ARTICLE

အမေ့လျော့ခံ လုပ်သားထုရဲ့ ချိုးဖောက်ခံနေရတဲ့ စာရွက်ပေါ်က ဥပဒေများ

CoverLogo
139 Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ အလုပ်သမားဥပဒေတွေမှာပါတဲ့ အလုပ်သမားအခွင့်အရေးဆိုတာ ပြဌာန်းထားတဲ့စာအုပ်ထဲမှာပဲ ရှိနေပါတယ်။ 

အလုပ်သမားအခွင့်အရေးဆိုတာ အလုပ်သမားတွေနဲ့ လားလားမှ မသက်ဆိုင်တော့သယောင် အာဏာရှင်စနစ်လည်ပတ်မှုမှာ အလုပ်သမားအခွင့်အရေး မရသလို လူ့ဂုဏ်သိက္ခာပါ ညှိုးနွမ်းထိခိုက်အောင် လုပ်ဆောင်ခံနေပြီး ကျေးကျွန်သဖွယ် သဘောထားခိုင်းစေခံရမှုတွေလည်း တနေ့တခြား တိုးများလာနေပါတယ်။

ဒီထဲမှာ စက်ရုံ အလုပ်ရုံနဲ့ ကုမ္ပဏီလုပ်ငန်း တွေမှာ အများဆုံးလုပ်ဆောင်နေတဲ့ ချိုးဖောက်မှုတစ်ခုကတော့ အချိန်ပိုတွေကို ဖိအားပေး ခေါ်ယူတာနဲ့ ဥပဒေပါအတိုင်း ခွင့်ရက်၊ ပိတ်ရက် ခံစားခွင့် မပေးတာပဲ ဖြစ်ပါတယ်။

ဒီနှစ်ခုက ဆက်စပ်နေ တာဖြစ်ပြီး အချိန်ပိုတွေခိုင်းစေလိုတာကြောင့်လည်း အလုပ်သမားတွေအတွက် ခွင့်ရက်၊ ပိတ်ရက်တွေကို မပေး တော့တာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့် အထူးကိစ္စရပ်တွေအနေနဲ့ လိုအပ်ချက်ရှိရင် တစ်ပတ်အတွင်း (၁၆) နာရီအထိ အချိန်ပိုခေါ်ယူနိုင်ပြီး ညည့်သန်းခေါင် (၁၂) နာရီထက် ကျော်လွန်လုပ်ကိုင်မှု မပြုရဘူးလို့လည်း ပါရှိထားပါတယ်။

ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရတော့ အလုပ်သမားတစ်ဦးကို လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နဲ့ မီးဖွားခွင့်တွေ ပေးရမှာဖြစ်သလို အချိန်ပိုခိုင်းစေတာကိုလည်း တစ်ရက် (၈) နာရီ၊ တစ်ပတ် (၄၈) နာရီ ထက်ကျော်လွန်ခိုင်းစေလိုပါက အလုပ်သမားရဲ့ သဘောဆန္ဒကို ရယူရမှာဖြစ်ပြီး အချိန်ပိုအလုပ်ချိန်ဟာ တစ်ပတ် အတွင်း (၁၂) နာရီထက် မပိုရဘူးလို့ ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေမှာ ပြဌာန်းထားပါတယ်။ 

ဒါ့အပြင် အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ( အီးစီ) ချုပ်ဆိုခြင်းမပြုတာ၊ လုပ်ခဖြတ်တောက်တာတွေနဲ့ လက်လွတ်စပယ် အလုပ်ထုတ်ပယ်မှုတွေလည်း များလာပါတယ်။

လက်ရှိမှာတော့ ဒီသတ်မှတ်ချက်တွေဟာ ပြဌာန်းထားတဲ့ ဥပဒေစာအုပ်ထဲမှာပဲ ရှိနေပါတယ်။

အလုပ်သမားတွေ ဟာ နေ့စဉ်အချိန်ပိုတွေ လုပ်ကိုင်နေရသလို တနင်္ဂနွေပိတ်ရက်နဲ့ အများပြည်သူ ရုံးပိတ်ရက်တွေဆိုတာ နားခွင့် မရှိတော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ Myanmar Labour News က ရရှိထားတဲ့ အချက်အလက်တွေ အရလည်း သတ်မှတ်ထားတဲ့ ဥပဒေထက် ကျော်လွန်ပြီး အချိန်ပိုခေါ်ယူတာဟာ ပိုများလာပြီးတော့ ခွင့်ရက်တွေ၊ ခံစားခွင့်တွေလည်း မရတော့ပါဘူး။ 

