ARTICLE

အထည်ချုပ် အလုပ်သမတစ်ဦးနှင့် အင်တာဗျူး (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုအထိမ်းအမှတ်)

CoverLogo
170 Views

“တကယ်ဆို လုပ်ငန်းခွင်ထဲမှာ  ဆဲဆိုခိုင်းစေတာကို ထားဦး။ လက်ညှိုးထိုး ခိုင်းခွင့်ရှိလား။ ဒါက ဥပဒေအရ မေးခွန်း မေးကြည့်တာပါ။ လုပ်ငန်းခွင်မှာလည်း ကျွန်မက မေးတယ်။ ဒါကြောင့်လည်း ကျွန်မကို အလုပ်ထဲမှာ မရှိစေချင်ဘူး၊ ထုတ်ချင် ကြတယ်။ “
(မြန်မာအထည်ချုပ်အလုပ်သမားတဦး)

ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုရဲ့ ပထမဆုံးနေ့လည်း ဖြစ်ပါတယ်။ 

ဒီလှုပ်ရှားမှုရဲ့ ပထမဆုံးနေ့ဟာလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပါတယ်။ ဒီကနေ့ကစပြီ ဒီဇင်ဘာလ (၁၀) ရက် လူ့အခွင့်အရေးနေ့အထိ  နိုင်ငံတကာလှုပ်ရှားမှု အနေနဲ့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ 

အမျိုးသမီးများအပေါ် အကြမ်းဖက် မှုရဲ့ အန္တရာယ်ကို မီးမောင်းထိုးပြဖို့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေး ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပြီး ကမ္ဘာနဲ့အဝှမ်းမှာ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှုတွေဟာ အကျယ် ပြန့်ဆုံး ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတစ်ခု အဖြစ် ဆက်လက်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ 

တစ်ကမ္ဘာလုံးမှာ အမျိုးသမီးသုံးဦးထဲက တစ်ဦးဟာ ဘဝတစ်သက်တာမှာ အမျိုးသားတစ်ဦး ဒါမှမဟုတ် အမျိုးသားအချို့ရဲ့ အကြမ်းဖက်ခြင်းကို ခံရနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အကြမ်းဖက်မှုဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ပုံစံအမျိုးမျိုး ရှိနိုင်ပြီး မကြာခဏဆိုသလို မိသားစုတွင်း၊ လုပ်ငန်းခွင်အတွင်း၊ အကြမ်း ဖက်ခံရသူနဲ့ ရင်းနှီးသူ တစ်စုံတစ်ဦးက ကျူးလွန်လေ့ရှိကြတယ်လို့လည်း ပြောဆိုထားပါတယ်။  

Myanmar Labour News က မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အသံထုတ်ဖော်နေပြီး ဖော်ပြထားတဲ့ သတင်းတွေကို လေ့လာစောင့်ကြည့် ခဲ့ရာမှာ လုပ်ငန်းခွင်အတွင် ဆဲဆိုခိုင်းစေမှုတွေ အပါအဝင် တခြားခွဲခြားဆက်ဆံမှုတွေကို သတိပြုမိထားပါတယ်။

ဒါကြောင့် အထည်ချုပ်လုပ်ငန်းမှာ လုပ်သက် ၈ နှစ် ကျော် လုပ်ကိုင်ထားတဲ့ အလုပ်သမား အမျိုးသမီး တဦးကို လုပ်ငန်းခွင် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုသိရှိနိုင်ဖို့  မေးမြန်းထားပါတယ်။ 

Myanmar Labour News ကမေးမြန်းထားတဲ့ အမျိုးသမီးတဦးကတော့ အလုပ်သမားဥပဒေကို တီးမိခေါက်မိရှိတဲ့ အလုပ်သမားတဦး ဖြစ်ပြီး လုပ်ငန်းခွင်မှာ လက်ရှိ ထိခိုက်ခံစားနေရတဲ့ အကြောင်း အရာတွေကို ပြောပြထားပါတယ်။

ဒီတွေ့ဆုံမေးမြန်းမှုက မြန်မာအထည်ချုပ် ကဏ္ဍတခုလုံးကို ခြုံငုံမှု မရှိသလို ၊ အထည်ချုပ်စက်ရုံ တရုံနဲ့ တရုံက အလုပ်သမားတွေ ထိခိုက်ခံစားရတာမတူသလို ချိုးဖောက်ခံရမှု မတူညီဘူးဆိုတာလည်း အသိပေးလိုပါတယ်။

