ပြည်တွင်းမှာအလုပ်လျှောက်ထားတဲ့အခါ အလုပ်ရနိုင်၊ မရနိုင်ကို မသိရသေးပေမယ့် မလိုအပ်ဘဲ စာရွက်စာတမ်း ကြိုတင်တောင်းခံတာတွေကြောင့် အပိုကုန်ကျရမှုတွေက များနေပါတယ်။
မိတ္တူတစ်မျက်နှာကို ကျပ်ငါးဆယ်သာ ပေးခဲ့ရတဲ့အချိန်တုန်းကတော့ သိပ်မထူးခြားပေမယ့် လက်ရှိချိန်မှာတော့ အခက်အခဲ ပြဿာနာတစ်ရပ် ဖြစ်လာပါပြီ။ အလုပ်မလျှောက်ခင်မှာ ကုန်ကျရမယ့် စာရွက်စာတမ်းကြေးနဲ့ ထောက်ခံစာကြေးတွေဟာ ကျပ်သောင်းဂဏန်းအထက်ရှိလာပြီး အလုပ်လိုအပ်ချက်ရှိသူတိုင်းအတွက် ဖိအားတစ်ရပ် ဖြစ်နေပါတယ်။
“ရပ်ကွက်ထောက်ခံစာတင် တစ်သောင်းကုန်တယ်။ ဒါတောင် သူ(ရာအိမ်မှူး)က ကူညီပေးတာနော်လို့ ပြောသေးတယ်”လို့ မရင်ရင် (အမည်လွှဲ)က သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေ ကို ပြောပါတယ်။
သူကတော့ ရခိုင် တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ပြည်တွင်းရွှေ့ပြောင်းလုပ်သားတစ်ဦးပါ။ နယ်မြေသစ်မှာ ဆက်လက်ရပ်တည် နိုင်ရေးအတွက် ငွေကြေးလိုအပ်ချက်များလာတာကြောင့် အလုပ်ရှာဖွေနေချိန်မှာ စိတ်ဓာတ်ကျစရာတွေ တွေ့ကြုံနေရတာပဲ ဖြစ်ပါတယ်။
အလုပ်လျှောက်ရာမှာလိုအပ်တဲ့ အလုပ်လျှောက်လွှာ (CV) ၊ ဓာတ်ပုံ၊ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာ၊ လေဘာကတ်၊ ပညာအရည်အချင်း အောင်လက်မှတ်တွေ၊ သင်တန်းဆင်း လက်မှတ်စတာတွေအတွက်တော့ လက်ရှိမှာပေါက်ဈေးက မနည်းလှပါဘူး။
နေထိုင်တဲ့ နေရာဒေသနဲ့ မိမိရဲ့ အခြေအနေပါ် မူတည်ပြီး ငွေကြေးကုန်ကျမှုတွေဟာ ဆက်လက်မြင့်တက် လာပါတယ်။
“မိတ္တူတစ်မျက်နှာကို နှစ်ရာပေးရတယ်အစ်မ။ သန်းခေါင်စာရင်းဆို သုံးရာပေးရတယ်။ အဲဒါမီးလာချိန်နော်။ မီးပျက်ရင် ငါးရာပေးရမယ်ပြောတယ်။ နောက် အောင်လက်မှတ်တွေ၊ သင်တန်းဆင်းလက်မှတ်တွေလည်း မိတ္တူကူးရတော့ ကုန်တာမနည်းဘူး”လို့ မြင့်တက်လာတဲ့ မိတ္တူ နှုန်းထားတွေကို သူကစတင်ပြောဆိုပါတယ်။
မိတ္တူခတွေ မြင့်တက်လာတဲ့ နောက်ဆက်တွဲမှာတော့ အလုပ်လျှောက်လွှာတစ်စောင်ဟာ ကျပ်(၃၀၀) ကနေ (၅၀၀)ထိ ပေါက်ဈေးရှိခဲ့ပြီး ဓာတ်ပုံရိုက်ခတွေကလည်း (၆)ပုံကို ကျပ်နှစ်ထောင်ထိ ပေးရတာပါပဲ။ ဒါတွေက အခြေခံလိုအပ်တဲ့ မိတ္တူ စာရွက် စာတမ်းကြေးပါ။
