ဆိုရင် အရှုံးပေါ်ပြီး အရင်းတောင် ပြုတ် သွားနိုင်တယ်မလား ။
လက်ရှိ အလုပ်သမားတွေက အရင်းများနေကြသလား၊ အရင်းပြုတ်သွားမယ်ဆိုရင်ရော ...အကျိုးဆက်က ကောင်းမလား၊ ဆိုးမလားဘဲ...။
ဒါဆို အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို တိုးမြှင့်ပေးဖို့ မလိုဘူးလား ။ အဖြေဖို့ ရှိလား...။
ကြက်ဥ ၁၀ လုံး နဲ့ သင်္ဘောသီး အထုတ်တွေဆွဲပြီး ဆိုင်ထဲ ခပ်သွက်သွက် ထွက်လာပြီး၊ အိမ်အပြန်မှာ ၄၈၀၀ နဲ့ မိသားစု သုံးဦး ဘာလိုတွေ စားနေကြလဲဆိုတဲ့အတွေးကို ကိုမင်း ခေါင်းထဲက မထွက်တော့ပါဘူး ။