NEWS

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်( မေ ၂၀ မှ ၂၆)

CoverLogo
322 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ မေလ (၂၀) ရက်ကနေ မေလ (၂၆) ရက် တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပမှာ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက် ပေးသွားမှာပါ။ ဒီလို တစ်ပတ်တာသတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားလူတန်းစားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

  • မေလ (၂၀) ရက် 

မေလ (၂၀) ရက်မှာ ဖော်ပြခဲ့တာကတော့  အမျိုးသားတွေကို ပြည်ပအလုပ်လုပ်ခွင့် ကန့်သတ်ပြီးနောက်ပိုင်းမှာ အွန်လိုင်းတွေက တရားမဝင်လုပ်သားခေါ်ယူလာတာတွေ မြင့်တက်လာတာကို တွေ့ရှိရပါတယ်။ ထိုင်း၊ မလေးရှား၊ လာအို၊ ကိုရီးယားစတဲ့နိုင်ငံတွေအပြင် ပြည်ပနိုင်ငံတော်တော်များများကို အလည်ဗီဇာနဲ့ဖြစ်စေ၊ တစ်ခြားသောနည်းလမ်းတွေနဲ့ဖြစ်စေ ပို့ဆောင်ပေးတယ်ဆိုပြီး အွန်လိုင်းစာမျက်နှာထက်မှာ ကြေညာတာတွေ ပိုများလာပါတယ်။ ဒီလိုကြေညာတွေကြောင့် ဆက်သွယ်ခဲ့သူတစ်ချို့ လိမ်လည်ခံရတာတွေလည်း ရှိနေပါတယ်။

နောက်တစ်ခုကတော့ တရုတ်နိုင်ငံသားပိုင် JOC Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ငွေကြေးတွေကို ဖြတ်တောက်နေပါတယ်။ ခွင့်တိုင်ကြားပေမယ့် ရက်ပျက်သတ်မှတ်တာ၊ စက်ရုံရဲ့ဝန်ထမ်းတွေဖြစ်ပေမယ့် ဒေးကြေး၊ ရက်မှန်ကြေးတွေ ဖြတ်တောက်ခံနေရပါတယ်။ဒါ့အပြင် အချိန်ပို နာရီတွေကိုလည်း ဖိအားပေးခေါ်ယူနေပြီး အချိန်ပိုမဆင်းလိုသူတွေကို ဆဲဆိုတာနဲ့ အလုပ်အကိုင်တည်မြဲရေး အကြောင်းပြပြီး ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာ လုပ်သားရှားပါးလာတဲ့ အခြေအနေကို Myanmar Labour News ကဆက်တိုက်ဆိုသလို ထောက်ပြရေးသားခဲ့ပါတယ်။ လက်ရှိမှာလည်း ကုန်ထုတ်လုပ်မှုအတွက် လုပ်သားအင်အား မလုံလောက်တာနဲ့ အခြားသောဖြစ်ရပ်တွေကြောင့် CJ Feed Myanmar ကုမ္ပဏီက တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချတာကို ယာယီရပ်နားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ လာမယ့်မေလ(၂၈)ရက်မှာ စတင်ရပ်နားမှာဖြစ်ပြီး လက်ရှိကာလမှာ လုပ်ငန်းလည်ပတ်နိုင်မှုဟာ အရင်ကထက် ပိုမိုကျဆင်းလာတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြည်တွင်းက လုပ်ငန်းအများစုဟာ ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိနေပြီး ကျပ်ငွေတန်ဖိုးတွေ ဆက်တိုက်ဆိုသလို ကျဆင်းနေပါတယ်။ ဒီချိန်မှာ မြန်မာ့ရွှေဈေးကတော့ စံချိန်တင်မြင့်တက်လာပါတယ်။ မေလ(၂၀)ရက်မှာ အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းဟာ က(၅၁)သိန်း (၁)သောင်းအထိ မြင့်တက်လာပါတယ်။ ဒီအခြေအနေတွေကြောင့် ရွှေဆိုင်တစ်ချို့က အရောင်းရပ်နားထားပြီး ပြင်ပမှောင်ခိုသဘော ရောင်းချပြီး ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေပါတယ်။

