NEWS

အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ  မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို

CoverLogo
762 Views

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းထဲက စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်ရေး စက်ရုံမှာ  အမျိုးသမီးအလုပ်သမားအားလုံးကို  တစ်ဦးချင်း ထဘီလှန်ပြီး ရာသီလာ မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေ  ထိထိရောက်ရောက်အရေးယူပေးစေလိုတယ်လို့  အလုပ်သမားတွေက  ပြောပါတယ်။  

"စက်ရုံမှာက အိမ်သာတွေမှာကျအမှိုက်ပုံးပေးမထားဘူး။ ဒီလိုအမျိုးသမီးကိစ္စတွေဖြစ်ပြီဆိုရင် အိတ်နဲ့ထုပ်ပြီးအိမ်ကိုပြန်သယ်ရတာ။ အဲဒါကိုပစ်မိတဲ့ကောင်မလေးက သူကအသစ်ဆိုတော့ ဘယ်မှာပစ်ရမှန်းမသိတော့စက်ရုံရဲ့အမှိုက်ပုံးထဲမှာပစ်လိုက်တာ။ မသိဘဲပစ်လိုက်တော့ အမှိုက်သိမ်းတော့ တွေ့သွားတော့ စက်ရုံမှူးကအကုန်ခေါ်တယ်။ မေးတော့ကောင်မလေးကမပြောရဲတော့ မန်နေဂျာရယ် စက်ရုံမှူးရယ်က အကုန်စစ်မယ်ဆိုပြီးထမိန်တွေအကုန်လှန်စစ်တာ။ စစ်တော့ရာသီလာနေတာ ၃ယောက်တွေ့တယ်။ အဲ့ဒီ ၃ယောက်ကိုဝန်ခံခိုင်းတာ။ ဝန်ခံခိုင်းတုန်းရှိသေးတယ်စက်ရုံဆင်းချိန်ရောက်တော့ မနက်ဖြန်ထပ်စစ်မယ်ဆိုပြီးပြီးသွားတယ်။ ဒီနေ့ကျတော့ အဲ့၃ယောက်ထဲက အဲဒီကောင်မလေးကမလာတော့ဘူး။ မလာတော့အဲဒီကောင်မလေးပဲဆိုတာသိလိုက်ပြီး ဒီအတိုင်းပြီးသွားတယ်။ ဒါပေမဲ့ ဒီအတိုင်းပြီးသွားပေမဲ့ထမိန်လှန်ပြီးအကုန်စစ်ခံရတဲ့မိန်းကလေးအကုန်က မကျေနပ်တော့ ဒါကိုထိထိရောက်ရောက်အရေးယူပေးစေချင်တာပါ" လို့ အလုပ်သမားတွေနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။ 

အဆိုပါစက်ရုံမှာ အမျိုးသမီးအလုပ်သမား  ၄၀ ကျော်ရှိတာဖြစ်ပြီး  အလုပ်သမားအားလုံးကို  တစ်ဦးချင်းစီ  လုံခြည်လှန်ပြီး အတွင်းခံမှာရာသီလာမလာကို လိုက်လံစစ်ဆေးခဲ့တာဖြစ်သလို  စစ်ဆေးသူဟာ အမျိုးသမီးဖြစ်ပေမဲ့လည်း  CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာဖြစ်တာကြောင့်  အဲဒီလိုစစ်ဆေးတဲ့အပေါ်  သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့  အရေးယူပေးစေလိုတယ်လို့ ဆိုပါတယ်။  