ဒီစာရွက်တွေကိုတော့ လမ်းစရိတ်အကုန်မခံနိုင်ရင် နီးစပ်ရာဆိုင်မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီလိုစာရွက်စာတမ်းကြေးတွေထက် ဈေးပိုကောင်းနေတာကတော့ ရာအိမ်မှူးတွေရဲ့ ထောက်ခံစာပေါက်ဈေးပါပဲ။
ခေတ်ပျက်ချိန်မှာ ရာအိမ်မှူးတစ်ယောက်ရဲ့ ထောက်ခံချက်လက်မှတ်ဟာ ကျပ်တစ်ထောင်ကနေ ကျပ်တစ် သောင်းထိ ပေါက်ဈေးရှိပါတယ်။
ဒါဟာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံပေးမယ့် ရဲစခန်းထောက်ခံစာအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး ရာအိမ်မှူးတွေအတွက်ကတော့ ဝင်ငွေရလွယ်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။
“ရာအိမ်မှူးဆီရောက်တဲ့ အရင်နေတဲ့နေရာက ထောက်ခံစာတောင်းတယ်။ ပါမလာတော့ ဟိုမှာရှိတဲ့သူကို viber( ဘိုက်ဘာ) က ပို့ခိုင်းလို့ရတယ်ပြောတယ်။ ဒါပေမယ့် ထောက်ခံပေးမယ့်သူကော၊ သွားလုပ်ပေးမယ့်သူကော မရှိတော့လို့ပါ။ အလှူငွေထည့်ပါမယ် ကူညီပါဦးပြောလိုက်တယ်။ တစ်သောင်းထည့်လိုက်ရတယ်။ အလုပ်လျှောက်ထားရန်ဆိုတဲ့ မှတ်ချက်နဲ့ ထောက်ခံစာ ရလာတယ်”လို့ မရင်ရင်က ပြောပါတယ်။
ဒီနောက်မှာတော့ ရဲစခန်းထိကို ကားမစီးတတ်တာကြောင့် ဆိုင်ကယ်ဘေးတွဲကို ကယ်ရီငှားပြီး သွားရသလို ထောက်ခံစာအတွက်လည်း ကျပ်တစ်ထောင် အလှူငွေထည့်ခဲ့ရပါတယ်။ သူကတော့ လက်ရှိပြေးဆွဲနေတဲ့ ကားလမ်းကြောင်းတွေကို မသိတာကြောင့် ရဲစခန်းအရောက် ဆိုင်ကယ်ဘေးတွဲကို ငှားရမ်းရတာဖြစ်ပြီး အများစုကတော့ လိုင်းကားစီးပြီး သွားကြတာပဲ ဖြစ်ပါတယ်။
ရပ်ကွက်ရုံးနေရာမသိ၊ ရဲစခန်းကို ဘယ်လိုသွားရမလဲဆိုတာ မသိသူအများစုကတော့လကယ်ရီပြေးဆွဲသူတွေကို အားကိုးရတာတွေလည်း ရှိနေပါတယ်။
ဒီလို လိုအပ်ချက်တွေအပြင် အလုပ်လျှောက်ထားရာမှာ လေဘာကတ် (အလုပ်သမား သက်သေခံကတ်ပြား) ဟာလည်း လက်ရှိမှာတော့ ကြိုတင်ပေးရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်အကိုင်ရှာဖွေပေးရေးရုံးတွေမှာ လေဘာကတ် လုပ်ဆောင်ရမှာဖြစ်ပြီး ဝန်ထမ်းတွေကထုတ်ဖော်မတောင်း ပေမယ့် ချထားတဲ့ ကော်ခြင်းတောင်းလေးထဲကိုတော့ ငါးရာတန်၊ တစ်ထောင်တန်လေးတွေကို အလုပ်မရှိလို့ အလုပ်ရှာသူတွေက မပြတ်တမ်းထည့်ပေးနေရပါတယ်။
