“ကုန်ဈေးနှုန်းမြင့်တာက နေထိုင်စာရိတ်ပါ ကြီးလာ တယ်။ ကလေးစရိတ်နဲ့ ဆို လူမှုအဆင့်အတန်းက တဖြေးဖြေး နိမ့်လာတယ်။ အရင် အိမ်ငှားနိုင်တယ်၊ အခု ဝါးတဲတောင် အနိုင်နိုင် ဖြစ်လာပြီ။ လုပ်အားခက တက်မပေးဘူး ။”
မမြတ်မြတ်သူ(အမည်လွှဲ)
(တရုတ် နိုင်ငံမှာ အထည်ချုပ်လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်မည့်သူ)
နိုင်ငံအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုက အခြေခံလုပ်သားတွေပေါ် သက်ရောက်မှု ကြီးမားတာနဲ့ အမျှ ပြည်ပသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူတွေ များလာပါတယ်။ အထည်ချုပ်ကဏ္ဍကအလုပ်သမားတွေမှာလည်း လုပ်ခ လစာနည်းပါးမှု၊ လူနေမှု စာရိတ်မြင့်မားလာမှု၊ ကုန်ပစ္စည်းရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။
ကုန်ဈေးနှုန်းမြင့်မားမှုက အခြေခံလုပ်ခလစာက မမီနိုင်အောင် ဖြစ်နေတာကလည်း ရွှေ့ပြောင်းလုပ်သား အများအပြား ပေါ်ပေါက်နေပါတယ်။ ဒီရွှေ့ပြောင်းသွားလာမှုတွေက ကျွမ်းကျင်လုပ်သား တွေလည်း ဆုံးရှုံးရပါတယ်။
ဘာကြောင့် တရုတ်နိုင်ငံဆီ ရွှေ့ပြောင်းလုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ရသလဲဆိုတာကို အထည်ချုပ် အမျိုးသမီးအလုပ်သမား တဦးကို အသေးစိတ် မေးမြန်းထား ပါတယ်။
မေးမြန်းမှုကို ဖြေကြားတဲ့ အမျိုးသမီးက မိသားစုဝင် သုံးဦးရှိပြီး ရန်ကုန်မြို့က မြို့နယ်တခုမှာ စက်ချုပ်လုပ်သား အဖြစ် လုပ်ကိုင်ခဲ့တာ ၁၀ စုနှစ် တခုလောက် ရှိနေတဲ့ ကျွမ်းကျင်လုပ်သားတဦးလည်း ဖြစ်ပါတယ်။
တရုတ်က အထည်ချုပ် စက်ရုံဆီသွားလုပ်ဖြစ်တဲ့ အကြောင်း ပြောပြပေးပါ...
သွားဖြစ်တာက ဒီမှာက လုပ်ခလစာတိုးဖို့လည်း မမြင်ဘူး။ လိုချင်တာလည်း အများကြီးလည်း မဟုတ်ပါဘူး ။ လှိုင်သာယာ၊ ရွှေပြည်သာက အထည်စက်ရုံတွေက ပေးသလို ၊ ရသလို ရမယ်ဆိုရင် သွားဖြစ်မှာ မဟုတ်ဘူး။ ဟိုမှာ(တရုတ်နိုင်ငံ)က ကိုယ့်နိုင်ငံလိုမဟုတ်တော့၊ ဒုက္ခခံရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ လစာက ဒီထက် များတော့ ဒုက္ခဖြစ်လည်း သွားဖို့ ရည်ရွယ်တာပေါ့။
ဘာတွေကွာခြားလို့လည်း ညီမ.....
