NEWS

အိမ်တွင်းအလုပ်သမားတွေကို အလုပ်သမားတယောက်လို ဥပဒေအရ အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။

CoverLogo
285 Views

ဇွန်လ ၁၆ ရက်ဟာ အိမ်အကူလုပ်သားနေ့ ဖြစ်ပါတယ် ။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ကွန်ဗင်းရှင်း ၁၈၉(189 for Decent Work for Domestic Workers) ကို ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းပြီး ဇွန် ၁၆ ရက်ကို  အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားများနေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 

အိမ်အကူအလုပ်သမားတွေအတွက် နိုင်ငံတကာဥပဒေ ကွန်းဗန်းရှင်း ၁၈၉ ကို ပြဋ္ဌာန်းဖို့ ကမ္ဘာတဝှမ်းက အိမ်အကူ အလုပ်သမားတွေ စုပေါင်းပြီး တိုက်ပွဲဝင်ခဲ့တာလို့ သိရပါတယ်။  

၂၀၂၂ ခုနှစ်မှာ ကမ္ဘာတဝှမ်း အိမ်အကူလုပ်သား ၇၆ မီလီယံ အထိ ရှိနေပြီး အဲဒီထဲမှာ ၇၆ ရာခိုင်နှုန်းက အမျိုးသမီး တွေ ဖြစ်ကြတယ်လို့ ILO က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့အိမ်အကူလုပ်သား အများစုဖြစ်တဲ့ ၆၂.၂ သန်း(၈၂ ရာခိုင်နှုန်း)က ဖွံ့ဖြိုးဆဲနဲ့ ထွန်းသစ်စနိုင်ငံတွေမှာ လုပ်ကိုင်နေပြီး ၁၃.၄ သန်းကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။  

ဖွံဖြိုးဆဲနိုင်ငံ တခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်း အိမ်အကူလုပ်သားတွေဟာ နီးစပ်ရာ ဆွေမျိုး၊ မွေးစားဖို့နဲ့ ကြားပွဲစားတွေရဲ့ ငွေကြေး ခေါင်းပုံဖြတ်ခံရပြီး အိမ်ကူလုပ်ငန်းကို လုပ်ကိုင်နေကြရတယ်လို့လည်း ၂၀၁၉ နှစ်က ထုတ်ပြန်တဲ့ အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ဥပဒေများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ဒါအပြင် မြန်မာနိုင်ငံက အိမ်အကူလုပ်သားအများစုက အသက် ၂၅ နှစ်အောက် အရွယ်တွေဖြစ်ကြပြီး၊ အသက် ၁၈ နှစ်အောက်အရွယ် တချို့အိမ်အကူလုပ်သားတွေကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ခန္ဓာကိုယ် ထိခိုက် အောင် ပြုမှုခံရတာ၊ လုပ်အားခ အပြည့် မရတာ၊ မိသားစုဝင်တွေနဲ့ ပုံမှန်တွေ့ခွင့်မရတာ၊ အနားယူချိန် မရတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်မရတာ၊ အနိုင်ကျင့်ခံရတာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဆဲဆိုခံရတွေ တွေ့ကြုံ နေရတယ်လို့လည်း  အဲ့ဒီအစီရင်ခံစာက ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံက ILO ကွန်ဗင်းရှင်း ၁၈၉ ကို လက်မှတ်ရေးထိုးတာ မရှိတာနဲ့ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေ တွေကလည်း အိမ်အကူလုပ်သားတွေအတွက် ခြုံငုံ ကွယ်ပေးထားတာမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့လည်း အိမ်အကူလုပ်သားတွေကို ကူညီပေးနေသူတွေက ပြောဆိုထားပါတယ်။

ဒီအတွက် လက်ရှိ မြန်မာနိုင်ငံမှာ အိမ်ကူလုပ်သားတွေရဲ့ အခြေအနေဲ့ လိုအပ်ချက်တွေ ၊ နှစ်ဖက်ထားရှိဖို့ လိုအပ်တဲ့ သဘောထားတွေကို အိမ်တွင်းအလုပ်သမားတွေကို ကျွမ်းကျင်မှု သင်တန်းတွေပို့ချပေးနေတဲ့ သင်တန်းကျောင်းကို Myanmar Labour News က ဆက်သွယ် မေးမြန်းထားပါတယ်။ 

