NEWS

မြန်မာရွှေ့ပြောင်းလုပ်သား အရေး NUG အလုပ်သမားဝန်ကြီးဌာနထံ မေးမြန်းချက်

CoverLogo
61 Views

MLN (၁)။       စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ စီဒီအမ် ဝန်ထမ်းတွေနဲ့ နိုင်ငံရေးလုပ်ဆောင်သူတွေ အများအပြား ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီလို အုံလိုက်ကျင်းလိုက်ဝင် ရောက်တဲ့အပေါ် လက်ရှိမှာ အထောက်အထားမဲ့သူတွေကို ဖမ်းဆီးတာတွေလည်း မြင့်တက်လာနေပါတယ်။ ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးတာတွေကြောင့်လည်း တရားမဝင် မြန်မာ ၂ သိန်းနီးပါး ဖမ်းဆီးခံရတယ်လို့ သိထားရပါတယ်။ ဒီလိုအခြေ အနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအတွက် ဘယ်လို အကူအညီတွေ ပေးနေပါသလဲ။ မြန်မာပြည်သူပြည်သား တွေရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘာများပြောကြားလိုပါသလဲ။

ဖြေ (၁)။         သက်ဆိုင်ရာနိုင်ငံ အစိုးရတစ်ရပ်ရဲ့ ဥပဒေအရပဲဖြစ်ဖြစ်၊ စီမံချက်အရပဲဖြစ်ဖြစ် ဆောင်ရွက် နေတာတွေကိုတော့ မပြောလိုပါဘူး၊ ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့တော့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို အကြမ်းဖက် စစ်အုပ်စုကြောင့် ဆင်းရဲဒုက္ခရောက်နေရတဲ့ ကျနော်တို့ နိုင်ငံသားတွေအပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ပေးဖို့၊ လိုအပ်နေတဲ့ မြန်မာနိုင်ငံသား တွေအပေါ် ထိထိရောက်ရောက်ဖြစ်စေလိုဖို့ အမြဲတောင်းဆိုတိုက်တွန်းတာတွေ ရှိပါတယ်၊ လူသားချင်း စာနာထောက်နာမှု ဆိုတဲ့နေရာမှာ စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေအပြင် စစ်အုပ်စု၏ အန္တရာယ်ပြုမှုကနေ ဘေးလွတ်ရာ နယ်စပ်ဒေသ၊ ပြည်ပကို တိမ်းရှောင် ထွက်ပြေး လာပြီး ခိုလှုံနေကြတဲ့ နိုင်ငံသားတွေကို ယာယီ ခိုလှုံခွင့် ရရှိရေးပါ ပါတယ်၊

