NEWS

ငလျင်လှုပ်ခတ်ပြီး အခြေခံကုန်ဈေးနှုန်းများ

CoverLogo
693 Views
 
ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ငလျင်လှုပ်ပြီးနောက် ကုန်ဈေးတွေ အတက်အကျ အပြောင်းအလဲတွေ ဖြစ်ပေါ်တာကို တွေ့ရပါတယ်။ သင်္ကြန်ကာလနီးလာတာကြောင့် အလုပ်သမားတွေ၊ အိမ်ရှင်မတွေမှာ ခြိုးခြုံချွေတာတွေ ပိုလုပ်လာရတယ်လို့ ပြောပါတယ်။
 
“နယ်ပြန်ဖို့လည်း ရှိတယ်။ ပြီးခဲ့လထဲမှာ အစားထိုးပိတ်ရက်နဲ့ ပိတ်ရက်များတော့ လစာက ၄ သိန်းလောာက်ပဲ ရတယ်။ ပြီးခဲ့လတွေထက် ၁ သိန်းလျှော့ရတာ။ အပြန်အတွက်က ခြေဆောင့်လက်ဆောင့် ၃ သိန်းလောက် ချန်ရမှာဆိုတော့၊ မိဘတွေအတွက် မုန့်ကလွဲပြီး ဘာမှ သိပ်မဝယ်ဖြစ်တော့ဘူး။ ပြန်လာမှပဲ ဝယ်တော့မယ်” လို့ အိမ်ထောင်ရှင် အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
ရပ်ကွက်အတွင်းအရောင်းအဝယ်တွေနဲ့ ပတ်သက်ပြီး စက်မှုဇုန်အနီးက ဈေးတခုမှာ ကုန်စုံရောင်းချနေသူတဦးက အခုလို ပြောပြပါတယ်။
“လစာ ထုတ်တဲ့ရက်ပဲ ကောင်းကောင်းရောင်းရတယ်။ နောက်ရက်တွေမှာ သိပ်မရောင်းရဘူး။ အလုပ်သမားတွေ သူတို့ ဒေသ ပြန်ကြမှာမို့ ထင်ပါတယ်။ သိပ်ပြီး ကြီးကြီးမားမား အရောင်းအဝယ် မရှိပါဘူး။ ပိဿလုံးတောင် မရောင်းရပါဘူး” လို့ ကုန်စုံဆိုင် ရောင်းချသူ တဦးက ပြောပါတယ်။
မတ်လ ၃၁ ရက်နေ ဧပြီ ၆ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေခံစားသောက်ကုန်၊ စားသုံးဆီနဲ့ အခြေခံ ကုန်ဈေးနှုန်း အခြေအနေကို နှိုင်းယှဉ်နိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။
 

အခြေခံစားသောက်ကုန်ဈေးနှုန်းများ

စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားတဲ့ စားအုန်ဆီ အခြေခံ လက်ကားရည်ညွှန်း ဈေးနှုန်း(ရန်ကုန်)တွေကတော့ စားအုန်းဆီတစ်ပိဿာ ကျပ်၇၂၀၀ ဖြစ်ပြီး အိမ်အရောက်ပို့ ဈေးနှုန်းကတော့ ၂.၇၅ ပိဿာကို မြို့နယ်အလိုက် ၂၄၆၀၀ ကနေ ၂၅၁၀၀ အတွင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆီစာအုပ်နဲ့ ရောင်းချတဲ့ ဈေးနှုန်းတွေကတော့ ဆီ(၁လီတာ)တဗူးကို ကျပ် ၄၀၀၀ ဖြစ်ပါတယ်။ ပြင်ပ စားအုန်းဆီဈေးနှုန်းကတော့ တစ်ပိဿာ ၁၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၂၀၀၀ အထိ ရောင်းချနေတာကို တွေ့ရပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၇၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်နေပြီး အခြေခံ အလုပ်သမားတွေနဲ့အများစု ၀ယ်ယူစားသုံးတဲ့ ဆန်အမျိုးအစားတွေကတော့ မြောင်းမြပေါ်ဆန်းနဲ့ တောင်ပျံရှယ် အမျိုးအစားတွေလို့ ဆန်ရောင်းဝယ်သူတွေက ပြောပါတယ်။
အလုပ်သမားတွေ အများစု တယ်ယူဆန်အမျိုးအစားတွေကတော့ တပြည်ကို ကျပ် ၅၀၀၀ ဝန်းကျင်တန် ဆန်အမျိုးအစားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
 
အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ကြက်ဥဈေးနှုန်းက ၄၅၀၊ ၅၀၀ ဝန်းကျင်ဖြစ်ပြီး ငလျင်လှုပ်ခတ်မှုအပြီး သိသိသာသာ မြင့်တက်လာတာလို့ စားသုံးသူတွေကပြောပါတယ်။ အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းတယ်ဆိုပေမဲ့ တစ်ပိဿာ ၃၀၀၀ ကနေ ၄၀၀၀ကျပ်အထိ ပေးဝယ်နေပြီး ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀ ဈေးတွေ ဖြစ်ပေါ်နေတာပါ။
အသားဈေးနှုန်းတွေက အပြောင်းအလဲ သိပ်မရှိဘဲ ကြက်သားတစ်ပိဿာ ၃၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀၊ ဝက်သား တပိဿာ ၃၅၀၀၀ ကျပ် အနည်းဆုံးကျပ် ၁၀၀၀၀ ဖိုးသာ၀ယ်ယူပေးရတယ်လို အိမ်ရှင်မတဦးက ပြောပါတယ်။
 
အိမ်သုံးဆေးတွေကတော့ ပါရာစီတေမာ တစ်ကတ် ၁၇၀၀ ၊ သွေးညှိအမူးပြေဆေး ၂၇၀၀၊ အကိုက်အခဲ ပျောက်ဆေး တစ်ကဒ် ၃၀၀၀ကျော်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၂၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၇၀၀ အထိ ဈေးပေါက်နေပြီး လက်ဝယ်ယူရ ခက်ခဲတယ်လို့ ရပ်ကွက်အတွင်း ရောင်းချသူတွေက ပြောပါတယ်။
 

စက်သုံးဆီဈေးနှုန်း

ဧပြီ ၆ရက် စက်သုံးဆီဆိုင်တွေမှာ ရောင်းချနေတဲ့ ဈေးနှုန်းတွေကတော့ ဓါတ်ဆီ ၉၂ တစ်လီတာလျှင် ၃၀၀၀ကျပ် ၉၅ တစ်လီတာ ၃၀၅၀ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာ ၂၅၈၀ ကျပ်၊ ပရီမီယံ ဒီဇယ် တလီတာ ၃၁၉၀ ၊ ပြင်ပ ပေါက်ဈေး(ရန်ကုန်)အနေနဲ့ တစ်လီတာတဗူးကို ကျပ် ၃၂၀၀ ကနေ ၃၅၀၀ ကျပ်အထိ ပေးဝယ်ရပြီး ငလျင် ဒဏ်သင့် မန္တလေးနဲ့ စစ်ကိုင်းဒေသေတွေမှာ ၉၂ တစ်လီတာ ကျပ် ၄၀၀၀ ကနေ ကျပ် ၅၀၀၀ အထိ ပေးဝယ်ရ တယ်လို့ မော်တော်ဆိုင်ကယ်ပိုင်ရှင်တဦးက ပြောပါတယ်။
 

ရွှေဈေးနှုန်း

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့ ရွှေသတ္တုပေါက်ဈေးကတော့ ငလျင်လှုပ်တဲ့နေ့ မတ် ၂၈ရက်ကနေ ဒီကနေ ဧပြီ ၆ရက်အထိ တကျပ်သား ကျပ် ၅၆၁၀၀၀၀ သတ်မှတ်ထားပါတယ်။
ပြင်ပ ရွှေဈေးကွက်မှာတော့ အခေါက်ရွှေပေါက်ဈေးကတော့ မတ်လ ၂၈ရက်မှာ ကျပ်သိန်း ၇၀ကျော်အထိ မြင့်တက်ခဲ့ပြီး ဧပြီ ၆ရက်မှာတော့ ၆၉၇၀၀၀၀ ကို ပြန်လည်ကျဆင်းလာပါတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
 

နိုင်ငံခြားငွေဈေးနှုန်း

တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာကို ကျပ်၂၁၀၀ ကသတ်မှတ်ထားပြီး ပြည်တွင်းဘဏ်တွေမှာတော့ တစ်ဒေါ်လာလို့ ၃၆၀၄ကျပ်လိုသာ အတိအလင်း သတ်မှတ် ပြသထားပေမဲ့ တကယ်ဝယ်ယူရမှာ ကျပ် ၄၀၀၀ ကျော် နဲ့ ရောင်းချပေးနေပါတယ်။ မတ်လ ၂၈ရက် ကနေ ဧပြီ ၆ရက်အထိ ပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ပဲ ဈေးဖွင့်ထားပြီး ဆက်လက် ဈေးငြိမ်နေတာ ဖြစ်ပါတယ်။
ထိုင်းဘတ်ငွေဈေးတွေကတော့ မတ် ၂၈ရက်က ထိုင်းတစ်ဘတ်ကို ၁၃၁ ကျပ်ဖြစ်ပြီး ဧပြီ ၆ရက်မှာတော့ ဘတ်ဈေး ၁၂၉ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ။
တပတ်အတွင်း ကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။

Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026