ကိုမင်းတို့ မြန်မာနိုင်ငံမှာ ဆီကတော့ တကယ်ကို အခက်အခဲ ဖြစ်နေတာ အမှန်ပဲ။ ဒီဆီကြောင့်ပဲ အစာလည်း ကောင်းကောင်း မစားရ၊ အိပ်လို့လည်း ကောင်းကောင်းမအိပ်ရ နဲ့။
လူမှု အခွင့်အရေးတွေဆုံးရှုံး၊ ကုန်ပစ္စည်းတွေ ဈေးတက်နဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် တကယ့်ဝဋ်ငရဲ ဖြစ်တာပါပဲ ။
ဒီလို နိုင်ငံသူနိုင်ငံသားတွေကို ဒုက္ခပေးတဲ့ ဆီအမျိုးအစားတွေတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။
စားဆီ နဲ့ စက်သုံးဆီ ပေါ့ဗျာ။ ဒုက္ခပေးလိုက်တာများ တအိမ်တည်းနေ မိသားစုတွေတောင် တဦးနဲ့ တဦး မေ့မတတ်ဘဲ။ သားနဲ့ အဖေကို မမှတ်မိ၊ သမီးကို အမေက မမှတ်မိတဲ့ အဖြစ်တွေလို့တောင် ပြောလို့ရပါ့ ဗျာ။
ကိုမင်းနဲ့ မောင်နှမလို ၊ တူးအရီးလို ခင်မင်ရတဲ့ မိသားစုအကြောင်း ပြပြချင်ပါတယ်။ လင်မယား နှစ်ယောက်၊ KG အရွယ် သား နဲ့ သမီးငယ် စုစုပေါင်း လေးဦး ရှိတဲ့ မိသားစုပါ။
အိမ်ထောင် ဦးစီးက ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ ခေါက်တို ပြောမလား၊ သီရိမင်္ဂလာဈေးနဲ့ ရက်ကွက်ဈေးကို ဈေးကြိုပေးရတဲ့ ယာဉ်မောင်းပါ။ မြန်မာနိုင်ငံက စက်တပ်ယာဉ် ၇ သန်း(လိုင်စင်ရှိယာဉ်) ကျော်ထဲက အထဲက ယာဉ်မောင်းတဦး ပေါ့။
ဒီဇယ်တွေ မှန်မှန် ရတုန်းကတော့ အေးအေးဆေးဆေး၊ အိပ်ရေးဝဝ အိပ်ရ။ မနက်စောစော အလုပ်ပြီးတာနဲ့ စားသောက်ပြီး အနားယူ ။ နေ့လယ် တအေးတမောအိပ်။ ကလေးတွေနဲ့ မိသားစုကို အချိန်ပေးခဲ့နိုင်တယ် ။
အမျိုးသမီးဖြစ်သူကလည်း အိမ်ထောင် စီမံမှုက ကျစ်ကျစ်လျစ်လျစ် နဲ့ဆိုတော့ ပြည့်စုံတဲ့ အိမ်ထောင်စုဆိုလည်း မမှားဘူးပေါ့။
အခု ဩဂုတ်လက စလို့ သူတို့ရဲ့ ပုံမှန်ဘဝက ပျောက်ဆုံးသွားပါတယ်။
သူတို့မှမဟုတ် စက်တပ်ယာဉ်မောင်းတွေရဲ့ မိဘ ညီကို ယောက္ခမ အပါ မိသားစုဝင် အားလုံး ငြိမ်ငြိမ်သက်သက် နေမရအောင် ပုံမှန်ဘဝ၊ လူမှုအခွင့်အရေး အားလုံးဆုံးရှုံးလိုက်ရပါတယ်။
ယာဉ်မောင်းအတွက် အဓိက အရေးကြီးတဲ့ အရာက ယာဉ်ကို မောင်းနှင်ဖို့ လိုအပ်တဲ့ စက်သုံးဆီပါ။ ယာဉ်ကို မှီပြီး မိသားစုအတွက် ရှာဖွေရတဲ့သူမို့ ဒီယာဉ်အတွက် ဆီရဖို့ ကြိုးစားရပါတော့တယ်။