  • မေး... ဆရာ၊ ဆရာမတို့ အိမ်ဖော်( အိမ်အကူလုပ်သား)တွေအတွက် ကူညီမှုတွေဆောင်ရွက်နေတာတွေကို အပြည့်အစုံ ရှင်းပြပေးပါ။


အဖြေ။   ။ အရည်အသွေးမြှင့်တင်တဲ့ သင်တန်းတွေ ပို့ချပေးပါတယ်။(ဥပမာ၊  ၊ ဆက်သွယ်ပြောဆိုမှုနဲ့ အိမ်တွင်း အလုပ်၊ အိမ်တွင်းအလုပ်သမားတွေအတွက် ကျန်းမာရေးနဲ့ အန္တရာယ်ကင်းရှင်းရေး၊ အိမ်တွင်း အလုပ်မှာ အရေးကြီးတဲ့ တကိုယ်ရည် ကျန်းမာရေး၊ အခြေခံ အချက်အပြုတ်သင်တန်း၊ ရှေးဦးသူနာပြု သင်တန်း၊ ရွှေ့ပြောင်း သွားလာမယ့် အိမ်တွင်းအလုပ်သမားတွေကို ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာနိုင်ဖို့ သတင်း အချက်အလက်  တွေကို မျှဝေပေးပါတယ်၊ တလတခါ အမျိုးသမီးတွေ့ဆုံပွဲတွေ ပြုလုပ်ပေးတယ်။ ရပ်ရွာတွေဆီ ဆင်းပြီး လုံခြုံ စိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်တဲ့ အကြောင်း အသိပညာပေးတာတွေ ပြလုပ်ပေးတယ်။  ရွှေ့ပြောင်းသွားလာပြီး အခက်အခဲနဲ့ ပြန်လာသော အိမ်တွင်းအလုပ်သမားတွေကို နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးပြီး၊ လိုအပ်ပါက ငွေကြေး ထောက်ပံ့မှုတွေ ပြုလုပ်ပေးပါတယ်။

  •  မေး.. လက်ရှိ နိုင်ငံအတွင်း အိမ်အကူလုပ်သားတွေနဲ့ နိုင်ငံတကာ အိမ်အကူလုပ်သားတွေက ဘာတွေ ကွာခြား တယ်လို့ မြင်ပါသလဲ။


အဖြေ ။    ။ လုပ်ခလစာတွေ ကွာခြားသလို၊ ရပိုင်ခွင့် အခွင့်အရေးတွေ ကွာခြားပါတယ်၊  ပြည်တွင်းက အိမ်တွင်း အလုပ်သမားတွေမှာ အလုပ်သမားရပိုင်ခွင့်နဲ့ စောင့်ရှောက်မှုတွေ လုံးဝမရသေးပါဘူး။ ဥပမာ ထိုင်းနိုင်ငံက အိမ်တွင်း  အလုပ်သမားတွေဆိုရင် အနိမ့်ဆုံး  လုပ်ခလစာ၊ အလုပ်ချိန်၈နာရီနှင့် ကလေးမီးဖွားခွင့်တွေ ရရှိ နေပါပြီ။ ဥပဒေအရ အကာအကွယ်စောင့်ရှောက်မှု မရတာက ကြီးမားတဲ့ ကွာခြားချက် ဖြစ်ပါတယ်။ 

  • မေး..  နိုင်ငံအတွင်းက အိမ်အကူလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲက ဘာတွေလဲ ခင်ဗျ။


အဖြေ ။    ။ သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရရှိ ကြပါဘူး။ လုပ်ခလစာတွေ နည်းပါးနေတယ်။ ခွင့်ရက်၊ နားချိန် ခံစားပိုင်ခွင့်တွေ တရားဝင် မရ ကြပါဘူး ။ အဆိုးဆုံးက နိုင်ငံတွင်းက အိမ်တွင်းအလုပ်သမားတွေကို အလုပ်သမားတယောက်လို ဥပဒေအရ အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။ 

