NEWS

တပတ်တာ သတင်းသုံးသပ်ချက်  မတ် ၄- ၂၀၂၅

CoverLogo
56 Views

Myanmar Labor News က ပြီးခဲ့တဲ့ တပတ်တာ ဖေဖော်ဝါရီလ (၂၅) ရက်ကနေ မတ်လ (၂) ရက်အတွင်း ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ -

 
လုပ်ငန်းရှင်တွေဘက်က အခွင့်အရေး ချိုးဖောက်တာတွေ၊ ဝန်ကြီးဌာနရဲ့ မူဝါဒတွေ ကြောင့် အလုပ်သမားတွေ အခက်အခဲ ဖြစ်နေတာတွေ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေမှာ မြန်မာလုပ်သားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ အလုပ်သမားတွေရဲ့ လိုလားချက်တွေနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေတွေကို တပတ်တာ သတင်းသုံးသပ်ချက်အနေနဲ့ ဖော်ပြလိုက်ရပါတယ်။


တစ်ပတ်တာ သတင်းဖော်ပြချက်တွေ ကို ပြန်လည်သုံးသပ်ရရင်တော့ 
ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေဟာ နည်းမျိုးစုံနဲ့ ဖမ်းဆီးခံနေရသလို ဖမ်းဆီးခံရသူတွေကိုလည်း စစ်ကောင်စီထံကို ပြန်လည်လွှဲပြောင်းနေတာပဲ ဖြစ်ပါတယ်။ 


သတင်းဖော်ပြချက်တွေအရတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံခဲ့တဲ့ မြန်မာအလုပ်သမား (၂၀၀) ကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီဆီကို လွှဲ ပြောင်း ပေးခဲ့ပါတယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရတော့ ဖေဖော်ဝါရီလ (၁၈) ရက်ကနေ (၂၄) ရက်အတွင်းမှာ မြန်မာအလုပ်သမား (၅၀၀၀) နီးပါး ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


ဒါ့အပြင် မလေးရှားရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ 


ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ မလေးရှားက အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို လိုက်လံဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်လည်ပို့နေ တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမယ်လို့ Stars of Myanmar Friendship UK အဖွဲ့ဆီက ထုတ်ပြန်ထားပါတယ်။ 


စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်တာတွေ အမျိုးမျိုး  လုပ်ဆောင်နေသလို ယာယီပိတ် ပင်တာတွေလည်း ရှိနေတာကြောင့် ပြည်တွင်းကနေ တရားမဝင် ထွက်ခွာနှုန်းဟာ တိုးလာပါတယ်။ 


လက်ရှိမှာပြည်တွင်းကနေ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ဖို့နဲ့ ထိုင်းနိုင်ငံက တစ်ဆင့်ပြန်လည် ထွက်ခွာနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေက ဘတ်သောင်းဂဏန်း( မြန်မာငွေ သိန်း ဆယ်ချီပမာဏ) လောက်ပွဲစားတွေကို ပေးချေရပေမယ့် ဖမ်းဆီးခံရတာတွေ ဆက် တိုက် ရှိနေပါတယ်။ 


သတင်းဖော်ပြချက်အရတော့ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်နိုင်ဖို့ ပွဲစားကို ဘတ် (၂) သောင်းပေးထားတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား (၂၈) ဦး၊ ထိုင်းနိုင်ငံမှာ အလုပ် လုပ်နိုင်ဖို့ ဘတ် (၁) သောင်းခွဲ ပေးထားတဲ့ မြန်မာအလုပ်သမား (၄၉) ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံသတင်းတွေက ဖော်ပြကြပါတယ်။


ဒါ့အပြင် မလေးရှားနိုင်ငံမှာ ပလတ်စတစ်စက်ရုံမှာ ဂတ်စ်အိုးပေါက်ကွဲမီးလောင်လို့ မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ပါ တယ်။ ထိုင်းနိုင်ငံမှာလည်း (၂) နှစ်နီးပါး လုပ်အားခမပေးဘဲ ခိုင်းစေခဲ့တာကြောင့် ထိုင်းဆောက်လုပ် ရေးသူဌေးကို မြန်မာအလုပ်သမားတွေက တိုင်ကြားထားပါတယ်။ MOU လုပ်သားတွေ လုပ်အားခမရလို့ NUG အလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားတာလည်း လုပ်ဆောင်ခဲ့ပါတယ်။ 