လေဘာကတ်ရဲ့ ပေါက်ဈေးကလည်း ကျပ်ငါးထောင်ကနေ တစ်သောင်းဂဏန်းအထိ ပေါက်ဈေးရှိနေပြီ အသက်မ ပြည့်သေးသူ၊ သူများမှတ်ပုံတင်အသုံးပြုပြီး အလုပ်လျှောက်ထားသူတွေကတော့ ပွဲစားနဲ့ ချိတ်ဆက်ပြီး ဒီနှုန်းထား ကို ပေးရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ရုံးမဖွင့်ခင်ကတည်းက တန်းစီစောင့်ဆိုင်းရတာကို မလုပ်လိုသူတွေ၊ အချိန်ကုန်မခံလိုသူတွေအတွက်လည်း အချိန်တိုတွင်းမှာ ပေါက်ဈေးနှုန်းထားတွေနဲ့ လေဘာကတ် လုပ်လို့ရတယ် လို့ ပြုလုပ်ဖူးသူတွေရဲ့ ပြောစကားအရ သိရပါတယ်။
ဒီကုန်ကျစရိတ်တွေဟာ အလုပ်ရှာဖွေလိုသူတွေ မဖြစ်မနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ငွေကြေး ကုန်ကျ စရိတ်တွေ ဖြစ်ပါတယ်။
ဒီတော့ အလုပ်ဌာနတစ်ခုကို လျှောက်ထားမယ်ဆိုရင် ကျပ်တစ်သောင်းအထက်ကို မသုံးနိုင်ရင်တော့ အလုပ်လျှောက်ထားလို့ကို မရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုကုန်ကျစရိတ်တွေအပြင် လမ်းခရီးအတွက် အသွားအလာစရိတ်တွေစတာတွေပါ ထည့်သွင်းတွက်ချက်ရမယ်ဆိုရင် အလုပ်တစ်ခုထက် ပိုလျှောက်ထားဖို့ကို မလွယ်ကူနိုင်တဲ့ အခြေအနေပါပဲ။
“သူတို့ကလေ မူရင်းတွေ အကုန်ယူတာ။ အလုပ်လျှောက်လွှာစယူကတည်းက အလုပ်မရရင်လည်း ပြန်မပေးဘူး နော်။ တန်းပြောတယ်။ ရင်ထဲမှာလေ ဘယ်လိုဖြစ်သွားလဲကို မသိဘူး။ ဒီကာလမှာလေ နေရာတကာ အရမ်းအနိုင် ကျင့်တယ်လို့ ခံစားမိတယ်။ ပြန်မပေးဘူးလို့ အစီအစဉ်ရှိရင် အစကတည်းက မူရင်းတွေ မတောင်းသင့်ဘူး။ နောက်တစ်နေရာပြန်လျှောက်ဖို့ ထပ်လုပ်ရရင် ကုန်ကျမယ့်စရိတ်တွေကို ကိုယ်ချင်းစာစိတ်လေး ထားသင့်တယ်”လို့ အထည်ချုပ်စက်ရုံတစ်ခုမှာ ရုံးပိုင်းလျှောက်ထားခဲ့တဲ့ မစန်းစန်း (အမည်လွှဲ) က သူ့အတွေ့အကြုံကို ပြောပါတယ်။
အာဏာမသိမ်းခင်ကတော့ စာရွက်စာတမ်းတွေ ပေးရတာဟာ ခက်ခဲလှတဲ့ ကိစ္စတစ်ရပ်မဟုတ်ခဲ့ပေမယ့် အခုချိန် မှာတော့ မြင့်တက်လာတဲ့ဈေးနှုန်းတွေကြောင့် ဖိအားလို ဖြစ်လာတာပါ။
ဒီလိုစာရွက်စာတမ်း တောင်းခံတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစကတော့ လုပ်ငန်းရှင်တွေဘက်က ထောက်ခံစာတောင်းတာကို ရပ်နားခဲ့ပေမယ့် အခုချိန်မှာတော့ ထောက်ခံစာ အမျိုးမျိုးကို ပြန်လည်တောင်းခံနေတာပဲ ဖြစ်ပါတယ်။