"သူတို့ကပြောဆိုဆက်ဆံတာကြမ်းတမ်းတော့ အလုပ်သမားတွေကကြောက်ကြတယ်။ ဆဲဆိုတာကလည်းတော်တော်ဆိုးတယ်။ ပြောရင်ရှေ့ခေါ်ထုတ်ပြီးပြောတော့ရှက်ပြီးအလုပ်ထွက်ကြတာတွေလည်းအများကြီးပဲ။ အချိန်ပိုကြေးတွေဆိုရင် ရှေ့လကလည်း တနင်္ဂနွေနေ့တိုင်းလိုလိုOTဆင်းခိုင်းပြီး အချိန်ပိုကြေးနှစ်ဆပေးရမှာကိုမပေးဘဲ ပုံမှန်အတိုင်းပဲပေးတယ်။ အလုပ်ချိန်မနက် ၈နာရီ ၊ ညနေ ၅နာရီဆိုပေမဲ ညနေ၆နာရီထိုးခါနီးအထိဆင်းပေးရတယ်။ စံချိန်တွေလည်းမဖြစ်နိုင်တဲ့နှုန်း တွေတောင်းတယ်” လို့ ဆိုပါတယ်။ 

အဆိုပါစက်ရုံရဲ့ အိမ်သာတွေထဲမှာ အမှိုက်ပုံးမထားပေးဘဲ အမျိုးသမီးများ ရာသီလာပါက  အသုံးပြုပြီးတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ပလပ်စတစ်အိတ်နဲ့ထုပ်ပြီး မိမိတို့အိမ်ကိုပြန်သယ်ရန်သတ်မှတ်ထားပြီး အမှိုက်ပစ်မိရာက  အမျိုးသမီးအလုပ်သမားအားလုံးကို ထဘီလှန်ပြီးစစ်ဆေးခဲ့ရာ ရာသီလာနေတဲ့အလုပ်သမား ၃ ဦးတွေ့ရှိခဲ့လို့ စကားလုံးကြမ်းကြမ်းတမ်းတမ်း ပြောဆိုကာ အတင်းအကျပ်ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်။  

အခုလို အမျိုးသမီးလုပ်သားတွေအပေါ် ချိုးဖောက်ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FGWM က ရှုတ်ချပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

"ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ ကျမတို့  လုံးဝရှုံ့ချပါတယ်။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလည်းဖြစ်တယ်။ အမျိုးသမီးအလုပ်သမား အများဆုံး ရှိ နေတဲ့ လုပ်ငန်းခွင်ထဲ၊  မိုးလင်း မိုးချုပ် နေ့တဓူဝ ဒီလုပ်ငန်းခွင်ထဲရှိနေတဲ့အချိန်က အများ ဆုံးဖြစ်တယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ အလုပ်သမားအားလုံးရဲ့ လိုအပ်ချုပ်မှန်သမျှ ကိုလုပ်ဆောင် ပေးဖို့ လုပ်ငန်းရှင်မှာအပြည့်အဝတာဝန်ရှိပါတယ်။ လုပ်ငန်းရှင်အနေနဲ့ဒီလိုလုပ်ရပ်မျိုးကိုလုပ်တာအင်မတန်မှလူမဆန်တဲ့လုပ်ရပ်လည်းဖြစ်တယ် ။ ကိုယ့်လုပ်ငန်းခွင်ထဲမှာရှိနေတဲ့အလုပ်သမားတွေကို ကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ အခြေအနေမျိုးက စစ်အာဏာသိမ်းပြီး ထဲက လုပ်ငန်းရှင်တွေရဲ့ ခေါင်းထဲအလိုလိုရောက်လာတယ် ပြီးတော့ အာဏာကုန်ထုတ်သုံးပြီး ဖိနှိပ်တယ်၊ အနိုင်ကျင့်ဗိုလ်ကျ စော်ကားတယ် ၊ ခြိမ်းခြောက်တယ် ၊ အဆိုးဆုံးကအခုလိုလုပ်ရပ်ဖြစ်တယ် ဒါလုံးဝလက်မခံနိုင်တဲ့ကိစ္စဖြစ်တယ် ။ မတ်လ ၈ ရက်နေ့ နိုင်ငံတကာမဟာမိတ် သမဂ္ဂ တွေ ညီအမတွေစုပေါင်းပြီး” ဓမ္မတာ လစဥ်သုံး ဂွမ်းထုတ်လိုသူတိုင်း လူတိုင်းရရှိရေး “ ခေါင်းစဥ်နဲ့ကမ်ပိန်းလှုပ်ရှားမှုတောင်းဆိုမှု လုပ်ဆောင်တာမကြာသေး ဘူး ဒီဖြစ်စဥ်ကိုကြားရတော့ ကျမတို့အနေနဲ့ လက်ခံလို့မရဘူး ၊ ဆက်ပြီး လုပ်ဆောင်စရာရှိတာလုပ်ဆောင်မယ် ဒီစက်ရုံမှာရှိနေတဲ့ ကုန်အမှတ်တံဆိပ်ကို စာပို့မယ် မဟာမိတ်အဖွဲ့တွေနဲ့ ညီမတွေနဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်တာဆက်လုပ်သွားဖို့ ရှိပါတယ်။"လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FGWM  - အမျိုးသမီးကော်မတီ တာဝန်ခံ ဒေါ်ခင်သန္တာမိုး က ပြောပါတယ်။