  • မေလ (၂၂) ရက်

မြန်မာတစ်နိုင်ငံတွင်းက စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံတွေကို မေလ(၁၉)ရက်ကစပြီး  တစ်ရက်ကို (၂) နာရီပဲ လျှပ်စစ်မီးပေးတော့မယ်လို့ အသိပေးထားတယ်လို့ စက်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။ လတ်တလောမှာ လျှပ်စစ်ဓာတ်အားလုံလောက်မှု မရှိတာကြောင့် စက်မှုဇုန်တွေမှာ ရေရရှိနိုင်ဖို့ (ရေတင်ရန်)ည တစ်နေ့ (၂) နာရီစာ လျှပ်စစ်မီးပေးတော့မယ်လို့ မြို့နယ်လျှပ်စစ်ရုံးက တာဝန်ရှိသူတစ်ဦးက ပြောဆိုထားတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ လျှပ်စစ်မီးရရှိချိန်နည်းပါးခဲ့ပြီး ထမင်းတစ်အိုးတည်လို့ရနိုင်တဲ့အခြေအနေတောင် မရှိခဲ့ပါဘူး။

ပြည်တွင်းကို CI နဲ့ ပြန်လိုတဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေကို မလေးရှားအစိုးရက ဒဏ်ကြေးလျော့ပေါ့ပေးတဲ့ ကာလတွင်းမှာ Exit pass လျှောက်ထားဖို့ ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက အသိပေးထားပါတယ်။ မလေး ရှားအစိုးရအနေနဲ့ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် ကနေ ဒီဇင်ဘာ ၃၁ရက် အထိ မလေးရှား နိုင်ငံ အတွင်း တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ ကို မူရင်းနိုင်ငံသို့ နိုင်ငံကူးလက်မှတ် သိူ့မဟုတ် CI တို့နဲ့ အတူ အပြန်လေယာဉ် မှတ်တို့ ဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ရုံးတွေမှာ သတ်မှတ်ဒဏ်ကြေး ရင်းဂစ် ၅၀၀ နဲ့  Exit pass အတွက် ရင်းဂစ် ၁၀၀ တို့ကို ပေးဆောင်ပြီး ၁၄ ရက် အတွင်း မလေးရှား နိုင်ငံ မှ ထွက်ခွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက စက်မှုဇုန်တွေမှာ ဖွင့်လှစ်ထားတဲ့ အထည်ချုပ် စက်ရုံတွေမှာ  မြန်မာ စက်ချုပ်ကျွမ်းကျင် အလုပ်သမားတွေကို လမ်းစရိတ်စိုက် အရစ်ကျစနစ်နဲ့ ခေါ်ယူမှုတွေများပြားလာလို့ မြန်မာလုပ်သားတွေဟာ တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွေဆီသွားရောက်လုပ်ကိုင်မှုများနေတယ်လို့ သိရပါတယ်။ အလုပ်သမား ခေါ်ယူမှုများပြားနေတာတွေဟာ  ရွှေလီ၊ မန်စီ၊ လျန်ဟယ် စတဲ့နေရာတွေက  အထည်ချုပ်စက်ရုံတွေအတွက် ဖြစ်ပြီး စက်ရုံအတွင်းကအလုပ်သမားတွေကတောင် ပွဲစားပုံစံနဲ့ ခေါ်ယူကြပါတယ်။ လမ်းစရိတ်စိုက်ပေးပြီး အရစ်ကျ စနစ်နဲ့လစာကဖြတ်ပေမဲ့ ပွဲစားခအဖြစ်၅သိန်းကနေ၇သိန်းအထိပေးဆောင်ပြီးသွားနေကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

  • မေလ (၂၃) ရက်

တရုတ်နိုင်ငံသားပိုင်  Li Da အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အချိန်ပို နေ့စဉ် လုပ်ကိုင်ရပြီး ၆ နာရီဆက် နားချိန်မရဘဲ လုပ်ကိုင်နေရတာကြောင့် ကျန်းမာရေး လူမှုရေးပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ စက်ရုံအလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲ(အချိန်ပိုပါ) အထိ ဖြစ်တယ်လို့ သိရပါတယ်။ နေ့လယ် ၁၂ နာရီမှာ နေ့လယ်စာ စားချိန်နားပြီး ၁၂ နာရီခွဲကနေ အချိန်ပိုပြီးတဲ့ နားချိန်မရဘဲ ဆက်တိုက်လုပ်ကိုင်နေရပါတယ်။ ဒီလိုနားချိန်မပေးဘဲ ည(၈)နာရီအထိ အချိန်ပိုခေါ်ယူတဲ့ရက်တွေမှာလည်း ပေါင်မုန့်တစ်လုံးသာကျွေးပြီး ဆက်တိုက်ခိုင်းစေနေတာ‌ကြောင့် ကျန်းမာရေးပြဿာနာတွေရှိနေပေမယ့် စက်ရုံတွင်းမှာ ဆေးခန်းနဲ့ သူနာပြုတွေလည်း မထားဘူးလို့ သိရပါတယ်။

