NEWS

မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ

CoverLogo
482 Views
 
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ခ်ျစတာစကေး၇.၇အဆင့်ရှိငလျင်ကြောင့် ဘေးဒုက္ခအပြင်းထန်ဆုံးကြုံတွေ့ခံစားရသူ ဦးရေ၉ ဒသမ ၁ သန်းရှိကြောင်း ကုလအဖွဲ့အစည်း UNOCHA က ထုတ်ပြန်လိုက်ပါတယ်။
ကုလအဖွဲ့အနေနဲ့ မနေ့က ဧပြီ ၈ ရက်မှာ မြန်မာငလျင်ကြောင့် သေဆုံးရသူဦးရေ ၃၅၀၀ ၊ပျောက်ဆုံးသူ၂၀၀နဲ့ ဒဏ်ရာရသူ ၅၀၀၀ ရှိကြောင်း၊ ငလျင်ဘေးသင့်ရာဒေသတွေမှာ နေထိုင်သူဦးရေ ၁၇ ဒသမ ၂ သန်းထဲကငလျင်လှုပ်ခါမှုအပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရသူ ဦးရေ ၉ ဒသမ ၁ သန်းရှိရာ ပူပြင်းလွန်းတဲ့ရာသီနဲ့ ချိန်ခါမဲ့မိုးကြောင့်လည်း အခြေအနေတွေကို ဆိုးသထက်ဆိုးစေကြောင်း ဖော်ပြလာတာပါ။
“နဂိုကတည်းက ဘာမှမရှိပါဘူးဆိုတဲ့သူတွေကိုမှ အထိခိုက်ဆုံး ဖြစ်ခဲ့ရတယ်။ ဒီလို အဖြစ်ဆိုးတွေ၊ ဆိုးရွားလွန်းတာတွေ ကြုံခဲ့ရတဲ့သူတွေကို ကမ္ဘာက ကူညီပံ့ပိုးပေးမှ ရမှာပါ။” လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က မြန်မာနိုင်ငံမှာရှိတဲ့ ငလျင်ဘေးသင့်ခဲ့တဲ့ နေရာ ဒေသတွေကို သွားရောက်တဲ့ ခရီးစဉ်အဆုံးမှာ မီဒီယာတွေ ကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က အဖျက်အားကြီးတဲ့ငလျင်ကြီးလှုပ်ခဲ့အပြီး ၁၀ ရက်အလွန်မှာ ကိန်းဂဏန်းတွေ မြင့်တက်နေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။
ကုလအနေနဲ့ မြန်မာ့ငလျင်ဘေးအတွက် ကူညီထောက်ပံ့ရန် နိုင်ငံတကာကလှူဒါန်းဖို့ကတိပြုငွေ
အမေရိကန်ဒေါ်လာ (၉၃) သန်း ရရှိထားပြီး ကနဦးအနေနဲ့ ကုလသမဂ္ဂရဲ့ အရေးပေါ်ရံပုံငွေမှ ဒေါ်လာ (၅) သန်း အသုံးပြုသွားမှာ ဖြစ်ကြောင်း တရားဝင်ပြောကြားထားမှုတွေရှိနေတယ်လို့သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲဖြစ်သူ မစ္စတာ တွမ် ဖလက်ချာ (Tom Fletcher) ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ၅ရက်မှစကာ ငလျင်ဘေးသင့်တဲ့နေရာ မန္တလေးမြို့နဲ့ စစ်ကိုင်း မြို့တွေကို ကိုယ်တိုင်သွားရောက်ခဲ့ရာ ၎င်းရဲ့မြန်မာပြည်ခရီးစဉ်အပြီးမှာတော့ မြန်မာမှာကြုံတွေ့ရတဲ့ငလျင်နဲ့ဘေးဒုက္ခတွေကို နိုင်ငံတကာမီဒီယာတွေကို အသိပေးဖြေကြားခဲ့ပါတယ်။
မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်ဟာ ဧပြီလ ၈ရက်ညနေ၆နာရီအထိ စာရင်းပြုစုမှုတွေအရ၃၆၄၅ဦးရှိပြီး ဒဏ်ရာရသူ၅၀၁၇ဦးနဲ့ ပျောက်ဆုံးသူ၁၄၈ဦးရှိ‌တယ်လို့ ဒေသတွင်းသတင်းတွေကနေသိရှိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026