မေး ။ ။ လက်ရှိ အထည်ချုပ်လုပ်ငန်းခွင်က မြန်မာအမျိုးသမီးလုပ်သားတွေအတွက် အဆင်ပြေနေတယ်လို့ မြင်ပါသလား။ 

ဖြေ ။ ။ ခေါင်းဆောင်ပိုင်းတွေရဲ့ ခြိမ်းခြောက်မှု ရှိတယ်လို့ ပြောရပါ့မယ်။ ဖိအားပေးတယ်။ အဲလိုတွေက ရှိနေပါတယ်။ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အလုပ်ဆင်းဖို့ကို ခြိမ်းခြောက်တယ်။ လုပ်ခလစာ ဖြတ်မယ်။ 

နောက် အရည်အချင်းအလိုက်ရတဲ့ ကျွမ်းကျင်မှု အဆင့် (ဂရိတ်ကြေး) ကို ချမယ်လို့ ပြောတယ်။ သတိပေး (ဝမ်တိန်) လက်မှတ် ထိုးခိုင်းမယ်။ ဘောနပ်(ဆု)ကြေးတွေကိုလည်း ဖြတ်မယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက် မှုတွေ ပါပဲ။ 

ဆဲဆိုမှုတွေလည်း ရှိတယ်။သူတို့က ရာထူးလည်း ရှိတယ်၊ လုပ်ကိုင်နိုင်တယ်။ စက်ရုံဘက်ကိုလည်း ပေါက်ရောက် တယ် ။ ဒါနဲ့ပဲ အမျိုးသမီးအချင်းချင်းလည်း ဆဲတယ်။ ဆဲတယ်ဆိုရင် ဖေရယ်၊ မောင်ရယ်တွေ ထည့်ပြီး ဆဲဆိုတာတော့ မဟုတ်ဘူး။

 ေ-ာက်ကောင်မတွေ၊ -ဖာသည်မတွေ၊ တတောင်းစားမတွေ အဲလိုစကားမျိုးတွေနဲ့   ဆဲပြီးပြော တယ်။ စိတ်အား ညှိုးငယ်ရအောင်ကို ဆဲတာ။  ဒါက ဒီအထည်ချုပ်လုပ်ငန်းခွင်မှာ ကြားနေ မြင်နေရတာ။ နေ့တိုင်း ကို ပြောဆိုခံရတာတွေပါပဲ။


မေး ။ ။ ဒီလို ပြောဆိုတာတွေကြောင့် အမျိုးသမီးအလုပ်သမားတွေ ဘယ်လောက်အထိ ခံစားခဲ့ရလဲ။ 


ဖြေ ။ ။ ခံစားခဲ့ရတာတွေက အများကြီးပဲ ဖြတ်သွားဖြတ်လာလုပ်ရင်တောင်  စောင်းမြောင်းပြောဆိုတယ် ။ သူတို့က အာဏာရှိတယ်၊ ဆုံးဖြတ်နိုင်တဲ့သူတွေဆိုပြီး ဖိနှိပ်တာမျိုး။ တိုင်ချင်တဲ့ ဆီ သွားတိုင်တို့၊ ပြောချင်တဲ့ေ-ာင်မကို သွားပြော ဆိုတာမျိုး ကြမ်းကြမ်းတမ်းပြောတယ်။ တက်ချင်တဲ့ဆီ တက်ပြော၊ ေ-ာက်ဂရုမစိုက်ဘူးတို့ အဲ့လို စကားတွေ ပြောတယ်။

မဟုတ်မခံ ပြန်ပြောသူမို့ပဲ ရည်ရွည်ပြီး စောင်းမြောင်း ပြောတာ။ လိုင်းထဲမှာကို ဒီေ-ာင်မကို မျက်မှန်းကျိုးနေတာ၊ အဲ့ေ-ာင်မကို ကြည့်မရဘူးဆိုပြီး ပြောတယ်။ အဲလိုတွေတောင် ခွဲခြားဆက်ဆံ ခံရတယ်။   