  • မေး.. အိမ်အကူလုပ်သားတွေက မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေနဲ့ အကျုံးမဝင်ဘူးလား ခင်ဗျ။
    အဖြေ ။     ။ မြန်မာနိုင်ငံရှိ အလုပ်သမားဥပဒေတွင် အိမ်တွင်းအလုပ်သမားတွေကို လုံးဝ ချန်လှန်ထားပြီး အကျုံးဝင်မှု မရှိပါဘူး။ 

 

  • မေး။ မြန်မာနိုင်ငံမှာ အိမ်အကူလုပ်သားတွေကို ဥပဒေအရအကာအကွယ်နဲ့ အခွင့်အရေးတွေ မရနိုင်ဘူးလား။


အဖြေ ။     ။ အိမ်အကူအလုပ်သမားတွေက တခြား အလုပ်သမားတွေနည်းတူ အလုပ်သမား အခွင့်အရေးတွေ ရခွင့် ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးအခြေနေတွေက  အိမ်တွင်းအလုပ်သမားအတွက် အဲလို ခံစားပိုင်ခွင့်တွေ ရဖို့က အလှမ်းဝေးကွာ နေဆဲ အခြေအနေပါ။  

  • မေး... ဥပဒေတွေက အိမ်အကူလုပ်သားတွေအတွက် အကျိုးသက်ရောက်မှုမရှိရင်  အိမ်ရှင်နဲ့ အိမ်အကူတွေကြား ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။


အဖြေ ။   ။ အိမ်ရှင်နဲ့ အိမ်တွင်းအလုပ်သမားတွေကြား နားလည်ပြီး အပြုသဘောဆောင်တဲ့ သင့်တော် ကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေနေတွေ ဖန်တီးသင့်ပါတယ်။ အိမ်တွင်း  အလုပ်သမားတွေအတွက် ILO က ပြဌာန်းထားတဲ့ သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်ဆိုင်ရာ ပြဌာန်းချက် အမှတ် ၁၈၉ မှာ ပါဝင်တဲ့ အချက်  တွေကို စံနမူနာယူပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်လုံး လိုက်နာ ဆောင်ရွက်နိုင်ပါတယ်။ 

  • မေး..မြန်မာနိုင်ငံမှာ အိမ်အကူလုပ်သမားတွေက အလုပ်သမားဥပဒေအတိုင်း ခံစားခွင့်မရသေးတာ ဘာတွ ပြောင်းလဲဖို့ လိုအပ်ပါသလဲ ခင်ဗျ။


အဖြေ ။    ။ အိမ်အကူအလုပ်က ကောင်းမွန်တဲ့ အလုပ်ကိုင်တခုဖြစ်တာကို အများသူငါ သိရှိဖို့နဲ့ ပြည်သူ လူထုကြား လက်ခံနိုင်ဖို့ အသိပညာဖြန့်ဝေမှုတွေ လိုအပ်ပါတယ်၊ အထူးသဖြင့်တော့ အိမ်တွင်း အလုပ်သမား ဆိုတာ အလုပ်သမားတယောက်ဖြစ်တယ်ဆိုတာ အလုပ်ရှင်တွေ သိရှိဖို့ အရေးကြီးပါတယ်။

 

  • မေး.. အကျိုးဆောင်တွေလို့ခေါ်တဲ့ ပွဲစားတွေကြောင့်လည်း အိမ်အကူနဲ့ အိမ်ရှင်တွေကြားမှာ ပြဿနာတွေ ဖြစ်ကြတယ်လို့ ပြောဆိုတာမျိုးလည်းတွေ့ရတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။