ဒီမှာက လုပ်ခလစာတိုးတယ်ဆိုလည်း ကုန်ဈေးနှုန်းက မြင့်လာတယ်။ မိသားစုနဲ့ဆိုတော့ လစာက ဘယ်လိုမှ အဆင်မပြေဘူး။ ညီမတို့ရပ်တည်ဖို့အတွက်ကျတော့ လစာ နည်းတယ်။ ဒီကြားထဲ စက်ရုံက ဖြတ်တာတွေက များတယ်။ ဟိုမှာကျတော့ လစာက ၁၃သိန်းကျော်ကျော် ။
ဘာတွေ ဖြတ်တာလဲ ညီမ....
နောက်ကျတယ် ဆိုရင်တောင် ၅၀၀၀ ဖြတ်တယ်။ တနေ့လုံးလုပ်လို့ ခြောက်ထောင်ကျော် ခုနှစ်ထောင် ဝန်းကျင်ပဲ ရတယ်။ နေမကောင်းလို့ပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အလုပ်ပျက်ပြီဆိုတာနဲ့ ငါးသောင်း နီးပါးလောက် ဖြတ်တယ်။
ခွင့်ဆိုတာမရှိဘူး၊ ရက်ပျက်ဆိုတာပဲ ရှိတယ်။ ခွင့်ပေးတယ်ဆိုတာက နာမည်ခံပဲ။ ရက်ပျက်လို့ လုပ်ခ ဒေကြေး ဖြတ်တယ်။ ရက်မှန်ကြေးတွေ ဖြုတ်ပြစ်တယ်။ နောက် ကျွမ်းကျင်အဆင့် A+ ကနေ A၊ နောက် B၊ နောက်ဆုံး C အနိမ့်ဆုံးချတယ်။ ခွင့်တွေတိုင်လျက်နဲ့ကို ရာထူးချတာတွေ ရှိတယ်။ ဥပဒေမှာ အလုပ်သမားတွေ ရပိုင်ခွင့် အခွင့်ရေးမှန်သမျှ ရတယ်လို့ မရှိခဲ့ဘူး။
ရတဲ့ လစာနဲ့ ဆို ဘယ်လောက် အဖြတ်ခံရလဲ ....
လစာရဲ့ သုံးပုံ တပုံနီးပါး အဖြတ်ခံရတယ်။ နှစ်ရက်လောက် ပျက်ရင် ပေါ့။ တရက်လောက်ဆိုရင်တော့ ရက်မှန်ကြေး၊ အိုတီကြေးက နည်းနည်း ကျန်သေးတယ်။ ဒါပေမဲ့ အဲ့တရက်လောက်ဆိုကို တော်တော်ပါ သွားပြီ။ ဘောပြုတ် (ရက်မှန်ကြေး) ဘောနပ် ပြုတ်သွားပြီ။
ပြည်တွင်း အထည်ချုပ်အလုပ်သမားတွေ အတွက် ဘာတွေက ခက်ခဲနေလဲ ....
အဓိက ကုန်ဈေးနှုန်းပဲ၊ နေစရိတ်တွေလည်းပါတယ်။ လစာကလည်း မတိုး နဲ့ ။ စားဖို့အတွက် ဆီတိုးရတာပဲ ကြည့်ပါ။ ပိုက်ဆံရှိရင်တောင် ဝယ်စားမရဘူး။ ညီမတို့ အလုပ်သမားတွေနဲ့ဆို ဘယ်လိုမှ အဆင်မပြေဘူး။ ပေးတဲ့ အချိန်လည်း တိတိကျကျမရှိဘူး။ မနက် ၈ နာရီလည်းပေးတယ် ၉ နာရီမှလည်း ပေးတယ်။ ညနေဆို ၄ နာရီ တခါတလေ ၅ နာရီမှ ပေးတယ်။ ဈေးသက်သက်သာ စားရဖို့ဆိုတာက ဘယ်လိုမှ အဆင်မပြေတာ။
ပြည်ပကို သွားဖို့ ကိုယ်တိုင် ချိတ်ဆက်ခဲ့တာလား။ တဘက်က ကမ်းလှမ်း ခဲ့တာလား...