ပြည်တွင်းကစက်ရုံတွေမှာ ဒေးကြေးတွေတိုးပေးနေပေမယ့် အမှန်တကယ် ရသင့်တဲ့နှုန်းထားထက် နည်းပါးနေလို့ စားဝတ်နေ‌ရေး အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနက တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် (၄၈၀၀) ကျပ်သတ်မှတ်ပေးထားပြီး ထောက်ပံ့ကြေးအဖြစ် တစ်ရက်ကို ကျပ်တစ်ထောင်တိုးပေးဖို့ သတ်မှတ်ပေးထားပါတယ်။ လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ကို ခံနေရပါတယ်။ မေလတစ်ရက်က စတင်ပြီး ပြည်တွင်းက စက်ရုံတစ်ချို့မှာ ဒေးကြေးကို ၆၈၀၀၊ ၇၂၀၀၊ ၇၅၀၀ ထိ တိုးပေးလာတာတွေ ရှိနေပါတယ်။

  • မေလ(၂၄) ရက်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလဇက မေ ၂၄ ရက် မနက် ၇ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအများအပြားနေထိုင်တဲ့ခရိုင်တွေမှာ  ထိုင်းအာဏာပိုင်တွေက ဇီ၀မှတ်တမ်း အချက်အလက်တွေ  ကောက်ယူမှုတွေပြုလုပ်နေတာကြောင့်  တရားမ၀င်ရောက်ရှိလုပ်ကိုင်နေရတဲ့ အထောက် အထားမစုံလင်တဲ့မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်နေရပါတယ်။ စစ်တမ်းကောက်ယူမှုဟာ ကျန်းမာရေး အတွက်စစ်တမ်းကောက်ယူတာဖြစ်ပြီး တစ်နေရာကို လူဦးရေ၆၀၀နှုန်းနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရင်ဆိုင်နေကြရတဲ့အခက်အခဲတွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရတဲ့ ဘ၀လူမှုရေးကျန်းမာရေး အခြေအနေတွေအတွက် မေးမြန်းကောက်ယူမှာဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေကို မေးမြန်းပြီးလုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးလို့ လည်း အာဏာပိုင်တွေက ဆိုထားပါတယ်။  

New Talent Myanmar Garment အလုပ်သမားတွေ ဘွိုင်လာမီးခိုးနဲ့ အနံ့အသက်တွေကြား အလုပ်လုပ်ကိုင် နေရပါတယ်။ အဲဒီစက်ရုံမှာ ဘွိုင်လာမီးမွှေးတာကို တစ်လကို (၅)ကြိမ်ထက်မနည်း ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် အလုပ်သမားတွေက မီးခိုးနဲ့အနံ့အသက်တွေကြောင့် အသက်ရှုကြပ်တာနဲ့ မူးဝေတာကို အမြဲခံစားနေရပါတယ်။ ဒါ့အပြင် သောက်သုံးရေဟာလည်း သန့်ရှင်းမှုမရှိဘဲ အမှုန်တွေပါရှိနေတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်တွင်းမှာ ဆဲဆိုတာ၊ ဖိအားပေးတာတွေကြောင့်လည်း အလုပ်ထွက်သူအများအပြား ရှိတယ်လို့ သိရပါတယ်။

အမျိုးသားဝန်ထမ်းတွေ အများစုလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေကို နေရာမပေးနိုင်တာတွေ ရှိနေပါတယ်။ "လုပ်ငန်းခွင်အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုနှင့် ဖိအားပေးအလုပ်ထွက်စေခြင်း" ဆိုတဲ့ ဒီဆောင်းပါးမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ I & H ဆိုတဲ့ ဂျပန်နိုင်ငံက IHI corporation နဲ့ မြန်မာအစိုးရရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဖက်စပ်ထူထောင်ထားတဲ့ ကုမ္ပဏီမှာ အမျိုးသမီးလုပ်သားတစ်ဦး လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံရတာနဲ့ ဖိအားပေးအလုပ်ထုတ်ခံရတာကို ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ ချင်းရိုင် ခရိုင်ရှိ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ကျောင်းသူ‌တွေနဲ့ မြန်မာအလုပ်သမား‌တွေရဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်တာတွေကို လာမယ့်အပတ်က စတင်ပြီး မြန်မာသံရုံးဘန်ကောက်မြို့မှာ မလုပ်ပေးတော့ဘူးလို့ မြန်မာသံရုံး ဘန်ကောက်မြို့က မေလ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။ 