အလုပ်လုပ်နေတုန်း သီချင်းငြီးမိရင်တောင် လာပြောတယ်။ ပဲထည်ကျမယ်တို့ ၊ ဝမ်တိန်းထိုးခိုင်းမယ်ဆိုပြီး ဖိအား ပေးတယ် ။ သီချင်းငြီးတာကတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ။ ဒါမျိုးတွေကိုတောင် ကန့်သတ်ကြတယ်။ ဒီလို ပြောနေတာမျိုးက တော်တော်လည်း ဒေါသထွက်ရတယ်။

လူတွေကြားမှာ ဆဲတယ်၊ အော်ဟစ်ပြောတယ်ဆိုတာ၊ အမျိုးသမီးတဦးအတွက် အများကြီး စိတ်ထိခိုက်ရတယ်။ ပြောမယ်ဆိုရင် ကိုယ့်မိဘတောင် သူတို့ ပြောသလို ဆဲသလို မပြောကြဘူး။ တခါတလေ မျက်ရည်ကျတဲ့ အထိ ထိခိုက်ရတယ်။ နောက်နေ့ အလုပ်မသွားချင်လောက်အောင် ဖြစ်ရတယ်။ 


မေး။ ဒီအထည်ချုပ် လုပ်ငန်းခွင်အတွင်းက အမျိုးသမီးတွေက အခက်အခဲက ဘာတွေ ဖြစ်မလဲ။  

အလုပ်ခွင်ထဲမှာ တခြားခြိမ်းခြောက်မှုက မလုံခြုံမှုတွေပါပဲ။ လွန်ခဲ့တဲ့ တရက်က အလုပ်ချိန် ၈ နာရီ အချိန်ပို နှစ်နာရီအပြင် နောက်ထပ် အချိန်ပို ၅ နာရီထပ်လုပ်ခိုင်းတယ်။ ည ၁၂ နာရီအထိပေါ့။ စက်ရုံကနေ ည ၁၂ နာရီပြန်လို့ ရပေမဲ့ စက်ရုံဘက်က ဖယ် ရီစီစဉ်မပေးဘူး။ 

တချို့ကတော့ စက်ရုံမှာ ဖြစ်သလို အိပ်တယ် ။အခင်းတွေ စောင်တွေ စက်ရုံဘက်က စီစဉ်မပေးပါဘူး.။ အဆင်ပြေတဲ့ နေရာတွေမှာပဲ ဖြစ်သလို အိပ်ရတယ်။ နောက် စက်ရုံမီးကို လုံးဝ ဖွင့်မပေးတာ။ ပြန်တဲ့သူကတော့ နီးနီးနားနားဆို အလုပ်သမားတွေ ငါးယောက် ခြောက်ယောက် အဲလိုစုပြီးလမ်းလျှောက် ပြန်ပါတယ်။ ခရီးက တနာရီကျော် အကြာ လျှောက်ရတဲ့ နေရာကို ပြန်ရတာပါ။

ဒီလိုခေတ်မှာ လုံခြုံတဲ့ ခံစားချက်မျိုး မရဘူး ။ ဘယ်လို ထွက်လုမလဲ။ ဘယ်ကားနဲ့ ဘယ်လို ဖမ်းမလဲ။ ဘယ်ကို ခေါ်သွားမလဲ ဆိုပြီး ဖြစ်တယ်။ စိတ်လုံခြုံမှု မဖြစ်ဘူးပေါ့။

ပိတ်ရက်တွေများလာရင် အဲ့ဒီ ပိတ်ရက်အတွက် အစားဆင်းပေးဆို ပြီး ခိုင်းတယ်။ နောက်က အချိန်ပိုဆင်းတဲ့ နာရီတွေကို ရက်စားထဲ ထည့်တယ်။ အချိန်ပိုလုပ်အားခ နှစ်ဆ ၊ နောက် ရက်စားဆိုတဲ့နေ့တွေလည်း တနင်္ဂနွေတို့၊ စနေနေ့တွေ ။ ဒါတွေက လုပ်အားခကို ခေါင်းပုံဖြတ်တာ ၊ လုပ်အားကိုလည်း ခေါင်းပုံဖြတ်နေတာပါ ။ ဥပဒေကို ချိုးဖောက်ပြီး ခိုင်းနေတဲ့ ပုံစံတွေပါ။    

