NEWS

၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမ အပတ် တပတ်အတွင်း သတင်းအနှစ်ချုပ်

CoverLogo
1.1K Views

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် 

 

ဖေဖော်ဝါရီ ၂၊ ၂၀၂၅ 

 

Myanmar Labour News မှာ ဇန်နဝါရီလ (၂၇) ရက်ကနေ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ တပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ 

 

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

 

တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

ဇန်နဝါရီ ၂၇ 

 

စစ်ကောင်စီက ရန်ကုန်မြို့တွင်းက မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့ အမျိုးသမီးစာရင်းတွေ စတင်ကောက်ယူနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ အဆောင်တွေမှာ ဧည့်စာရင်းနဲ့ နေထိုင်တဲ့သူတွေကိုလည်း စာရင်းကောက်ယူနေတာကြောင့်လည်း အမျိုးသမီးတွေပါ စိုးရိမ်နေကြပါတယ်။ 

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခိုလမ်းခရိုင်က လုပ်ငန်းခွင်တစ်ခုမှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက် (၃၂) နှစ်အရွယ် မြန်မာလူမျိုးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ Thaiger အွန်လိုင်းသတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကုန်းတလိကျေးရွာမှာ ရွာသူကြီးက လုပ်ပိုင်ခွင့် အသုံးပြုပြီး ပြည်သူ တွေဆီက ငွေကြေးကောက်ခံတာတွေအပြင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေပါ လုပ်ဆောင်နေလို့ ဒေသခံတွေ အခက်တွေ့နေရပါတယ်။ 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်အာဏာသိမ်းထားတဲ့ လေးနှစ်တာကာလထဲ မှာ မတရားဖမ်းဆီးခံရတဲ့ သတင်းသမား (၂၀၀) ကျော်ရှိပြီး သေဆုံးသူ (၇) ဦး ရှိခဲ့ပါတယ်။ 

 

ဇန်နဝါရီ ၂၈ 

 

ထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်၊ ချန်နာခရိုင်မှာ ထိုင်းရဲတပ်ဖွဲ့က မလေးရှားနိုင်ငံကို ပို့ဆောင်ပေးတဲ့ ထိုင်းနှစ်ဦး နဲ့ မြန်မာ (၁၀) ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

 

စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုကာ ငွေကြေးတောင်းခံတာတွေကို အရေးယူဆောင်ရွက်တဲ့အပြင် ဥပဒေအ ကြောင်းပြကာ ငွေကြေးတောင်းခံတာတွေကို တိုင်ကြားနိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ 

 

ထိုင်းနိုင်ငံ၊ စမူပကန်၊ ဘန်းနာမြို့ စွယ်ဒီဒန်းမှာရှိတဲ့ CDK (အဲယားကွန်းပိုက်လမ်းတပ်ဆင်ရေး) လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၁၃) ဦးကို အလုပ်ရှင်က လုပ်ခလစာ (၂) လစာ မပေးဘဲ အလုပ်ကထုတ်ပယ် ခဲ့ပါတယ်။ 

 

ဇန်နဝါရီလ ၂၉ 

 

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်မယ့် MOU လုပ်သားတွေကို စစ်မှုထမ်းကင်းလွှတ်ခွင့် (သို့မဟုတ်) ယာယီဆိုင်းငံ့ခွင့်ပါမှ ထွက်ခွာခွင့်ပြုတယ်လို့ ပြည်ပလုပ်သားစေလွှတ်တဲ့ အေဂျင်စီတွေဆီက သိရပါတယ်။ 

 

GYSEN (Myanmar) Apparel Co.,Ltd အထည်ချုပ်စက်ရုံက တာဝန်ရှိသူတွေဟာ အလုပ်သမား အဖွဲ့အစည်း ဥပဒေအပါအဝင် EC စာချုပ်ပါအချက်တွေကို ချိုးဖောက်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ကျင်မိန်အထည်ချုပ်စက်ရုံတွင်းက ချိုးဖောက်မှုတွေကို Myanmar Labour News က ဖော်ပြပြီးနောက်မှာ လုပ်ငန်းခွင်တွင်းက ချိုးဖောက်မှုတွေကို မန်စီအလုပ်သမားရုံး အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာရောက်ဖြေရှင်း ပေးသွားတယ်လို့ က ပေးစာပေးပို့လာပါတယ်။ 