                    ၂၀၂၁ စစ်တပ်က အာဏာလုယူမှုကို ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာပြည်သူ တွေက လက်မခံကြဘဲ တွန်းလှန်နေကြတာပါ၊ ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေကလည်း ဒီနွေဦးတော်လှန်ရေး ဒီမိုကရေစီ လှုပ်ရှားမှုမှာ အင်အားစုကြီး တစ်ရပ်အနေနဲ့ ပါဝင်နေကြပြီး စစ်တပ်ရဲ့ မတရားတဲ့ အမိန့်မှန်သမျှ အကြမ်းမဖက် အာဏာဖီဆန်နေကြပါတယ်၊ စစ်ကောင်စီထံ အခွန်ငွေ မဆောင်ဘူး၊ စစ်ကောင်စီ ဘဏ် တွေကတဆင့် မိသားစုလွှဲပို့ငွေ ဖိအားပေး လွှဲပို့တာတွေ မလုပ်ဘူး။ CI လည်း မလုပ်လို ကြဘူး စတဲ့ စစ်ကောင်စီထံ သွေးစွန်းငွေ ဖြစ်စေမယ့် အရာတွေ မလုပ်ကြဘူး၊ စကစ လက်အောက်ခံ သံရုံးတွေကလည်း အဲဒီလိုဒီမိုကရေစီရေး လိုလားတဲ့ နိုင်ငံသားတွေရဲ့ Passport တွေကို သက်တမ်းတိုး မပေးဘူး၊ ဒီတော့ အထောက်အထားမဲ့တွေ ဖြစ်ကုန် တယ်၊ ဒီလို နိုင်ငံသား တစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေ ချိုးဖောက်နေတဲ့ စကစရဲ့ လုပ်ရပ်တွေ၊ အခြေအနေတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေဘက်က သူတို့ရဲ့ အချုပ်အခြာပိုင် နိုင်ငံတွေထဲမှာ ဆောင်ရွက်နေတာတွေ လက်မခံဖို့ ကျနော်တို့လည်း အမြဲကြိုးစားနေပါတယ်၊ မြန်မာနိုင်ငံသား၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိရဲ့ နေထိုင်ရပ်တည်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ အစိုးရက ထုတ်ပေးတဲ့ အထောက်အထား ဥပမာ- ထိုင်းနိုင်ငံမှာဆို Nan-Thai Identification Card (ပန်းရောင်ကတ်) တွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း ထိုင်းအစိုးရ ထံကို ပန်းရောင် ကတ် လုပ်ငန်းစဉ်တွေ အမြန်ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒီလိုအထောက်အထားလေးတွေ ကိုင်ဆောင်ထားခြင်းအားဖြင့် ဖမ်းဆီးခံရမှုတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

 

MLN(၂) ။        အထောက်အထား စာရွက်စာတမ်းတွေနဲ့ ဝင်ရောက်အလုပ်လုပ်ကိုင်တဲ့ MOU လုပ်သားတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံလွှဲပို့ ငွေ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ ပေးရမယ်လို့ အတင်းအကျပ် တောင်းခံတာတွေရှိ လာပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတုန့်ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင် ထားပါသလဲ။

ဖြေ (၂) ။        အခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ ပေးရမယ် စစ်ကောင်စီရဲ့ ကြေညာချက်တွေက မတရားတဲ့ အမိန့်တွေသာ ဖြစ်ပါတယ်၊ ရွှေ့ပြောင်းအလုပ်သမား တွေရဲ့ ရရှိတဲ့ လစာဝင်ငွေအပေါ်မှာ အခွန်နှစ်ထပ် မပေးဆောင်ရေး နှစ်နိုင်ငံ သဘောတူညီချက်တွေကို ဖောက်ဖျက်ရာ ရောက်ပါတယ်၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း ကိုလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ကနေ ဖိအားပေး လွှဲပို့စေတာဟာလည်း သူတို့ရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက်သာ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ အပေါ်မှာ အဓမ္မခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး ရတဲ့နည်းနဲ့ ပြည်သူအပေါ် ဖိနှိပ်သတ်ဖြတ်ဖို့ သွေးစွန်းစေမယ့် ငွေကြေး လိုအပ်ချက်ကို ရှာဖွေနေခြင်းဖြစ်ပါတယ်၊ ဒီလုပ်ရပ်တွေ အပေါ်မှာ အေဂျင်စီတွေ၊ အကျိုးဆောင်တွေကို လုံးဝပူးပေါင်းဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ ဖိအားပေးခြင်း၊ သွေးဆောင်ဖြားယောင်း စည်းရုံခြင်းတို့ ပြုဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ ၈-၉-၂၀၂၃ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် (၇/၂၀၂၃)ဖြင့် လည်းကောင်း၊ ၂၀-၉-၂၀၂၄ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၂၄)ဖြင့် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ၁၈-၇-၂၀၂၄ ရက်နေ့ ရက်စွဲပါ ကြေညာချက် အမှတ် (၂/၂၀၂၄) ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ် သမားများနှင့် စပ်လျဉ်းတဲ့ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းသဘောမှတ်ချက်အတိုင်း ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေ ဆောင်ရွက်ပေးဖို့ စာပေးပို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုကတော့ စစ်ကောင်စီရဲ့ မတရား တဲ့ အမိန့်တွေကို အကြမ်းမဖက် နည်းနဲ့ ကြံ့ကြံ့ခံ ဖီဆန်နေကြပါတယ်။

