ဇူလိုင် ၁၅၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနဲ့ စီးပွားရေးပြိုလဲမှုများကြောင့် စစ်ရေးပြင်းထန်တဲ့ ဒေသများရှိ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) တို့၏ ပူးတွဲအစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
ထိုဒေသများ မှာ အမျိုးသားတွေရဲ့ အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၈၂ ရာခိုင်နှုန်းအထိ ရှိနေပေမယ့် အမျိုးသမီးများမှာမူ အလုပ်အကိုင်ရရှိမှု အလွန်နည်းပါးနေပြီး အထူးသဖြင့် ကယားပြည်နယ်မှာ အမျိုးသားနှင့် အမျိုးသမီး အလုပ်အကိုင်ရရှိမှု ကွာဟချက် အကြီးမားဆုံးဒေသ ဖြစ်နေ ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ၎င်းနေရာရှိ အမျိုးသမီး ၁၂ရာခိုင်နှုန်းသာ လုံလောက်စွာ စားသောက်ရပြီး တနိုင်ငံလုံးရှိ အမျိုးသမီး ထက်ဝက်ကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှု အတိုင်းအတာ တစ်ခုအထိ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လူပေါင်း ၅,၄၀၀ ကျော်ကို ကွင်းဆင်းမေးမြန်းကာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိဘဲ ဖြစ်နေပြီး ၄င်း ပမာဏဟာ အမျိုးသားများထက် ၂ ဆနီးပါး မြင့်မားနေတယ်လို့ သိရပါတယ်။
လုပ်ငန်းခွင် ပြင်ပသို့ ရောက်ရှိနေတဲ့ အမျိုးသမီး ၁၀ ဦးတွင် ၈ ဦးခန့်မှာ မိသားစုဝင်များကို ပြုစုစောင့်ရှောက်ရနေရကာ အခကြေးငွေ မရသော ပြုစုစောင့်ရှောက်မှုနှင့် အိမ်မှုကိစ္စများ အတွက် အမျိုးသား များထက် နေ့စဉ်အချိန် နှစ်ဆ ပိုမို သုံးစွဲ နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်နေရသူ ၃ ဒသမ ၇ သန်းကျော် ရှိသည့်အနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြတယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးများ၏ စီးပွားရေးအခန်းကဏ္ဍ ကျုံ့ဝင်လာပြီး ဆုံးဖြတ်ချက်ချနိုင်ခွင့်များ နည်းပါးလာသည့်အတွက် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းရန် နိုင်ငံတကာအနေဖြင့် ရန်ပုံငွေ တိုးမြှင့်ပံ့ပိုးပေးရန် လိုအပ်သလို၊ ကချင်နှင့် ကယားပြည်နယ်ကဲ့သို့ ပဋိပက္ခဒဏ် အပြင်းထန်ဆုံး ခံစားနေရသည့် ဒေသများရှိ အမျိုးသမီးများအတွက် သင့်တော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် အရေးပေါ် လိုအပ်နေကြောင်း UNDP နှင့် UN Women တို့က တောင်းဆိုထားပါတယ်။