 

ဇန်နဝါရီ ၃၀ 

 

ထိုင်းနိုင်ငံ စူရပ်ဌာနီပြည်နယ်မှာရှိတဲ့ Koh Phangan International Church စာသင်ကျောင်းကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာကျောင်းဆရာ၊ ဆရာမလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

 

ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံအတွင်းကို မတရားဝင်ရောက်လာတဲ့ မြန်မာအလုပ် သမားတွေကို ဇန်နဝါရီလ (၂၉) ရက်တစ်ရက်တည်းမှာပဲ အယောက် (၁၆၀) ကျော် ဖမ်းဆီးခဲ့တယ်လို့ ထိုင်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ 

 

ဈေးကွက်တွင်းမှာ တစ်နိုင်တစ်ပိုင် လက်လီအရောင်းဆိုင်လေးတွေရဲ့ လုပ်သားခန့်ထားနိုင်မှုဟာ အရင်ကထက် လျော့နည်းလာတယ်လို့ လက်လီအရောင်းဆိုင်ရှင်တစ်ချို့က ပြောပါတယ်။ 

 

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်မယ့် အမျိုးသားတွေကို အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အထိ ကန့်သတ်လိုက်ပြီး စာချုပ်ချုပ်ထားသူတွေကိုပါ OWIC ကတ်ရိုက်မပေးဘဲ ပြန်လွှတ်နေတယ်လို့ အေဂျင်စီတွေဆီက သိရပါတယ်။ 

 

တရုတ်နိုင်ငံသားပိုင် Myanmar Guotai Huasheng Glory Fashion Garment မှာ ချုပ်လုပ်တဲ့ အလုပ်သမား အရေအတွက်ထက် အထည်စံချိန်ကို နှစ်ဆ‌ကျော် တောင်းခံနေပြီး လိုင်းစူပါတွေက ရိုင်းစိုင်းစွာ ပြောဆိုတာတွေနဲ့ ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာ မရှိဘူးလို့ သတင်းထုတ် ပြန်ကြေညာပေမယ့် ရပ်ကွက်တစ်ချို့မှာတော့ အမျိုးသမီးတွေကို ဆင့်ခေါ်တာတွေ ရှိလာတယ်လို့ သိရပါတယ်။ 

 

မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို အဖွဲ့ ချုပ်က နှုတ်ထွက်ပြီးသူတွေက အသုံးချနေပြီး စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေတာကို ဇန်နဝါရီလ (၃၀) ရက်မှာ အမည်စာရင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 

ဇန်နဝါရီ ၃၁

မလေးရှားနိုင်ငံ၊ Perak ပြည်နယ် Ipoh မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်တွင်း မတော်တဆမှု ဖြစ်ပွားကာ ညာဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Malay Mail မှာ ဖော်ပြခဲ့ပါတယ်။ 

 

W & F အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ ညလုံးပေါက် ဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်တာတွေ လုပ်ဆောင်နေ တယ်လို့ စက်ရုံအလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။ 

 

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်တဲ့ မြန်မာအလုပ်သမား (၁၆၉) ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ 

 

တရုတ်နိုင်ငံသားပိုင် Mai Yi Bei Garment Manufacturing Co.,Ltd မှာ တစ်ကတ်ကြေးနဲ့ လုပ်ခလစာပေးမယ်လို့ သတ်မှတ်ထားပေမယ့် အထည်ကြေးကို သတ်မှတ်ပြောဆိုတာမရှိဘဲ လုပ်ခလစာကို စက်ရုံဘက်က ပေးသလောက်ပဲ ရနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်းက အမျိုးသားတွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ဇန်နဝါရီလ (၃၀) ရက်အထိ အလုပ်သမားဝန်ကြီးဌာနမှာ စာချုပ်ချုပ်ထားသူတွေကို စေလွှတ်ခွင့်ပေးမယ်လို့ လိုင်စင်ရ အေဂျင်စီတွေဆီက သိရပါတယ်။ 