 

MLN (၃)။        ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာဆိုရင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြား ဝင်ရောက်လာတဲ့အပေါ် ကျေနပ်မှု မရှိဘူးဆိုတဲ့ အချက်နဲ့ ထိုင်းနိုင်ငံ သား ၃၀ ဝန်းကျင် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ကွယ်အကြောင်းအရင်းတွေကို ဘယ်လိုမြင်ပါသလဲ။ ဘာတွေ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ (၃)။         မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြား ဝင်ရောက်လာတဲ့အပေါ် ကျေနပ်မှု မရှိဘူးဆိုပြီး ထိုင်းနိုင်ငံသား ၂၀ ဦးကျော် ဆန္ဒဖော်ထုတ်တာဟာ ကျနော့်အမြင်မှာ တော့ ရိုးရှင်းတဲ့ လှုပ်ရှားမှု တစ်ခုမဟုတ်ဘူးလို့ မြင်ပါတယ်၊ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် ထိုင်းနိုင်ငံ တွင်းမှာ ရောက်ရှိနေတဲ့ ခိုလှုံလာသူတွေ၊ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းပြည်သူလူထုက စာနာနားလည်ကြပါတယ်၊ အင်မတန် နည်းပါးတဲ့ လူနည်းစုတော့ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ထိုင်း လူမှုပတ်ဝန်းကျင်မှာ ကြီးမားတဲ့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မတွေ့ရပါဘူး၊ ဒါဟာ စစ်ကောင်စီရဲ့ အောက်တန်းကျတဲ့ ဗျူဟာ တစ်ရပ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ သူတို့ လုပ်ဆောင်နေကြအတိုင်း ရန်တိုက်ပေးတဲ့ သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

MLN (၄)။       မြန်မာရွှေ့ပြောင်းကလေးငယ်တွေ စာသင်ကြားနေတဲ့ စာသင်ကျောင်း ၆ ကျောင်း တရားဝင်မှတ်ပုံတင်မထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာ အစောပိုင်း က ပိတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီး ဘယ်လို စီမံမှုတွေ လိုအပ်တယ်လို့ မြင်ပါ သလဲ။

ဖြေ (၄)။         ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ စီမံမှုတွေ လုပ်ဆောင်နေလဲဆိုတာတော့ NUG ပညာရေးဝန်ကြီးဌာန က ပိုပြီး ရှင်းပြနိုင်ပါလိမ့်မယ်၊ ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့တော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပါလာတဲ့ မိသားစုဝင်တွေအတွက် ကာကွယ်စောင့်ရှောက်ရေး၊ အလုပ်သမားအခွင့်အရေး ရရှိရေးတွေကို ကြိုးစားဆောင်ရွက်နေပါတယ်။ ဘာတွေ လိုအပ်တယ်ဆိုတော့ ပုဂ္ဂိုလ်ရေး အမြင်အရ ပြောရရင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေအတွက် Learning Space and Platform တစ်ခု စနစ်တကျ ချမှတ်ထား သင့်တယ်လို့ မြင်ပါတယ်။ ပညာသင်ကြားခွင့်ရမယ့် အစီအစဉ်တွေ၊ နေရာတွေ၊ ကျောင်းတွေ လိုအပ်သလို အခြေခံပညာပြီးဆုံးသွားရင်လည်း ဆက်လက်ပညာဆည်းပူး နိုင်မယ့်၊ သူတို့အနာဂါတ်အတွက် ဆက်လျှောက်လှမ်းနိုင်မယ့် Platform တွေ ဖန်တီး ပေးထားဖို့ လိုအပ်ပါမယ်။ ဒါတွေကို ရေရှည်မှာ ဆောင်ရွက်သွားဖို့ကိုတော့ စဉ်းစားထားချက်တွေ ရှိပါတယ်။

