ဂျပန်ဗီဇာလျှောက်ထားသူဦးရေ ဆက်လက်များပြားနေတာကြောင့် တစ်ဦးချင်းဗီဇာလျှောက်ထားတာတွေ အွန်လိုင်း ဘိုကင်စနစ်သစ်နဲ့သာ ဧပြီ ၁ ရက်မှာ စတင်လျှောက်ထားနိုင်တယ်လို ဂျပန်သံရုံးက မတ် ၁၄ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဂျပန်သံရုံးမှာ ဗီဇာလျှောက်ထားရာမှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ လျှောက်ထားသူ အားလုံးဆီက ပူးပေါင်းကူညီမှုရရှိပေမဲ့ လျှောက်ထားသူ အရေအတွက် များပြားနေဆဲလို့လည်း ထုတ်ပြန်ချက်မှာ မြန်မာဘာသနဲ့ ရေးသားထားပါတယ်။
အဲဒီလို လျှောက်ထားမှု များပြားနေတာကြောင့် ဗီဇာလျှောက်ထားမှု ပိုမိုအဆင်ပြေစေဖို့ ဧပြီ ၁ ရက်ကစလို့ အွန်လိုင်း ဘိုကင်စနစ်ကို အသုံးပြုသွားမှာလို့ သိရပါတယ်။ ဒါကြောင့် ဂျပန်သံရုံးမှာ ဗီဇာလျှောက်ထား လိုသူတွေအနေနဲ့ အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
တဦးချင်း ဗီဇာလျှောက်ထားသူတွေအနေနဲ့ အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်လို့ ဧပြီလ ၁ ရက်စတင်ပြီး Facebook၊ Telegramနဲ့ ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွေမှာ ဖော်ပြပေးမယ့် URL (https://mm-emb-japan.revn.jp/?label=9) ကို အသုံးပြုလုပ်ဆောင်ရမှာလို့ သိရပါတယ်။
တစ်ဦးချင်းစီမဟုတ်တဲ့ ခရီးသွားကုမ္ပဏီတွေ၊ အလုပ်သမားအေဂျင်စီတွေနဲ့ဂျပန်စာသင်တန်းကျောင်းစတဲ့ အဖွဲ့လိုက်လျှောက်ထားတာတွေကတော့ ဂျပန်သံရုံးရဲ့ကိုယ်စားလှယ်လျှောက်ထားခွင့် အဖွဲအစည်းအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၊အဖွဲအစည်းတွေဆီကို အီးမေးလ်တွေကတဆင့် ကိုယ်ပိုင်အသုံးပြုနိုင်တဲ့ URL က တဆင့် ကြိုတင်ဘိုကင်ရယူနိုင်မှာဖြစ်တယ်လိုလည်း ဂျပန်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
သိရှိလိုတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ တယ်လီဖုန်းအမှတ် (၉၅-၀၁-၅၄၉၆၄၄-၈) ၊ အီးမေးလ် ryoji@yn.mofa.go.jp ဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။