ညစာ ထမင်းစားပြီးကတည်းက သေချာပေါက်ရောင်းချပေးမဲ့ စက်သုံးဆီ ရောင်းတဲ့ဆိုင်ကို သေချာ စုံစမ်း၊ ည၁၀ နာရီကျော်မှာ သူ့ရဲ့မော်တော်ယာဉ်နဲ့ သွား။ ဟိုရောက်တော့ စက်သုံးဆီအတွက် တန်းစီ။
တန်းစီတယ်ဆိုတာ လိုင်းနှစ်လိုင်း ရှိတဲ့ အထဲက ဒီဇယ်ရောင်း တဲ့ လိုင်းမှာ တန်းစီရ။ သေချာမေးရ ။ ဆီထည့်ခါနီးမှ လိုင်းပြောင်းမရ။
ပြောရဦးမယ်။
စက်သုံးဆီအတွက် တန်းစီတော့ ကျေးဇူးရှင် တချို့ကိုလည်း ကြောက်ရသေးတယ်။
ယာဉ်ထိန်း ကိုကိုတို့ မမတို့က ဖမ်းဆီးတာတွေ ရှိပါသတဲ့ ။ ဘယ်လို ဥပဒေနဲ့ ဘယ်လို ဖမ်းလည်း နားမလည်နိုင်ပါဘူး။
တနိုင်ငံလုံးက ယာဉ်အားလုံး စက်သုံးဆီ အတွက် အရေးပေါ်နေချိန် ၊ အဲဒီယာဉ်ထိန်း ဝန်ထမ်းတွေမှာ ဖမ်းစရာ၊ လက်တားဖို့ နေရမရှိလို့လားလို့တော့ ကိုမင်းတော့ ထင်မိတယ်။
ဆီတန်းစီတဲ့ နေရာမှာ လာဖမ်းကြတယ်ဆိုတာ ၊ အံဩဖွယ်ရာ နိုင်ငံက ဝန်ထမ်းတွေပါ ပဲ ။
ဒါမဟုတ် အကျပ်အတည်းကြုံနေလို့ ဥပဒေအတိုင်း အတိအကျ ဆောင်ရွက်တယ် ထင်တယ်။
ကလေးအိပ်ချိန်ကတည်းက အိမ်ကထွက်လာတဲ့ ကိုယ့်တူတော်မောင်ခမြှာမှာ တညလုံးခြင်ကိုက်၊ အပေါ့အပါး သွားမရတဲ့ ဒုက္ခ၊ စစ်သားစုဆောင်းရေးလည်း လည်းကြောက်ရ၊ ရဲက ခြိမ်းခြောက်တာနဲ့ လုံခြုံရေးစိတ်မချရနဲ့ ယာဉ်မောင်းဖို့ ဆီရရေး ဒုက္ခပေါင်းစုံ ခံစားရပါတယ်။
ဒီလိုနဲ့ ရနိုးနိုး စက်သုံးဆီအတွက် နောက်တနေ့မနက်လည်း ရောက်ရော ဒီဇယ်မရောင်းတဲ့ နေ့နဲ့ ကြုံပါလေရော။
အိမ်မှာ ကျန်ခဲ့တဲ့ အိမ်ရှင်မကလည်း တန်းစီနေရာကနေ ပြန်လာလို့ မဖြစ်တဲ့ အမျိုးသားဆီကို ဘေးတွဲနဲ့ ထမင်းချိုင့် ပို့ပေးရ တယ်။
အဖြစ်က ထမင်းချိုင့်နဲ့ ဆီတန်းစီရတဲ့ ခေတ်။ မြန်မာနိုင်ငံ မြေပုံလို ရှည်လျားတဲ့ စက်သုံးဆီ တန်းစီတဲ့ ယာဉ်တန်းအရှည်ထဲကနေ တရက်ကျော်ကြာ စောင့်ဆိုင်းပြီးနောက်မှာ ကိုမင်း တူတော်မောင် ဒီဇယ် သုံးသောင်းဖိုး ဝယ်ယူခွင့်ရခဲ့ပါတယ်။
ကိုမင်း ငယ်ငယ်က မ.ဆ.လ ပါတီခေတ်ပေါ့။ ပစ္စည်းမှန်သမျှ ပြည်သူ့ကုန်တိုက်ကနေ တန်းစီ ဝယ်ရတဲ့ ခေတ်လိုပေါ့။ ခြင်းကြား ဘောလုံးတလုံးရဖို့ နေ့တိုင်း ၇ ရက်လောက် တန်းစီပြီး ဝယ်ခဲ့ရတာ သတိရမိတယ်။