 

ဖေဖော်ဝါရီ ၁ 

 

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် စစ်အာဏာရှင်က မတရားအုပ်ချုပ်တာ လေးနှစ်ပြည့်တဲ့နေ့မှာ အာဏာရှင်ကို ဆက်လက်တော်လှန်သွားမှာဖြစ်ပြီး အကျဉ်းထောင်အသီးသီးက တော်လှန်ရေး ရဲဘော်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်ညှင်းပန်းခံရတာတွေ ရပ်တန့်ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသူ/သားတွေကို လွှတ်ပေးရေး နိုင်ငံရေး အကျဉ်းသား/သူဟောင်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဓာတ်ပုံကမ်းပိန်းပြုလုပ်ခဲ့ပါတယ်။ 

 

စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်မြို့လယ်ခေါင်မှာ “All Power to the People”စာတမ်းကို GSC အဖွဲ့ဝင်တွေက ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ပါတယ်။ 

 

“အထွေထွေဖိနှိပ်မှုကို အံတုကြ၊ ဘုံရန်သူကို ထွက်ပါက်မပေးနဲ့” စာသားနဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေက အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့နေ့မှာ ဓာတ်ပုံကမ်းပိန်း လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။ 

 

“We Are Still Under the Military’s Boots”စာတန်းချိတ်ဆွဲပြီး အာဏာရှင်ကို ဆန့်ကျင်တာကို ဖောဖော်ဝါရီလ (၁) ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ 

 

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဥက္ကဌက အဖွဲ့က တရားဝင် နှုတ်ထွက်ထားသူတွေက အဖွဲ့ချုပ်နာမည်ကို အလွဲသုံးစားလုပ်ကာ စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေ တာတွေကို ရှင်းလင်းပြောဆိုထားပါတယ်။ 

 

ဖေဖော်ဝါရီ၂ 

 

ဂျပန်နိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာအလုပ်သမား (၁၅၀၀) ကျော်ကို ထပ်မံခေါ်ယူထား တယ်လို့ မြန်မာသံရုံး၊ တိုကျိုက ထုတ်ပြန်ကြေညာထားပါတယ်။ 

 

တရုတ်နိုင်ငံသားပိုင် SunMe (Myanmar) INDUSTRIAL LIMITED မှာ အလုပ်သမားတွေ ချုပ်လုပ်ရာက ရရှိလာတဲ့ အထည်ဆုကြေးတွေကို လီတာ၊ စူပါနဲ့ အောစူပါတွေက လုပ်အားခခေါင်းပုံဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကို ပြောပါတယ်။ 

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်မှုကုန်ထုတ်ဏ္ဍမှာ ကလေးလုပ်သားပပျောက်ရေး ဦးစားပေးလုပ်ဆောင်နေတယ်လို့ ပြောဆိုပေမယ့် လက်တွေ့မှာတော့ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေ ဥပဒေမဲ့ ခိုင်းစေခံရတာတွေဟာ ပိုများလာနေတာဖြစ်ပါတယ်။ 

 

တရုတ်နိုင်ငံ ရွှေလီမြို့မှ ဖွင့်လှစ်ထားတဲ့ ဟွေရင်အထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံက အလုပ်သမားတွေကို အကြွေးစနစ်နဲ့ လုပ်ငန်းခွင်ကို ခေါ်ယူနေပေမယ့် လုပ်ခလစာနှိမ်တာနဲ့ လုပ်အားခခေါင်းပုံဖြတ်တာအပြင် အခွင့်အ ရေး ချိုးဖောက်တာတွေပါ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကိုပြောပါတယ်။ 

 

တပတ်တာ သတင်းအနှစ်ချုပ်ကို မမ က စုစည်းပေးထားတာပါ။ 

 

#MyanmarLabourNews 

#weeklyhighlights 

#weeklynewsreport


Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026