PEPSI အချိုရည်စက်ရုံ CEOနဲ့HRအပြင် ကုမ္ပဏီကိုပါထပ်တိုးတရားစွဲဖို့အမိန့်ချတဲ့အပေါ် တရားပြိုင်၃ဦးအတွက် ကုမ္ပဏီဘက်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ ကုမ္ပဏီအလုပ်သမားဖြစ်ခဲ့သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ(၃)ရက် နေ့ရုံးချိန်းမှာတော့ တရားသူကြီးက နောက်တိုးတရားပြိုင်အဖြစ် ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အီးစီစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ ညှိနှိုင်းမှုအဆင့်ဆင့်မှာပြေလည်မှုမရခဲ့လို့ ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစ တင်တာဖြစ်ပါတယ်။

Eslite Garment မှာ အထည်စံချိန်ချုပ်လုပ်နိုင်တာထက်ပိုရဖို့ ရိုင်းစိုင်းစွာပြောဆိုခိုင်းစေနေပါတယ်။ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ GORE-TEX အမှတ်တံဆိပ် ဂျပန်အထည်တွေချုပ်လုပ်နေပြီး လုပ်ငန်းခွင်အတွင်းက စက်လိုင်းတစ်လိုင်းလျှင် ကြီးကြပ်ရေးမှုးအပါ လူ ၃၀ ခန့်ရှိပြီး အလုပ်ချိန် ၁၀ နာရီစာအတွက် အထည် ၈၀ ကနေ ၉၀ အထိချုပ်လုပ်ပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။ အခုလို လုပ်ငန်းခွင်အတွင်း အထည်စံချိန်တောင်းခံရမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ သတ်မှတ်တောင်းခံဖို့ ၊ ကျွမ်းကျင်အဆင့်ခွဲပေးရာမှာ အမှန်တကယ် ကျွမ်းကျင်သူတွေကို ဘက်လိုက်မှုမရှိဘဲ သတ်မှတ်ပေးဖို့၊  လုပ်သက် ၃ လပြည့်ပြီးသော အလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်ပေးဖို့ နဲ့ အောစူပါ၊ စူပါတို့မှ အထည်စံချိန်တောင်းခံရမှာ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုခြင်းမပြုဖို့ အလုပ်သမားတွေက လိုလားနေကြပါတယ်။

  • မေလ (၂၅)ရက်

Myanmar Labour News ရဲ့ အလုပ်သမား ပေးစာကဏ္ဍမှာ သတင်းပါရှိလာတာကြောင့် Tha Shu အထည်ချုပ်စက်ရုံက လိုင်းစာရေး (၁၅)ဦးကို စစ်ဆေးဖို့ ရွေးချယ်ထားတယ်လို့ ပေးစာပေးပို့ထားပါတယ်။ ဒီစက်ရုံမှာ ထမင်းစားဆောင်နေရာ အခက်အခဲရှိတာ၊ သောက်ရေမသန့်တာ၊ တံခါးပိတ်ထားလို့ အပူဒဏ်ခံရတာ၊ ရေဗူးယူမရတာ၊ စံချိန်တိုးတောင်းတာ၊ စူပါတွေက ဆဲဆိုတာတွေ ရှိနေတာပါ။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်း၊ သံတွဲနဲ့ စစ်တွေမြို့တွေရဲ့ မိုင် ၃၀၀ ဝန်းကျင် အကွာမှာ ဗဟိုပြုနေတယ်လို့ မိုးဇလက မေလ ၂၅ ရက် မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ပဲခူး အခြေအစိုက် ကိုရီးယားနိုင်ငံသားပိုင် Panko Bago Company အထည်ချုပ်စက်ရုံက အချိန်ပို အလွန်အကျွံ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  ဒီလို အချိန်ပိုတွေ ခိုင်းစေနေတာ ၄ လ ကျော်နေ ပြီလို့ သိရပါတယ်။ အချိန်ပိုကို တရက် ၂ နာရီ ပုံမှန်ခေါ်ယူနေတဲ့အပြင် ည ၈ ခွဲ၊ ၁၀ ခွဲ စတဲ့ အချိန်တွေအထိ ခိုင်းစေနေပေမဲ့ ညစာအတွက် အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့သာ စားသောက်ရပါတယ်။ ဒါ့အပြင် နေ့လယ်စာ နားချိန် ၁၂ ခွဲကတည်းက ညနေ ၆ ခွဲအထိ ဆက်တိုက် လုပ်ကိုင်နေရတယ်လိုလည်း အလုပ်သမားတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်းမှာဖွင့်လှစ်ထားတဲ့ GTIG Guohua Glory Garment အထည်ချုပ်စက်ရုံက  လုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ အလုပ်သမားကို လုပ်ငန်းရှင်က အလုပ်ထုတ် လိုက်တာကြောင့် တိုင်ကြားထားပြီး အလုပ်သမား၊ အလုပ်ရှင်နဲ့ ကုန်အမှတ်တံဆိပ်တို့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်နေပါတယ်။ 