မှော်ဘီ ဘောလုံးစက်ရုံအကြောင်းကြားတိုင်း စီတန်းဝယ်ခဲ့ရတာကို အမြဲသတိရတယ်။ အခုတော့ ထုတ်လုပ်မှု ရှိမရှိ မသိရတော့ဘူး။ အဲ့လိုပဲ လိုက်ဝယ်ပေးတဲ့ အဖွားတောင် ကွယ်လွန်သွားပြီ။
တန်းစီတယ်ဆိုတာ လုံလောက်မှုမရှိဘူးဆိုတဲ့ သက်သေတခုပါ။
အိမ်မှာကျန်တဲ့ အိမ်ရှင်မက သက်သာရဲ့ လားမေးကြည့်ပါဦး ။ သူမှာလည်း မနက် ၂ နာရီလောက် စားသုံးဖို့ အတွက် စားအုန်းဆီရဖို့ တန်းစီရပါတယ်။ ကျစ်ကျစ်လျစ်လျစ်နေတတ်ပြီး အလုပ်လုပ်ဖို့ ဝန်မလေးသူမို့ ကိုယ်တိုင် တန်းစီပါတယ်။
ပထမတရက် စားဆီအတွက် သတင်းစုံစမ်းပြီး မနက်အစော ၃ နာရီထ တန်းစီတာက ရမလာဘူး။ ဒါနဲ့ နောက်မနက် ၂ နာရီမထိုးမီကတည်း ထသွားပါတယ်။ ဒီတခါတော့ နှစ်ဆယ်သား ဝယ်ယူခွင့်ရပါတယ်။ ဒါလည်း နှစ်ည ၊ နှစ်ခါတန်းစီမှ ရတဲ့ စားအုန်းဆီ နှစ်ဆယ်သားပါ။
အပြင်ဈေးလည်း ကြည့်ဦး ဆီတပိဿာ ၁၇၀၀၀/ ၁၈၀၀၀ ။ တန်းစီ ဈေးက ၆၀၀၀ ဝန်းကျင် တအားကွာတော့ လူပင်ပန်းခံ ကြတာပေါ့။ ဆီကောက်မဲ့သူတွေလည်း တွေ့ရဲ့။ ၁၃၀၀၀ ဈေးပေးမယ်တဲ့။ လိုင်းပေါင်းစုံတော့ တွေ့ရတယ်။
တိုကင်ရရေးအတွက် ကွက်ပျောက် ရတဲ့နည်းတွေ။ တိုကင်ဝေတဲ့ သူတွေက လူသားတွေ မလား ။
အကျပ်အတည်း၊ မပြည်စုံနဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ ကိုယ်ကျင့်တရားလည်း မပြည့်စုံကြ တော့ဘူးလို့ ကိုမင်း နားလည်လိုက်ပါတယ် ။
ယောက်ျားဖြစ်သူက အပြင်ကဝယ်သုံးရင် တလီတာ ၈၀၀၀ လောက်ပေးရမှာ စိုးလို့ ည မအိပ်ဘဲ တန်းစီသလို အိမ်ရှင်မမှာလည်း ၃ ဆကွာပြီး လိုချင်သလောက် မရတဲ့ စားအုန်းဆီ တန်းစီရတဲ့ အဖြစ်ပါ။
တရက် အလုပ် လုပ်ဖို့နဲ့ တရက်စာ စားသုံးဖို့က နှစ်ရက်ကြာအောင် မိသားစုမဆုံ ဖြစ်ခဲ့ပဲ ရှာရဖွေရတဲ့ အဖြစ်။
ဒေါ်လာဈေးမြင့်တက်လာတာက ပြည်ပက တင်သွင်းကုန်တွေအပေါ် သက်ရောက်မှု ကြီးမားပါတယ်။
နိုင်ငံတကာ စစ်ရေးအခြေအနေတွေ၊ ပြည်တွင်း နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေက ရွှေဈေး၊ ငွေလဲလှယ်ဈေး နှုန်းတွေကို အပြောင်းအလဲ ဖြစ်စေတာပါ။
ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုရဲ့ အကျိုးဆက်ကလည်း ကုန်ပစ္စည်း ပြတ်လတ် မှုတွေ ဖြစ်ပေါ်လာတာပါပဲ။