နိုင်ငံအလိုက် သံရုံးတွေရဲ့ ထုတ်ပြန်ချက်အရလည်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း တံဆိပ်တုံးအတုနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာကို အရေးယူမယ်လို့ သတင်းထုတ်ပြန်သလို ဂျပန်လူမျိုးတွေကို လိမ်လည်ဖို့ ဂျပန်စကားပြောနိုင်တဲ့ မြန်မာလူမျိုးတွေကို အသုံးချပြီး လိမ်လည်တာတွေ လုပ်ဆောင်နိုင်တယ်လို့ ဂျပန်နိုင်ငံဆိုင် ရာ မြန်မာသံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။


ဖော်ပြခဲ့တာတွေကတော့ တစ်ပတ်တာအတွင်းမှာ ပြည်ပရောက် မြန်မာလုပ်သားတွေ ရင်ဆိုင်နေရတာ ဖြစ်ပြီး ပြည်တွင်းက အလုပ်သမားထုတွေကြားမှာလည်း ချိုးဖောက်ခံရတာတွေ၊ ဝန်ကြီးဌာနရဲ့ ကန့်သတ်မှုတွေကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်တာတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။


လက်ရှိမှာတော့ ILO ရဲ့  Article (33) အရ အလုံးစုံ စီးပွားရေးပိတ်ဆို့အရေးယူတာကို အမြန်ဆုံး လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) ၊ မြန်မာနိုင်ငံ ကုန်ထုတ် နှင့် စက်မှုလက်မှု အလုပ်သမာများ အဖွဲ့ချုပ် (IWFM) ၊ Candle Light Justice Police CDM နဲ့ ဖားကန့်မြို့နယ် မှော်လှည့်သပိတ်စစ်ကြောင်းတွေက ဓာတ်ပုံကမ်းပိန်းပြုလုပ် တောင်းဆိုခဲ့ပါတယ်။


အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက တာဝန်ထမ်းဆောင်ခါစမှာပဲ ပြည်ပလုပ်သားစေ လွှတ်တာနဲ့ ပတ်သက်ပြီး မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေတာကြောင့် ပြည်ပကို သွားရောက်လိုသူတွေနဲ့  ဝန်ဆောင်မှု ပေးနေတဲ့ အေဂျင်စီတွေပါ အခက်တွေ့နေပါတယ်။ 


ပြည်ပသွားရောက်နိုင်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ပြည်ပအလုပ်သမား သက်သေခံကတ်ပြား (OWIC) ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ပိတ်ထားလို့ အခက်အခဲ တွေ ရှိနေပါတယ်။ 
ဒါ့အပြင် အလုပ်သမားဝန်ကြီးက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ထိုင်းရောက်မြန်မာအလုပ်သမား တွေကို နည်းမျိုးစုံနဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ 


လက်ရှိမှာ ပြည်ပကို လုပ်သားစေလွှတ်ခွင့် ယာယီ ရပ်နားထားပေမယ့် ရုရှားနိုင်ငံကို မြန်မာအလုပ်သမား စေလွှတ်နိုင်ဖို့ နှစ်နိုင်ငံ MOU ရေးထိုးဖို့ လုပ်ဆောင်နေ ပါတယ်။
လုပ်ငန်းရှင်တွေက အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး သတင်းတွေလည်း ဖော်ပြ တာလည်း ရှိခဲ့ပါတယ်။ 


News Plus စက်ရုံမှာ အထည်စံချိန်ပြည့်မီနိုင်ဖို့ စက်ရုံဘက်က ဖိအားပေးနေတာကြောင့် နားချိန်တွေကိုတောင် အပြည့်အဝ မနားရဘဲ အလုပ်လုပ်ကိုင်နေရပါတယ်။ တရုတ်နိုင်ငံသားပိုင် ကျင့်ဝေ အထည် ချုပ်စက်ရုံမှာ အလုပ်သမား (၄၀၀) ကျော်ကို အမြဲတမ်းဝန်ထမ်းမခန့်ဘဲ နေ့စားဝန်ထမ်းအနေနဲ့ပဲ ခိုင်းစေနေတာ ကြောင့် အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။ 