ပြောမယ်ဆိုရင်၊ လုပ်ဖော်ကိုင်ဖက် တဦးနဲ့ ချိတ်ဆက်ဖြစ်တာပါ။ သူကလည်း ကိုယ့်အကြောင်းသိတယ်။ အဓိကက ကျွမ်းကျင်ဖို့ ဆိုတော့။ သူဘက်က ကမ်းလှမ်းတယ်လည်း ပြောနိုင်တယ်။ သူတို့ဘက်ကလည်း လိုင်းအလိုက် အယောက် ၂၀ ဆိုလည်း ၂၀ အဲလို လိုချင်တာ။ အဲ့ဒါနဲ့ ကိုယ့်လူနဲ့ ကိုယ် ခေါ်တာမျိုးပေါ့။
ဘာတွေလိုအပ်လည်း ညီမ..
လိုအပ်တာက ကျွမ်းကျင်ဖို့ပဲ ။ တခြားလိုက်မဲ့သူတွေကို မေးတာကတော့။ စက်မျိုးစုံ ချုပ်ဖူးလား။ ပွိုင့် မျိုးစုံ ချုပ်ဖူးလား ဆိုပြီးမေးတယ်။ ဒါပေမဲ့ ညီမတို့ ဟိုဘက်ရောက်ရင် အင်တားဗျူး ပြန်ဝင်ရမယ်။ ချုပ်ပြရမယ်ပေါ့။ အဲဒီမှာဘဲ ဂရိတ်အဆင့်ခွဲမယ်လို့ သိထားတယ်။ နောက် အကြောင်းကြောင်း ကြောင့် မလုပ်နိုင်ရင်တောင် အကူလောက်အထိ ရနိုင်တယ်လို့တော့ ပြောပါတယ်။
ဆေးစစ်တာတွေလည်း လုပ်ရမယ်။ ဒါကတော့ B ပိုး ၊ C ပိုး စစ်တာလောက်ပါပဲ။ တခြားမပါဘူးလို့လည်း ပြောတယ်။ လမ်းခရီးနဲ့ ဟိုဘက်ဝင်ဖို့ တလလောက် စောင့်ရမယ်ပြောတယ်။ ငွေပြန်ပို့ဖို့ အနည်းဆုံး ၂ လလောက် တော့ ကြာနိုင်တယ်။
အကျိုးဆောင်ခနဲ့ ကုန်ကျစာရိတ် ဘယ်လောက် ရှိလဲ...
အကျိုးဆောင်ခရယ်လို့တော့ မပြောဘူး။ ယွမ် ၃၂၀၀ ကို ၇ လ အရစ်ကျနဲ့ ဆပ်ရမယ်။ တလကို ယွမ် ၄၀၀ ကျော်လောက် ဖြတ်မယ့်သဘော ။ အခုလောလောဆယ်ကတော့ ခရီးစာရိတ် လေးသိန်းခွဲ လောက်ကျမယ်။ ရန်ကုန်ကနေ တရုတ်အထိကို လေးသိန်းခွဲ ကျမယ် ပြောထား။ ဒါကတော့ ခေါင်းဆောင်ပြီး သွားမဲ့သူက စိုက်ထုတ် ပေးတာပါ။ အဲဒီ ကုန်ကျစာရိတ်ကို ၂၀ တိုး နဲ့ စိုက်ထားမယ်။ ၃ လနဲ့တော့ အပြီး ပြန်ဆပ်ရမယ်။ အဲ့လို စိုက်ထုတ်မပေးရင်လည်း ကိုယ့်စာရိတ်နဲ့ ကိုယ် သွားလည်းရတယ်။
အတိုးက မများဘူးလား ညီမ..