ဒီအဖြစ်တွေကလည်း အောက်ခြေအလုပ်သမားတွေ အထိ သက်ရောက်ပါတယ်။
စက်သုံးပြတ်လက်တဲ့ ရက်ပိုင်းအတွင်း ဆိုက်တွဲ(ဘေးတွဲ)တွေကလည်း စီးနင်းခ နှစ်ဆ မက တောင်းပါတယ်။
အရင် ကျပ်တထောင်ဆိုရင် ကျပ် နှစ်ထောင့် ငါးရာ အထိတောင်းပါတယ်။ ရပ်ကွက်က အလုပ်သမားတွေထဲက တချို့တွေဆို အလုပ် မသွားနိုင်တဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။
လျှပ်စစ်မီးအပြည့်မရတဲ့အပြင် မီးစက်အတွက် ဆီမရလို့ အထည်ချုပ် စက်ရုံအများစု အချိန်ပိုကို ညနက်အထိ မခေါ်နိုင်တော့ပါဘူး။
ည ၈ခွဲ/ ၁၀ ခွဲအထိ ခိုင်းနေတဲ့ စက်ရုံတွေတောင် ည ၆ နာရီခွဲ / ၇ နာရီခွဲ အထိပဲ ဆင်းခိုင်းရတဲ့ အဖြစ်တွေလည်း ကြုံပါတယ်။
စက်ရုံလည်ပတ်မှု အချိန်နည်းလာတော့ ကုန်ထုတ်လုပ်မှု ကျဆင်းတာနဲ့အတူ လုပ်သားတွေ ဝန်လျှော့ကြတာတွေ ဖြစ်ပါတယ်။
စက်သုံးဆီပြဿနာကြောင့် အလုပ်သမားတွေ ဝန်လျှော့တော့ ၊ ကုန်ဈေးနှုန်းအခြေအနေက လျော့မလား ဆိုတော့ ...
လက်ရှိ ကုန်ဈေးနှုန်းတွေကြည့်ပါဦး။
ကြက်ဥတလုံး ၄၀၀/၅၀၀၊ ကန်ဇွန်းရွက်တစည်း ကျပ် ၁၀၀၀ ဈေးတွေ ဖြစ်နေတာ။ ကိုမင်းလည်း မယုံ နိုင်အောင်ပဲ။ မယုံလို့လည်း မရ၊ တကယ်ဖြစ်နေတာ။
တနေ့ကတော့ အလုပ်သမားတွေကို ဝန်ကြီးဌာနက တနေ့(၈) နာရီအတွက် ထောက်ပံ့ကြေးလုပ်ခ ကျပ်တထောင် တိုးပေးပါသတဲ့ ။
တိုးပေးလိုက်တဲ့ ကျပ်ငွေကလည်း ကြက်ဥ နှစ်လုံး၊ ကန်ဇွန်းရွက် တစည်းဆို ကုန်ပြီ။ ဆန်၊ ဆီ၊ ဆား မပါသေးဘူး ၊ နေထိုင်စာရိတ်နဲ့ဆို စုဆောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ကြီးပွားတိုးတက်ရေးအတွက်ဆိုတာ ဘာမှန်း မသိအောင် ဖြစ်နေပြီ။ အသက်ရှင်ဖို့ အလုပ် လုပ်နေရသလို ပါပဲ။
စုစုပေါင်း တရက်အတွက် ၆၈၀၀ ရမယ်ဆိုတော့ ကိုမင်းလည်း ဝမ်းသာရပါတယ်။ အချိန်ပိုခတွေလည်း သတ်မှတ်ချက်နဲ့ ပေးဖိုကလည်း အရေးကြီးပါတယ်။
ဘာလို့ဆိုတာ့ အရင် ကျပ်တထောင်တိုးထားတဲ့ တနေ့ ကျပ် ၅၈၀၀ ကိုတောင် လက်ရှိ အပြည့်အဝ မပေးတဲ့ စက်ရုံတွေ ရှိနေတယ်ဆိုတာ ပါဘဲ။
အလုပ်သမားတွေနဲ့ နိုင်ငံသူနိုင်ငံသားများ အခက်အခဲတွေ ကျော်ဖြတ်နိုင်ပါစေလို့ ကိုမင်း ဆုတောင်းပါတယ်နော် ။ နောက်လ ထပ်တွေ့ကြမယ် ။
မင်းနီကျော်