 

MLN (၅)။       အထူးသဖြင့် ပြည်ပနိုင်ငံကို ရောက်ရှိ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအပေါ်  စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်မှုတွေနဲ့ ဆိုက်ရောက်နိုင်ငံရဲ့ အစိုးရရဲ့ ကိုင်တွယ်မှုကြား အကျဉ်းအကျပ်တွေထဲက စိန်ခေါ်မှုဖြစ်စေတဲ့ အခက် အခဲတွေက ဘာတွေဖြစ်ပါသလဲ။ ဒါတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာရှိပါသလား။

ဖြေ (၅)။         စိန်ခေါ်မှုတွေကတော့ အများအပြားရှိပါတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေ ဖြေရှင်းတဲ့အခါမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ထိတွေ့ ဆက်ဆံဖို့နဲ့  ပူးပေါင်းဆောင်ရွက်ဖို့က အရေးကြီးပါတယ်၊ စစ်ကောင်စီထံ အခွန် မဆောင်လိုတဲ့၊ မိသားစုလွှဲပို့ငွေကို စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဘဏ်တွေ ကတဆင့် မလွှဲပို့တဲ့ လုပ်သားတွေကို စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက  Passport သက်တမ်း တိုးမပေးမှုအပေါ်မှာ ဘယ်လိုပုံစံနဲ့ ဆက်လက် နေထိုင်ရပ်တည်ခွင့်၊ အလုပ် လုပ်ကိုင်ခွင့်တွေ ပြုပေးမလဲ၊ စစ်ကောင်စီရဲ့ သံရုံးတွေ၊ သံအရာ ရှိတွေက ပြည်ပ ရောက်ရှိနေတဲ့ အလုပ်သမားတွေအပေါ်မှာ ဘာကာကွယ်စောင့် ရှောက်မှုမှ မပေးနိုင်ဘူး၊ အလုပ်သမားအများစုကလည်း သူတို့အပေါ်မှာ ယုံကြည် အားကိုးမှု မရှိဘူး၊ အဲဒီအခြေအနေမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေ၊ အခက်အခဲ၊ ပြဿနာတွေ ပေါ်ပေါက်လာရင် ဘယ်လိုပူးပေါင်း ဖြေရှင်း ပေးမလဲ၊ ဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံအစိုးရ ဝန်ကြီးဌာနတွေက ကျနော်တို့နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်ပါမယ်။

 

MLN (၆)။       အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းက အလုပ်သမားတွေ ကြုံနေရတဲ့ အခွင့်အရေးချိုးဖောက်ခံရမှု၊ အနည်းဆုံးအခကြေး ငွေ မလောက်ငှမှုနဲ့ လူနေမှုကုန်ကျစရိတ်တွေ အဆမတန်ကြီးမြင့်လာတာ၊ စစ်မှု ထမ်း အဓမ္မခေါ်ဆောာင်တာတွေနဲ့ပတ်သက်ပြီး ဘယ်လို လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ (၆)။         စစ်ကောင်စီက စစ်မှုထမ်းဆောင်ရန် အဓမ္မစစ်သားစုဆောင်းမှုတွေက ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ် (၂၉)၊ Forced Labour Convention ကို ချိုးဖောက်ရာ ရောက် ပါတယ်။ စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီး စစ်သားစုဆောင်းမှုတွေ၊ ဖိအားပေး မဲနှိုက်ခိုင်း တာတွေ၊ ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေကြောင့် လူငယ်အများစုဟာ ရရာနည်းနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ၎င်းတို့ရဲ့ အလုပ်အကိုင်နဲ့ ပညာသင်ကြားမှုတွေ ဆုံးရှုံးခဲ့ရပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် မဲဆောက်ဒေသကို ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာတဲ့ လူငယ်တွေနဲ့ တွေ့ဆုံပြီး စကစရဲ့ အခွင့်အရေး ချိုးဖောက်နေမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ထွက်ဆိုချက် တွေ စုစည်းပြုစုပြီး ILO ထံ ပေးပို့ဖို့ ဆောင်ရွက်နေပါတယ်။ ILO ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေတွေနဲ့အညီ စကစကို အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်နေ ပါတယ်။