“တွေးကြည့်ရင်တော့ ရင်နာစရာကြီး ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးတယ်။ လူတွေကို အကြောင်းမဲ့ နှိပ်စက် သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းတွေဆီက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာယူရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီကာလလေးတော့ နားလည်မှုလေး ရှိစေချင်တယ်။ အရင်ကလည်း ထောက်ခံစာတွေ မလိုဘူးဘာညာ ပြောဖူး ကြတာပဲ။ အခုမှ မဖြစ်မနေတွေ ပြန်တောင်းနေတာ သဘောမကျဘူး”လို့ သူက ပြောပါတယ်။
အလုပ်လျှောက်ထားရာမှာ အလုပ်သမားအများစုကတော့ ကိုယ်ရေးအကျဉ်းတွေဖြည့်ထားတဲ့ အလုပ်လျှောက်လွှာ တစ်စောင်ကိုသာ ပေးလိုတာဖြစ်ပြီး အမှန်တကယ် အလုပ်ခန့်ထားချိန်မှသာ လိုအပ်တဲ့ စာရွက်စာတမ်း အချက် အလက်တွေကို ပေးလိုတာပဲ ဖြစ်ပါတယ်။
ဒါဟာ ခေတ်ကာလ အခြေအနေနဲ့ တွက်ဆရရင်တော့ အလုပ်သမားတွေရဲ့ သဘောထားဟာ လက်ခံနိုင်ဖွယ်ရာပဲ ဖြစ်ပါတယ်။
အလုပ်အကိုင် လိုအပ်ချက်တွေ ပြန်လည်များပြားနေတဲ့ ရန်ကုန်မြို့ကြီးဟာ အခုဆိုရင်တော့ အလုပ်ရှင်တွေအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်တွေနဲ့ အသာစီးရနေတာပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ အလုပ်ရှင်တွေ ကဘက်က ဖြေလျှော့မှုတွေ အနည်းငယ်လုပ်ရုံနဲ့ အလုပ်လျှောက်ထားလိုသူတွေအတွက်တော့ အခက်အခဲတွေ လျှော့ပါးသွားမှာ ဖြစ်ပါတယ်။
“စာရွက်စာတမ်းတွေ တောင်းတာကို လက်ခံပါတယ်။ ဒါပေမယ့် အလုပ်ခန့်မယ်ဆိုမှ တောင်းရင် နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်။ ဒါဆို ကျွန်တော်တို့ကလည်း အလုပ်ဌာန သုံးလေးခုလောက်ကို အလုပ်လျှောက်လွှာတွေ ပို့မယ်။ တကယ် အလုပ်ရတော့မှာ စာရွက်စာတမ်းအတွက် ငွေကြေးကုန်ကျခံမယ်။ ဒါဆို တော်တော်အဆင်ပြေတယ်။ အခုကျ အလုပ်နှစ်ခုလောက် လျှောက်ဖို့ကို ကုန်ကျစရိတ်ကြောင့် နောက်ဆုတ်နေရတယ်”လို့ လူငယ်တစ်ဦးက သူအမြင်ကို ပြောပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်တွင်းမှာ နေထိုင်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ဖိစီးမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ အပြန်အလှန်ဖေးမကူညီမှုတွေဟာ လိုအပ်နေပါတယ်။
ဒီတော့ ကိစ္စ တစ်ချို့မှာ ဖြေလျှော့မှုတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ အကူအညီတစ်ခုပါပဲ။ စာနာစိတ်လေးတွေ မွေးမြူလိုက်ရင် လုပ်ငန်းခွင်နဲ့ စတင် ရင်းနှီးဖို့ ကြိုးစားနေသူတွေအတွက်တော့ အခွင့်အလမ်းတွေ ပိုရလာနိုင်မှာပဲ ဖြစ်ပါတယ်။