လုပ်အားကို အစွမ်းကုန် ညစ်ထုတ်ပြီး ခိုင်းတယ်။ နားရက်လည်းမနားရဘူး၊ နားချိန်ကြတော့လည်း အပြည့်အဝ မပေးဘူး ။ အိုတီမဆင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အကြောင်းတခုခုကြောင့် စက်ရုံပြင်ပ ထွက်ခွာချင်လို့ပဲ ဖြစ်ဖြစ် ဂိတ်ပတ်စ် တောင်းရင်တောင် အော်ငေါက်ပြီး မပေးကြဘူး။ 


မေး ။ ။ အမျိုးသမီးတွေကို ရည်ရွယ်ပြီး အကြမ်းဖက်မှုတွေ က ဘာတွေလဲ။ 


ဖြေ ။ ။ အမျိုးသမီးအချင်းချင်း ဩဇာ အာဏာနဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်။ အောစူပါက အလုပ်သမားတယောက်ကို မလိုချင်တော့ဘူးဆိုရင် ၊ စက်လိုင်းပြောင်းဖို့ စပြီးကြိုးစားတယ်။ လိုင်းအပြောင်းခံရတဲ့ အလုပ်သမားက အလိုလို စိတ်ဓါတ်ကျသွားပြီး၊ နောက်ဆုံး အလုပ်ကထွက်သွားရတာမျိုးပေါ့။  အလုပ်ထွက်သွားအောင် ရည်ရွယ် လုပ်တာမျိုးတွေ ။ အရည်သွေးမရှိလို့ မလုပ်နိုင်လို့ အပြောင်းခံရတယ်ဆိုပြီး အများက အမြင်မှာလည်း ဖြစ်တော့  ၊ ခံရတဲ့ အလုပ်သမားက ရှက်လည်းရှက်၊ လိုင်းအသစ်မှာ နေသားမကျနဲ့ နောက်ဆုံး အလုပ်ထွက်ရတယ်။ 

ကျွန်မ အတွေ့အကြုံအရဆိုရင်  လိုင်းပြောင်းတာ လက်မခံရင် ရုံးခန်းက HR ဆီခေါ်တယ်။ HR ရှေ့မှာပဲ ဩဇာ အာဏပြပြီး မဖြစ်မနေ လိုင်းပြောင်းရ မယ်ဆိုပြီး အောစူပါဆိုသူက ပြောတယ်။ ကျွန်မက အလုပ်နဲ့ ပတ်သက်ရင် ဘာမှ မမှားတော့ ၊ ဒါကို လက်မခံခဲ့ဘူး။ 

သူတို့က ပြန်ပြီး ခြိမ်းခြောက်တယ်။ ဂိတ်ပတ်စ် မပေးဘူးတို့၊ ရက်ပျက်တာနဲ့ ဖြတ်မယ်တို့ ပေါ့။ အာဏာတွေကို သုံးပြီး အလုပ်သမား အခွင့်အရေးကို ကန့်သတ်ခံရတယ်။ အခုချက်ချင်း အလုပ်ထုတ်လိုက်လို့ရတယ်တို့၊ ဝမ်တိန် ထိုးခိုင်းမယ် ဆိုပြီးလည်း ခြိမ်းခြောက်တာခံရတယ်။ အလုပ်သမားလေးတွေကတော့ ကြောက်လန့်ကြတယ်။

လုပ်ငန်းခွင်မှာ ဖြေရှင်းလို့ရတဲ့ ပြဿနာကိုတောင် အများရှေ့မှာ အော်ပြီး အရှက်ခွဲတာတွေလည်း ရှိတယ်။ 
အလုပ်အကိုင်မှာ ခွဲခြားဆက်ခံရတာဆိုရင် တခြားစက်ရုံမှာ လီတာ(ခေါင်းဆောင်) အနေနဲ့ အလုပ်ရရင်တောင်၊ ကျွန်မလုပ်တဲ့ စက်ရုံမှာ အနိမ့်ဆုံး ဂရိတ်ပဲ ရတယ်။ အရည်အသွေး ရှိတာတောင် ကန့်သတ်ခံရတာတွေက အများကြီးပဲ။ ပြောရင်တော့ အများကြီးပဲ။  


မေး ။ ။ လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကိုရော ဘယ်လို အခွင့်အရေးတွေ ပေးလဲ။ 