 

 

MLN (၇)။       ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများ သတင်းစကားပြောကြားလိုပါ သလဲ။

ဖြေ (၇)။         အကြမ်းဖက် စစ်အုပ်စုဟာ အဖက်ဖက်က ရှုံးနိမ့်နေပါပြီ၊ ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသား၊ အလုပ်သမားတွေအနေနဲ့ ဒီမိုကရေစီရေးမှာ ယနေ့အချိန်ထိ မဆုတ်မနစ် ပူးပေါင်းပါဝင်ပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်၊ ဆက်လက် ပြီးတော့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဆက်လက်ပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။  မိမိတို့ အလုပ်သမားဝန်ကြီးဌာနအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း နောင်အနာဂါတ်မှာ ဖက်ဒရယ်စနစ်အပေါ် အခြေခံပြီး ILO Convention တွေ၊ နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အလုပ်သမားရ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေ အပြည့်အဝ ကာကွယ်ပေးနိုင်မယ့် ခိုင်မာအားကောင်းတဲ့ ဥပဒေတွေ ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။

 

MLN (၈)။       ဖြည့်စွက်ပြောကြားချက်များရှိပါက ဖြေကြားပေးပါရှင့်။

ဖြေ(၈)။          စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသမျှကာလပတ်လုံး မြန်မာပြည်သူတွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ငယ်နဲ့ အဖိနှိပ်ခံနေရဦးမှာပဲ ဆိုတာကို ပြည်သူတရပ်လုံးက     အမြဲသတိချပ်နေဖို့ လိုပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်           တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိရှိရှိနဲ့ မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးဖို့       ပြည်သူတွေကို မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

 


Related posts

Cover
အလုပ်သမားသဘောဆန္ဒမပါဘဲ သီတင်းကျွတ်ကန်တော့ရန် ငွေကြေးဖြတ်တောက်တာတွေ မလုပ်ဖို့တောင်းဆို
Oct 11, 2024
Cover
Textile Palace 2 စက်ရုံ လုပ်သက်နှစ်ကြေး သုံးနှစ်ပြည့်မှ ပေး
Oct 11, 2024
Cover
Star Sandar Garment စက်ရုံ လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်တွေ မပေးသလို နေ့စားဝန်ထမ်းများကို ခွဲခြား ဆက်ဆံနေဟုဆို
Oct 11, 2024
Cover
လုပ်ငန်းခွင် စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေရှိဖို့အတွက် ကုလသမဂ္ဂ အသိပေးချက်ထုတ်ပြန်
Oct 10, 2024
Cover
Tainjin Fashion Milestone စက်ရုံတွင် ဖူလုံရေးကြေး လစဉ်ထည့်သွင်းရပေမဲ့ အကျိုးခံစားခွင့်များ ဆုံးရှုံးနေရ
Oct 10, 2024
Cover
MRTV 4 (Forever Group) မှ အလုပ်သမား ရာနဲ့ချီ အလုပ်ထုတ်၊ ဥပဒေပါ နစ်နာကြေးအား တလချင်း ပေးချေပြီး စေတနာကြေးဟု ပြောဆို
Oct 10, 2024
Cover
Kingsrich Myanmar အိပ်ချုပ်စက်ရုံတွင် ၃ ရက်မြောက် တောင်းဆိုမှု ပြုလုပ်နေ
Oct 10, 2024
Cover
Vince Myanmar ဖိနပ်စက်ရုံတွင် တောင်းဆိုမှု ပြုလုပ်၊ ညှိနှိုင်းပြီး အဆင်ပြေ
Oct 10, 2024