ငလျင်လှုပ်ခတ်မှုကြောင့် ဆိုကာ စစ်ကောင်စီမှ ခရီးသွားအလည်အပတ်ဗီဇာ (Tourist Visa)လျှောက်ထားမှု ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ခုနှစ် ဧပြီ ၃ရက် က စပြီး နိုင်ငံခြားသားများ Tourist Visa နဲ့ မြန်မာပြည် ဝင်လာခြင်းကို ယာယီပိတ်လိုက်ခြင်း ဖြစ်ကာ မည်သည့်ရက်မှ ပြန်လည်ဖွင့်လှစ်မှာကို အတိအကျ မကြေညာထားဘဲ ဝန်ဆောင်မှု ပြန်လည်စတင်ပါက ထပ်မံ ကြေညာမယ်လို့ အသိပေးထားပါတယ်။
Business Visa လျှောက်လွှာ ကိုတော့ ပုံမှန် အတိုင်း ဆက်လက် လက်ခံသွားမယ်လို့ ကြေညာထားတဲ့ အတွက် Business Visa နဲ့သာ မြန်မာနိုင်ငံကို လာရောက် လို့ရမယ်လို့သိရပါတယ်။
မတ်လ၂၈ရက်က အင်းအားပြင်း ငလျင်လှုပ်ခတ်ခဲ့တာ မှာ ငလျင်ဒဏ်သင့်နေရာတွေ ကို နိုင်ငံတကာ သတင်းဌာနတွေ က မြန်မာနိုင်ငံသို့ လာရောက် သတင်းယူခွင့် တင်ပြလျှောက်ထားပေမယ့် စစ်ကောင်စီ ဘက်မှ နေထိုင်တည်းခိုစရာ အဆင်မပြေနိုင် လို့ ဆိုကာ သတင်းယူခွင့် မပြုခဲ့ပါဘူး။
စစ်ကောင်စီ အနေနဲ့ ငလျင်လှုပ်ခတ်မှု အပြီး အခုလို ခရီးသွားအလည်အပတ် ဗီဇာ ထုတ်ပေးတာ ကို ရပ်ဆိုင်းခဲ့သလို ငလျင်ဘေး အတွက် ကယ်ဆယ်ရေး ဆောင်ရွက်လိုတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့စည်းတွေ အနေနဲ့ ကြိုတင်အကြောင်းကြားမှသာ လုပ်ဆောင်ခွင့်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုလို စစ်ကောင်စီက ငလျင်လှုပ်ခတ်မှု အတွက် ကူညီကယ်ဆယ်သူတွေကို ကန့်သတ်တာတွေ နိုင်ငံတကာ မီဒီယာတွေ ကို ဝင်ခွင့်မပြုတာတွေ အတွက် ကုလသမဂ္ဂ မှ ရှုတ်ချထားပါတယ်။