လစာက ယွမ် ၁၃၀၀ အနိမ့်ဆုံးရမယ်။ ဒီထက်လည်း ပိုပေးမယ်လည်း ပြောထားတော့။ ကုန်ကျစာရိတ်ကလည်း အခုဆို ပြောထားထက် များမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဖြတ်ပြီး ရမဲ့ လစာက ဒီက ရတဲ့ လစာထက်များ တယ်။
ဘယ်လို စာချုပ် ချုပ်လဲ ညီမ..
စာချုပ်ကတော့ တနှစ်ပဲ။ သက်တန်းကုန်ရင် နှစ်ဖက်အဆင်ပြေရင် ထပ်ချုပ် ထပ်လုပ်ပေါ့။
ဆုကြေးတွေဘာတွေ ထည့်ပြောထားလား..
ဒီက အထည်ချုပ် စက်ရုံတွေလိုတော့ မဟုတ်ဘူး။ လုပ်ခလစာနဲ့ အချိန်ပိုခ လောက်ပဲ။ ငွေလဲလှယ်ဈေးနှုန်းတွေနဲ့ ဆို ၁၆ သိန်းကျော်လောက် ထွက်တယ် ဆိုတော့ ။ ဒီမှာနဲ့တော့ ကွာတာပေါ့။
အာမခံချက် ရှိလား ညီမ..
အာမခံချက်ကတော့ နေစရာ၊ စားစရာတွေ ပါတယ်။ စားနိုင်တယ်၊ လုပ်နိုင်တယ်ဆို အဆင်ပြေတယ်။ အလုပ်အကိုင် အတွက်က ကျွမ်းကျင်ဖို့ပဲ၊ နောက်ဆုံးမတတ်လို့ မချုပ်တတ်လို့ ရှိရင်တာင် ဝယ်လွန်ထည့်တဲ့ အလုပ်၊ အကူလုပ်သားလို ခန့်မယ်လို့ ပြောထားတယ်။ စာချုပ် တနှစ် ပေါ့။ သူတို့ ညွှန်ကြားသလိုတော့ နေရမယ်။
ဘယ်လောက် နေမယ်မှန်းလည်း.....
မြန်မာမှာ အပြောင်းအလဲက ဘယ်တော့လည်း မသိရဘူး။ ဆိုးတာက လုပ်ခလစာ မတက်တာပဲ။ တထောင်ချင်း တက်ပေးတာက ကုန်ဈေးနှုန်းကို မမီဘူးဖြစ်နေတယ်။ ကျွန်မလစာက အချိန်ပိုပါမှ သုံးသိန်းဆိုတာ မိသားစု သုံးယောက်အတွက် အဆင်မပြေဘူး။ ဒါကြောင့် နှစ်တော်တော်ကြာကြာ လုပ်ဖြစ်မယ်လို့ မှန်းထား ပါတယ်။
ညီမ ဘာဖြည့် ပြောချင်သလဲ....
ညီမတို့က တတ်နိုင်ရင် ကိုယ့်နိုင်ငံမှာပဲ နေချင်တယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းမြင့်တာက နေထိုင်စရိတ်ပါ ကြီးလာ တယ်။ ကလေးစာရိတ်နဲ့ ဆို လူမှုအဆင့်အတန်းက တဖြေးဖြေး နိမ့်လာတယ်။ အရင် အိမ်ငှားနိုင်တယ်၊ အခု ဝါးတဲတောင် အနိုင်နိုင် ဖြစ်လာပြီ။ လုပ်အားခက တက်မပေးဘူး ။ တက်ပေးလည်း ကုန်ဈေးနှုန်းကို မမီပြန်ဘူး။ ဒါကြောင့် ဒုက္ခခံပြီး သူများနိုင်ငံကို သွားပြီး အလုပ် လုပ်ရတာပါ ။ ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်မှာပဲ အလုပ် လုပ်နိုင်မယ်။ ကုန်ဈေးနှုန်းနဲ့ လုပ်အားခတွေ အဆင်ပြေတယ်ဆို သွားဖို့မရှိပါဘူး။