ဖြေ  ။ ။ အထည်ချုပ်လုပ်သားထဲမှာ ကိုယ်ဝန်ဆောင်သည် အလုပ် လုပ်ကြတယ်။ ဒါပေမဲ့ သာမန်အလုပ်သမားတွေနဲ့ တန်းတူ လုပ်ကြရတယ်။ သီးခြားသက်သာတဲ့နေရာ ထားပေးတာမျိုးတော့ မရှိဘူး ။ သူတို့ရဲ့ ရွေးချယ်မှုနဲ့လည်း ဆိုင်တယ် ထင်တယ်။ ဒါပေမဲ့ လုပ်ငန်းခွင်ထဲမှာ  တခြားအလုပ်သမားတွေလိုပဲ သူတို့လည်း ပြောဆိုခံရတယ်၊ ဖိအားပေးခံ ရပါတယ်။

ဖယ်ရီစီးတဲ့နေရာတွေမှာ ဆိုရင် မြင်မကောင်းဘူး။ ရှေ့ခန်းကပဲ ထိုင်လိုက်တဲ့ စူပါတွေက ကိုယ်ဝန်သည်တွေကို နေရာမပေးတာတော့ တွေ့ဖူးပါတယ်။ စက်ရုံက အလုပ်ဆင်းရင်တော့ ကိုယ်ဝန်ဆောင်တွေ  ကို စောလွှတ်ပေးပါတယ်။ 


မေး  ။ ။ လုပ်ငန်းခွင်ထဲမှာ အများဆုံးအကြမ်းဖက်ခံရတယ်ဆိုတဲ့ အကြောင်းအရာက ဘာလဲ ညီမ။ 


ဖြေ ။ ။ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွေ၊ အချိန်ပိုဆက်လုပ်ခိုင်းလို့ ကိုယ်က မလုပ်နိုင်ဘူးဆိုရင် ခြိမ်းခြောက်တယ်လို့ ခံစားရတယ်။ စိတ်ထိခိုက်လောက်ကို ခံစားရတယ်။ နင်တို့မဆင်းနိုင်ရင် ေ-ာက်လုပ် လာမလုပ်နဲ့တော့ ၊ ဒီလောက်မှ မလုပ်နိုင်ဘူးလား၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေကျ အဲလိုတွေ၊ ဝင်ငွေတွေလျော့အောင် နဲ့ အလုပ်ကိုင်  မမြဲအောင် ခြိမ်းခြောက်တာတွေက အများဆုံးပဲ။ ဂရိတ်ကြေးသတ်မှတ်တာလည်း အောစူပါတွေပဲ ဆိုတော့ ကိုယ်ရဲ့ လစာ အနည်းအများက သူတို့ လက်ထဲမှာလို ဖြစ်နေတယ်။ 


မေး ။ ။ လုပ်ငန်းခွင်ထဲက အကြမ်းဖက် ခြိမ်းခြောက်မှုတွေက ဘာကြောင့်ဖြစ်နေတယ်လို့ မြင်ပါသလဲ။ 


ဖြေ ။ ။ စက်ရုံက တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ဥပမာ HR မန်နေဂျာက အောစူပါလို ကြီးကြပ်ရေးအဆင့်ရှိသူတွေ ဆဲဆို ခြိမ်းခြောက်မှုတွေကို ဖုံးကွယ်မထားဘူး၊ ကာကွယ်ပေးထားမျိုး မလုပ်ဘူးဆိုရင် ဖြစ်ဖြစ်၊ ဆဲဆိုတာတွေကို ခွင့်မပြု ဘူးဆိုရင် အလုပ်သမားတွေ အခုလို ခံစားရမှာမဟုတ်ဘူး။ ဆဲဆို ခြိမ်းခြောက်မှုတွေ လုပ်နေတာကို စက်ရုံ တာဝန်ရှိသူတွေက သိနေတယ်။

ဒါကိုပဲ အလုပ်အတွက် လုပ်နေတယ်ဆိုပြီး ခွင့်ပြုထားတာကတော့ ကျွန်မတို့လို အလုပ်သမားတွေအတွက် အကာအကွယ်ဖြစ်တော့ဘူး ။ ဒါကြောင့် မကြိုက်ဘူး။ 


မေး ။ ။ လုပ်ငန်းခွင်ထဲမှာ  ဆဲဆိုခိုင်းစေတာကို စက်ရုံတာဝန်ရှိတဲ့သူက ဘယ်လို ဖြေရှင်းပေးလဲ။