အခေါက်ရွှေတစ်ကျပ်သား ပြင်ပပေါက်ဈေး (၅၂)သိန်း (၄)သောင်းကျပ်ထိ မြင့်တက်လာပါတယ်။ ဒီလိုဈေးနှုန်း မြင့်တက်လာတာကြောင့် ဈေးကွက်အရ ရွှေထုတ်လုပ်ရေးလုပ်ငန်းအများစုဟာ အတုံးအခဲရောင်းဝယ်တွေ စတင်ရပ်နားထားသလို မန္တလေး ရွှေလုပ်ငန်းရှင်အသင်းကလည်း ရွှေတုံးအရောင်းအဝယ်ရပ်နားခဲ့ပါတယ်။

  • မေလ(၂၆) ရက်

မိုးဇလရဲ့ မနေ့ည ၈ ခွဲအချိန်ထုတ်ပြန်ချက်အရ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ  ဆိုင်ကလုန်း  မုန်တိုင်း “ရီမယ်(လ်)” (REMAL)အဖြစ် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။  ဒီကနေ့  မေလ ၂၆ ရက်  မနက် ၇ နာရီ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာလည်း  မြန်မာနိုင်ငံ၊ သံတွဲမြို့  အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၅ မိုင် ၊  စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀၀ မိုင် က ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဖော်ပြထားပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာဖွင့်ထားတဲ့ GYSEN Myanmar Apparel အထည်ချုပ်စက်ရုံမှာ လုပ်သားအင်အားလျှော့ချတဲ့အကြောင်းပြချက်နဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၅၀ ကျော်အလုပ်ထုတ်ခံခဲ့ရပါတယ်။ အခုလို အလုပ်ပါးတယ်ဆိုပြီးအလုပ်ထုတ်ပေမဲ့ နေ့စားအလုပ်သမားတွေကို ခေါ်ယူခိုင်းစေနေလို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနကို တိုင်ကြားထားပေမဲ့ ဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။

အခုဖော်ပြခဲ့တာတွေက မေလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တပတ်တာဖော်ပြခဲ့တဲ့သတင်းအနှစ်ချုပ်ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ သတင်းအနှစ်ချုပ်တွေကို တပတ်တကြိမ် စုစည်းဖော်ပြပေးသွားမှာဖြစ်ပြီး တလလျင် ၄ ကြိမ် ဖတ်ရုံနဲ့ တလအတွင်း သတင်းတွေအားလုံးကို အချိန်တိုအတွင်း အမြန်ဆုံးသိရှိနိုင်မှာဖြစ်ပါတယ်။


Related posts

Cover
ငလျင်လှုပ်ခတ်ပြီး အခြေခံကုန်ဈေးနှုန်းများ
Apr 06, 2025
Cover
တပတ်တာ သတင်းသုံးသပ်ချက်  မတ် ၄- ၂၀၂၅
Mar 04, 2025
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ဖေဖော်ဝါရီ ၁၀- ၁၆)
Feb 16, 2025
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု ( ဖေဖော်ဝါရီ ၁၀-၁၆)
Feb 16, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် အခြေခံကုန်စည် ဈေးနှုန်းများစုစည်းမှု
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမ အပတ် တပတ်အတွင်း သတင်းအနှစ်ချုပ်
Feb 02, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမအပတ် တပတ်အတွင်း ကုန်ဈေးနှုန်း သတင်း
Feb 02, 2025