NEWS

ဇူလိုင်လ ဒုတိယပတ် သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
122 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၈)ရက်ကနေ ဇူလိုင်လ (၁၄)ရက်အထိ တစ်ပတ်တာအတွင်းဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ သတင်းအခြေအနေတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ(၈)ရက်

နိုင်ငံကူးလက်မှတ် (PJ) မှ (PV)ကို ပြောင်းလဲမှု ကျပ်ဆယ်သိန်းအထက် ပေါက်ဈေးရှိနေပါတယ်။  (PV) နဲ့ ထွက်ခွာပြီး အလုပ်သွားရောက်လုပ်ကိုင်သူတွေကို တားဆီးမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်သူတွေ (၂) ရက်အတွင် လူနာတစ်ရာကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာသူတွေ များပြားလာပါတယ်။ ဇူလိုင်လ (၈) ရက်မနက်ပိုင်းမှာတော့ မြို့အထွက်လမ်းမှာတင် စစ်ရှောင်ကား ထောင်ချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အိန္ဒိယက ပြောင်းတန်ချိန် သုံးသိန်းခန့်ကို တင်သွင်းဖို့ ရှိနေပေမယ့် ပြည်တွင်းမှာတော့ ပြောင်းသီးနှံပြတ်လပ်နေပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်သူတွေက မိသားစုထံ လွှဲပို့ငွေရဲ့ (၂၅) ရာခိုင်နှုန်းကို တရားဝင်ပေးပို့ရေး လုပ်သားစေလွှတ်တဲ့အေဂျင်စီတွေ စည်းရုံးပြောဆိုဖို့ အလုပ်သမားဝန်ကြီးက တိုက်တွန်းပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ အများပြည်သူ ရုံးပိတ်ရက်တွေထဲမှာ နိုင်ငံတကာနှစ်သစ်ကူးနေ့နဲ့ တရုတ်နှစ်သစ်ကူးနေ့တွေကို အလုပ်ပိတ်ရက်သတ်မှတ်တယ်လို့ စစ်ကောင်စီကြေညာပါတယ်။

ဇူလိုင်လ(၉)ရက်

သွေးလွန်တုပ်ကွေးရောဂါကြောင့် လူသေဆုံးတာတွေရှိနေတာကြောင့် ရေကြီးနစ်မြှုပ်မှုတွေအပြီးမှာ သွေးလွန်တုပ်ကွေးရောဂါကိုလည်း ဂရုပြုသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာပညာရှင်တွေက  သတိပေးပြောဆိုထားပါတယ်။

လက်လီဆန်ဆိုင်တွေမှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

သုံးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ (၁၆၀) ကျော်အထိ မြင့်တက်လာလို့ စက်ရုံအလုပ်သမားတွေ စိုးရိမ်နေပါတယ်။ လူအများစုနဲ့ အလုပ်လုပ်ကိုင်ရပြီး အိမ်သာတွေက သန့်ရှင်းမှုမရှိတာကြောင့် ရောဂါအလွယ် တကူ ကူးစက်မှာကို အလုပ်သမားတွေက စိတ်ပူနေပြီး တာဝန်ရှိသူတွေကို လာရောက်စစ်ဆေးတာတွေ လုပ်ပေးစေချင်တယ်လို့ ပြောဆိုထားပါတယ်။ 

မြို့ကြီး (၁၅)မြို့မှာ မြစ်ရေစိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး မြစ်ကမ်အနီးနဲ့ မြေအနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုနေထိုင်ဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Wonderful Apparel အထည်ချုပ်စက်ရုံအလုပ်သမားတွေ အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလို အချိန်ပိုတွေကိုလည်း ဖိအားပေးခေါ်ယူခိုင်းစေနေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်တန်းမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံသားအထောက်အထားတွေ ပျောက်ဆုံးပါက အမည်စာရင်းပေးပို့ဖို့ သံရုံးက အသိပေးကြေညာထားပါတယ်။

ပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေကို စစ်ကောင်စီဘက်က စည်းကမ်းကြပ်မတ်တာတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက်ခွာမှုက ပိုများလာနိုင်တယ်လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ချို့က သုံးသပ်ပြောဆိုပါတယ်။

ဇူလိုင်လ (၁၀)ရက်

ရန်ကုန်မြစ်အတွင်းမှာ ကျောင်းသားကျောင်းသူတွေ လိုက်ပါလာတဲ့ သဗ္ဗာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး ပျောက်ဆုံးသူတွေ ရှိနေပါတယ်။

မြန်မာအလုပ်သမား (၄၀)ဦးဆီက ထိုင်းဘတ်ငွေ၁၄သိန်းကျော် အမျိုးသမီးတစ်ဦးက လိမ်လည်ကာ တိမ်းရှောင်ထွက်ပြေးနေပါတယ်။

တရုတ်နိုင်ငံရှိ အထည်ချူပ်စက်ရုံတွေအတွက် လုပ်သားခေါ်ယူတာတွေကို ပြည်တွင်းက လုပ်ငန်းခွင်တွေထဲ အထိပါ လာရောက်စည်းရုံးတာတွေရှိလာတယ်လို့ အလုပ်သမားတစ်ချို့က ပြောပါတယ်။

YBS ယာဉ်လိုင်းတစ်ချို့မှာ ယာဉ်စီးခကတ်နဲ့ ပေးချေမှုစနစ်အတွက် အသုံးပြုလို့မရအောင် လုပ်ဆောင်တာတွေ ရှိလာတယ်လို့ ပြည်သူတွေက ပြောပါတယ်။