ဖြေ  ။ ။ စက်ရုံက တာဝန်ရှိသူတွေ ရှေ့မှာပဲ ဖြစ်နေတာဆိုတော့၊ ဘာမှ မဖြေရှင်းပေးပါဘူး။ ဒါကြောင့်လည်း လုပ်ငန်း ခွင်မှာ ဆဲဆိုခိုင်းစေတဲ့သူတွေက ကိုယ်တိုင် ပြုပြင်ပြောင်းလဲတယ်ဆိုလည်း မရှိပါဘူး။ ဆဲဆိုတာတွေက ကြာတော့ ခွင့်ပြုချက်ရနေတဲ့ လက်သုံးစကားလို ဖြစ်နေတယ်။ ဒါကြောင့်လည်း အကြိမ်ကြိမ် အထပ်ထပ် ဖြစ်နေတာ။ 

တကယ်ဆို လုပ်ငန်းခွင်ထဲမှာ  ဆဲဆိုခိုင်းစေတာကို ထားဦး။ လက်ညှိုးထိုး ခိုင်းခွင့်ရှိလား။ ဒါက ဥပဒေအရ မေးခွန်း မေးကြည့်တာပါ။ ဒီလိုလဲ ကျွန်မက မေးတယ်။ ဒါကြောင့်လည်း အလုပ်ထဲမှာ မရှိစေချင်ဘူး၊ ထုတ်ချင် ကြတယ်။ 


မေး။ လုပ်ငန်းခွင်ထဲက ဆဲဆို ခြိမ်းခြောက် ခိုင်းစေတာတွေကို ဘယ်လို ဖြစ်သင့်တယ်လို မြင်လဲ။


လုပ်ငန်းခွင်ထဲမှာ  အလုပ်တွေပြီးဖို့ တွန်းတယ်လို့ သူတို့တွေ ပြောလေ့ရှိတယ်။ အဲလို တွန်းချင်တယ်ဆိုရင် အလုပ်သမားတွေ လက်ခံနိုင်တဲ့ အသုံးနှုန်းတွေနဲ့ ပြောမယ် ခိုင်းမယ်ဆိုရင် အလုပ်သမားတွေအတွက် အဆင်ပြေပါတယ်။ 
လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာတွေ၊ ဆဲဆိုပြီးခိုင်းတာ၊ ခြိမ်းခြောက်ပြီးခိုင်းတာတွေက လုံးဝ မရှိသင့်ဘူးလို့ မြင်ပါတယ်။ 


မေး ။ ။ လုပ်ငန်းခွင်ထဲက ဆဲဆို ခြိမ်းခြောက် ခိုင်းစေတာတွေကို ဘယ်လို ကာကွယ်နိုင်ရင် ရနိုင်မလဲ။


ဖြေ ။ ။ အလုပ်သမားအရေး ကျွမ်းကျင်သူတွေ၊ ဥပဒေသမားတွေနဲ့ အလုပ်သမားအဖွဲ့အချုပ်တွေက အကူအညီပေးနိုင်ရင် အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်မယ်လို့ မြင်ပါတယ်။ နောက် အလုပ်သမားတွေရဲ့ အသံကို များများ နားထောင်ပြီး ထုတ်ဖော်ပေးဖို့လည်း လိုအပ်ပါတယ်။ 

လုပ်ငန်းခွင်အတွင်းက ဆုံးဖြတ်ပေးနိုင်သူတွေ ကိုရော၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကိုရော ၊ အလုပ်သမား တွေကိုရော ဥပဒေနဲ့ အသိပညာပေးတာတွေလည်း လုပ်ပေးမယ်၊ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက် နိုင်ရင်တော့ အလုပ်သမားတွေ အကာအကွယ်တွေ  ပိုရလာမယ်။ ထိခိုက်ခံစားရမှုတွေ သက်သာလာမယ်လို့ မြင်ပါတယ်။ 


Photo - IndustirAll Global Union
 #MyanmarLabourNews


Related posts

Cover
မြန်မာရွှေ့ပြောင်းလုပ်သား အရေး NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်နီထံ မေးမြန်းချက်
Oct 11, 2024
Cover
ဘာကြောင့် တရုတ်နိုင်ငံဆီ ရွှေ့ပြောင်းလုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ရသလဲ။
Sep 09, 2024
Cover
အိမ်တွင်းအလုပ်သမားတွေကို အလုပ်သမားတယောက်လို ဥပဒေအရ အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။
Jun 16, 2024
Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024
Cover
"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"
May 01, 2024
Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024