New Zhong Hui အထည်ချုပ်မှာ တစ်လလုံး နားရက်မရှိဘဲ လုပ်ကိုင်နေရပါတယ်။ တရုတ်နိုင်ငံက တုန်ရီအထည်ချုပ်စက်ရုံမှာ အချိန်ပိုလုပ်အားခမပေးဘဲ မြန်မာအလုပ် သမားတွေကို ခိုင်းစေနေပါတယ်။ 


တရုတ်နိုင်ငံသားပိုင် Saiform International Garment Myanmar မှာ အခွင့်အရေး ချိုးဖောက်တာတွေရှိနေတဲ့အပြင် Cutting ဌာနက စူပါက ပိုက်ဆံမှားယွင်းတွက်ချက်ပေးချေမိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေဆီက လုပ်ခလစာတွေ ပြန်လည် ဖြတ်တောက်နေပါတယ်။ 


Golden Colour Fashion (Myanmar) စက်ရုံမှာ အလုပ်သမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အလုပ်ကထုတ်ပယ် တာကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက အရေးယူဖို့ ပျက်ကွက်နေပါတယ်။

 
တစ်ပတ်တာအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အထွေထွေ သတင်းတွေကို ပြန်လည်စုစည်းရင်တော့ ရန်ကုန်နဲ့ ပဲခူးဒေသ တွေမှာ နယ်မြေစိုးမိုးရေးတိုက်ပွဲတွေ စတင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။ 


လပွတ္တာမြို့နယ်မှာ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အထိ လူငယ်တွေအားလုံးကို ဗလာမပါဘဲ မဲနှိုက်ခိုင်းပြီး စစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းနေပါတယ်။ 


ဒါ့အပြင် စစ်ကောင်စီက ငွေစက္ကူအစားထိုး ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီစနစ်ကြောင့်လည်း ငွေကြေး ဖောင်းပွတာတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။ 


ထိုင်း-မြန်မာ နယ်စပ်တိုက်ပွဲတွေ ကြောင့် မြန်မာပြည်သူ (၁၀၀) လောက် ထိုင်းဘက်ကို တိမ်းရှောင်ထွက်ပြေးကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ 


မြန်မာနိုင်ငံ နယ်ခြားစောင့်တပ် (BGF) က မြဝတီဒေသက အွန်လိုင်းငွေကြေး လိမ်လည်ဂိုဏ်း တွေကို နှိမ်နင်းပြီးနောက်မှာ နိုင်ငံပေါင်း (၂၉) နိုင်ငံက နိုင်ငံသား (၇၀၀၀) ကျော်ကို ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ က တစ်ဆင့်ပြန်လည်ပို့ဆောင်မယ်လို့ ထိုင်းနိုင်ငံ The Nation သတင်းက ဖော်ပြခဲ့ပါတယ်။


ဒီအခြေအနေတွေကတော့ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာအလုပ်သမားတွေနဲ့ နေ့စဉ်လူနေမှုအပေါ် ရိုက်ခတ်ခဲ့တဲ့ အခြေအနေတွေကို စုစည်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 


သတင်းသုံးသပ်ချက်ကို မမ ကစုစည်းပေးထားတာဖြစ်ပါတယ်။ 
#MyanmarLabourNews


Related posts

Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ဖေဖော်ဝါရီ ၁၀- ၁၆)
Feb 16, 2025
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု ( ဖေဖော်ဝါရီ ၁၀-၁၆)
Feb 16, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် အခြေခံကုန်စည် ဈေးနှုန်းများစုစည်းမှု
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမ အပတ် တပတ်အတွင်း သတင်းအနှစ်ချုပ်
Feb 02, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမအပတ် တပတ်အတွင်း ကုန်ဈေးနှုန်း သတင်း
Feb 02, 2025
Cover
၂၀၂၅ ဇန်နဝါရီ စတုတ္ထအပတ် မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ
Jan 28, 2025
Cover
၂၀၂၅ ဇန်နဝါရီ စတုတ္ထအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Jan 28, 2025