အဖြေ ။    ။ လိမ်လည်တဲ့ ပွဲစားတွေကို အစိုးရအနေနဲ့ သေချာ ကြပ်မက် ဆောင်ရွက်သင့်ပြီးတော့၊ အိမ်ရှင်တွေနဲ့ အိမ်တွင်း အလုပ်သမားတွေအနေနဲ့လည်း ပွဲစားတွေ ပြောသမျှကို နားမယောင်သင့်တာပါဘဲ။ မိမိလိုအပ်တဲ့ အပေါ် မူတည်ပြီး အလုပ်သမားကို သေချာစီစစ် ရွေးချယ်သင့်တယ်။ အလုပ်ရှင်၊ အလုပ်သမားကြား ချုပ်ဆိုသင့်  တဲ့ အလုပ်အကိုင်သဘောတူ စာချုပ်ကို အလုပ်သမားနဲ့ သေချာညှိနှိုင်း ဆွေးနွေးပြီး ချုပ်ဆို သင့်ပါတယ်။ 

 

  • မေး။ လက်ရှိ အခြေအနေအရ အိမ်ရှင်တွေက အိမ်ကူလုပ်သားတွေအပေါ်လို ဘယ်လို ဘဘောထား ထားသင့် ပါသလဲ၊ လုပ်သားတွေကလည်း ဘယ်လိုမျိုး ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါသလဲ ဗျ။


အဖြေ ။   ။ အလုပ်ရှင်တွေအနေနဲ့ အိမ်တွင်းအလုပ်သမားတွေကို အလုပ်သမားတယောက်အဖြစ် အသိအမှတ်ပြု ဖို့လိုတယ်။ အလုပ်သမား  ရပိုင်ခွင့်တွေကို ပေးသင့်တယ်။  အလုပ်သမားတွေအနေနဲ့လည်း မိမိတို့ လုပ်ကိုင်မည့် အလုပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုတွေ၊ တာဝန် ဝတ္တရားတွေကို သေချာနားလည် ထား သင့်ပါတယ်။ တဦးပေါ် တဦး အပြန်အလှန် လေးစား တန်ဖိုးထားကြမည်ဆိုလျှင် အလုပ်ရှင်၊ အလုပ်သမားကြား ပဠိပကတွေ လျှော့ နည်းပြီး၊ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်မယ်။ ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေတွေကို ဖန်တီးနိုင်မှာ  ဖြစ်ပါတယ်။  

  • မေး။ နိုင်ငံတကာ အိမ်အကူများနေ့အတွက် အမှတ်တရ စကား ပြောပေးပါ ခင်ဗျ။


အဖြေ ။    ။ အိမ်တွင်းအလုပ်က အလုပ်တခု ဖြစ်သလို အိမ်တွင်းအလုပ်သမားတွေကလည်း အလုပ်သမားတွေပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ တခြားအလုပ်သမားတွေနဲ့ အတူ ဥပဒေ ကာကွယ်စောင့်ရှောက်မှုတွေ၊ ရပိုင်ခွင့် အခွင့်အရေးတွေ ရရှိဖို့ လိုအပ်ပါတယ်။  

  • မေး။ ဖြည့်ပြောဖို့ အချက်အလက်တွေ ရှိတယ်ဆိုရင် ထပ်ဖြည့်ပြောပေးပါ ။


အဖြေ ။    ။ သင်တန်းကျောင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အိမ်အကူ အလုပ်သမားနှင့်  ပတ်သတ်တဲ့ ဥပဒေတစ်ရပ် ပေါ်ထွက်လာဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်တန်းကျောင်းနဲ့ အိမ်တွင်း အလုပ်သမားများအသင်းအနေနဲ့ အိမ်တွင်းအလုပ်သမားတွေ လုပ်ငန်းခွင်အခြေအနေတွေ ပိုမိုကောင်းမွန်စွာ ရရှိရေးနဲ့ အိမ်အကူဥပဒေပေါ်ထွက်လာရေး ဆက်ပြီး စည်းရုံးလှုံ့ဆော်သွားမှာ ဖြစ်ပါတယ်။


Related posts

Cover
မြန်မာရွှေ့ပြောင်းလုပ်သား အရေး NUG အလုပ်သမားဝန်ကြီးဌာနထံ မေးမြန်းချက်
Oct 11, 2024
Cover
ဘာကြောင့် တရုတ်နိုင်ငံဆီ ရွှေ့ပြောင်းလုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ရသလဲ။
Sep 09, 2024
Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024
Cover
"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"
May 01, 2024
Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024
Cover
အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား
Oct 26, 2023