သာကေတမြို့နယ်၊ အနော်မာရပ်ကွက်ရှိ နေအိမ်တစ်ခုမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ဆီဘောက်ဆာယဉ် ဝရိန်ဆော်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားကာ လူတစ်ဦးသေဆုံးခဲ့ပါတယ်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ပြုလုပ်ဖို့ ကျန်ရှိသူတွေအနေနဲ့ ဆာမုစခွန်ခရိုင် မဟာချိုင်ရှိ (CI) စခန်းမှာ လုပ်ဆောင်နိုင်တယ်လို့ ထိုင်းအစိုးရကထုတ်ပြန်ပါတယ်။ 

Pepsi အချိုရည်ကုမ္ပဏီကို ထပ်တိုးတရားစွဲမှုကိူ ဇူလိုင်လ (၁၈) ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။

အခြေခံအလုပ်သမားတွေ ဆိုင်ဖျော်လက်ဖက်ရည်တစ်ခွက်သောက်ဖို့ကို အလှမ်းဝေးလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိမှာ ဆိုင်ဖျော်လက်ဖက်ရည်တစ်ခွက်တန်ဖိုးဟာ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တစ်ရက်လုပ်ခလစာရဲ့ တစ်ဝက်နီးပါးကို ရောက်ရှိနေတာပါ။

ဘဏ်တွေကငွေသား ထုတ်ယူတာတွေကို မလိုအပ်ဘဲ မလုပ်ဆောင်ဖို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှောက်မှုမှာ ယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက်က (၉)ဦးကို ပြန်လည်ကယ်ဆယ် နိုင်ခဲ့ပြီး (၈)ဦးကိုတော့ မတွေ့သေးပါဘူး။

ဇူလိုင်လ(၁၁)ရက်

ထိုင်းနိုင်ငံတွင်းမှာ အလုံပိတ်ကုန်တင်ကားအတွင်း တရားမဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၁၆)ဦး ဖမ်းဆီးခံခဲ့ ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ဖူလုံရေးအထောက်အပံ့ရပိုင်ခွင့်တွေအပေါ် ပိုမိုသိရှိဖို့ လိုအပ်နေတယ်လို့ အလုပ်သမား အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

JOC Myanmar Knitwear အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဒေးကြေးတိုးပေးဖို့ တောင်းဆိုနေပါတယ်။ လက်ရှိမှာတော့ အလုပ်သမား(၂)ဦး အလုပ်ထုတ်ခံထားရပါတယ်။

ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပို့ပေးဖို့ အလုပ်သမားဝန်ကြီးဌာန က အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။

ရန်ကုန်မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသရတဲ့ လူနာ(၃၀၀)ကျော် ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Heng Li Garment စက်ရုံအလုပ်သမားတွေ နားရက်မရှိဘဲ အလုပ်လုပ်ကိုင်နေရပြီး ရပိုင်ခွင့်အခွင့်အရေးတွေ ချိုးဖောက်ခံ နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်တာနဲ့ ပတ်သက်ပြီး အသက်အပိုင်းအခြား ကန့်သတ်မှုအပေါ် ဖြေလျှော့ပေးဖို့ မရှိသေးဘူးလို့ စစ်ကောင်စီကပြောဆိုထားပါတယ်။ 

ဇူလိုင်လ(၁၂)ရက်

ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် နေ့စဉ်နံနက် (၆)နာရီက ညနေ (၅) နာရီအထိ ဓာတ်အားပေးတာကို လေးရက်တာရပ်နားပြီး လုပ်ငန်းဆောင်ရွက်မယ်လို့ YESC က ထုတ်ပြန်ကြေညာ ပါတယ်။

CHARIS အရုပ်စက်ရုံက အလုပ်သမား (၂၀၀)ကျော်က ဒေးကြေးနဲ့ အချိန်ပိုကြေးတွေ တိုးပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေပါတယ်။

အသား၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ သယ်ဆောင်လာရင် ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ဂျပန်သံရုံးက သတိပေးအကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်။ 

လှိုင်မြစ်အတွင်းမှာ သဗ္ဗာန်တိမ်းမှောက်မှုမှာ ပျောက်ဆုံးနေသူ (၈)ဦးထဲမှာ (၄)ဦးကိုတော့ ရုပ်အလောင်းပြန်လည် တွေ့ရှိထားပါတယ်။

ဘဏ်တွေမှာ ငွေသားအလွယ်တကူ ထုတ်မရလို့ ငွေကြေးဝန်ဆောင်မှုပေးတဲ့ အေးဂျင့်တွေဆီက ရာခိုင်နှုန်းတွေ အဆမတန်ပေးပြီး ထုတ်နေရပါတယ်။

စက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။ ဒီအခြေအနေကြောင့်လည်း လက်လုပ်လက်စားပြည်သူတွေ စားဝတ်နေရေး ပိုမိုခက်ခဲလာပါတယ်။

ဇူလိုင်လ (၁၃)ရက်

လုပ်ငန်းခွင်ကို စွန့်ခွာသွားတာကြောင့် Black List စာရင်းသွင်းခံထားရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စာရင်းကနေ ပယ်ဖျက်ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

လှိုင်မြစ်အတွင်း သဗ္ဗာန်တိမ်းမှောက်မှုမှာ အသက်ရှင်သူ (၉)ဦး ရှိပြီး ရုပ်အလောင်း (၈)လောင်း ရှာဖွေ တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ဇူလိုင်လ(၁၄)ရက်

စစ်မှုထမ်း စုဆောင်းရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မသမာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ဝန်ခံပြောဆိုထားပါတယ်။

အခုဖော်ပြခဲ့တဲ့ တပတ်တာ သတင်းအနှစ်ချုပ်ကိုတော့ မမက စုစည်းပေးထားတာပါ။

 


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024