အဲ့ဒီစက်ရုံမှာ HR လည်းမရှိဘဲ ဆေးရောင်းတဲ့ Page admin သာရှိပြီး  စက်ရုံမှူး အမျိုးသမီးကသာ စီမံခန့်ခွဲတာဖြစ်သလို အလုပ်သမားတွေကိုအချိန်ပိုခေါ်ယူရာမှာလည်း  အစိုးရရုံးပိတ်ရက်မှာခေါ်ယူတိုင်း အချိန်ပိုကြေးနှစ်ဆမရဘဲ ပုံမှန်အတိုင်းသာပေးချေတာ  အလုပ်ချိန်ကိုလည်း နံနက်၈နာရီကနေ  ညနေ ၅ နာရီနဲ့ ၆နာရီတွေအထိလုပ်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။ 

အလုပ်သမားတွေအပေါ် ကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံတာ ဆဲဆိုတာတွေလုပ်လေ့ရှိသလို အချိန်ပိုကြေးအပြည့်မရတာတွေနဲ့ သင်္ကြန်ပိတ်ရက်မရတာတွေ စတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံက စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်တာဖြစ်သလို ဆေးကုခန်းလည်းထားရှိထားပြီး စင်္ကြာမင်းကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေးတဲ့ တိုင်းရင်းဆေးတွေကို ထုတ်လုပ်တာလည်းဖြစ်ပါတယ်။

 


Related posts

Cover
မြန်မာရှိုင်းလုံစက်ရုံက အလုပ်သမား ၅ ဦးကို အလုပ်ထုတ်
Mar 31, 2025
Cover
စကြာမင်း တိုင်းရင်းဆေးစက်ရုံ အလုပ်သမားများအား တခြားအလုပ်များ ခိုင်းစေပြီး EC စာချုပ် ချိုးဖောက်
Mar 31, 2025
Cover
Myanmar Fala Fala Clothing Co.,Ltd အချိန်ပို အတင်းအကျပ်ခိုင်း
Mar 31, 2025
Cover
Sanyuan အထည်ချုပ် EC စာချုပ် ချိုးဖောက်၊ လက်မှတ်ထိုင်းခိုင်း
Mar 31, 2025
Cover
ငလျင်ကြောင့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် သေဆုံးကာ ဝန်ထမ်းအချို့ဒဏ်ရာရရှိ
Mar 31, 2025
Cover
Dishang Fashion အထည်ချုပ် သမဂ္ဂခေါင်းဆောင်ဟောင်းအား အတင်းအကျပ် အလုပ်ထုတ်
Mar 31, 2025
Cover
စက်ရုံအထည်ချုပ်အလုပ်သမားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပါးရိုက်၊ ထိုင်ထလုပ်ခိုင်း
Mar 31, 2025