ပြည်တွင်းက အလုပ်သမားအများစုဟာ စားဝတ်နေရေး လုံလောက်ဖို့၊ အလုပ်အကိုင် တည်မြဲဖို့အတွက် အချိန်ပို အလုပ်ချိန်တွေကို စိတ်ပါပါ၊ မပါပါ လုပ်ကိုင်နေရပါတယ်။ လတ်တလောမှာတော့ ဒီအခြေအနေတွေကနေ သူတို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာတွေ ရှိမနေပါဘူး။

“အချိန်ပိုဆင်းမှ ပိုက်ဆံပိုရမယ်ဆိုတာ သိပေမယ့် တစ်လလုံး နားရက်မရှိတာတွေ၊ တစ်နေ့လုံး၊ တစ်ညလုံး အလုပ် လုပ်ရတာတွေက ရေရှည်ကျ အဆင်မပြေဘူး”လို့ အထည်ချုပ် အလုပ်သမားတစ်ဦးဖြစ်တဲ့ မသီတာက (အမည်လွှဲ)ပြောပါ တယ်။သူက သားသမီး ၃ ယောက်ရှိတဲ့ မိခင် တစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာ စက်ရုံအများစုနဲ့ ကုမ္ပဏီတွေမှာ  အချိန်ပို အလုပ်ချိန်ဟာ နေ့စဉ်လုပ်ကိုင်နေရတာဖြစ်ပြီး တစ်ချို့သော စက်ရုံတွေမှာ တော့ တနင်္ဂနွေပိတ်ရက်တို့၊ အများပြည်သူရုံးပိတ်ရက်တို့ဆိုတာ မရှိသလို ခိုင်းစေနေပါတယ်။ 

ဒီထဲမှာ မသီတာ အလုပ်လုပ်ကိုင်နေတဲ့စက်ရုံလည်း အပါအဝင်ဖြစ်ပါတယ်။ မိသားစုများတဲ့ အိမ်စားစရိတ်ကို ထိန်းနိုင်ဖို့ စက်ရုံ အလုပ်ဝင်လုပ်နေပေမယ့် သူရဲ့နေ့စဉ်ဘဝမှာတော့ အခက်အခဲတွေ များလာတယ်လို့ ဆိုပါတယ်။

“အလတ်မနဲ့ သမီးအငယ်ဆုံးလေး ထားခဲ့ရတယ်လေ။ အလတ်မကလည်း ဆယ်ကျော်သက်ဆိုတော့ သုံးနှစ်ကျော်ကလေးလေးနဲ့ မနေချင်ဘူး။ ပြန်လာရင် ကလေးက တစ်ခုမဟုတ် တစ်ခုဒဏ်ရာဖြစ်နေ တယ်။ သူလည်းနေချင်သလိုနေတယ်။ ကလေးကိုလည်း စိတ်ပါရင်ကြည့်ပေးတယ်။ စိတ်မပါရင် ဘယ်ရောက် နေလဲတောင် သူမသိဘူး။ ပြန်လာရင် တစ်အိမ်လုံးလည်း ရှုပ်ပွလို့။ ကိုယ်စက်ရုံမဆင်းရင်လည်း သူတို့အဖေနဲ့ အစ်ကိုက လခစားမဟုတ်တော့ ပုံမှန်မရဘူး။ အချိန်တန်ရင် အိမ်ငှားခ၊ ဆန်ကြွေး၊ ဆီကြွေးလေး ပေးစရာရှိမှ အဆင်ပြေမှာဆိုပြီး လုပ်နေရတာ။ တကယ်ကို မလွယ်ဘူး။ ကလေးတွေလည်း သနားတယ်။ တစ်ခါတလေ သူတို့နဲ့ နေချင်ပေမယ့်လည်း နားရက်က မရှိဘူး”လို့ သူက ပြောပါတယ်။

အချိန်ပိုတွေ လုပ်ကိုင်ရလို့ လုပ်ခလစာလေး ပိုထွက်ပေမယ့် ရေရှည်မှာတော့ သူ့ကျန်းမာရေးပါ ထိခိုက်လာပါ တယ်။ 
တစ်နေကုန် အညောင်းမိတာ၊ ဆီး၊ ဝမ်း မမှန်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေရှိနေတယ်လို့ သူကပြောပါတယ်။

စက်ရုံအလုပ်သမားတွေအတွက် အချိန်ပိုအလုပ်ချိန်ဆိုတာ မစိမ်းတဲ့ အသုံးအနှုန်းပါပဲ။ ဒီလိုအချိန်ပိုတွေ ခေါ်ယူနေ တာကြောင့်လည်း လစာပိုရပေမယ့် သူတို့အတွက်တော့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝ ဆုံးရှုံးနေတာ ပါ။

“တကယ်တော့လေ အခြေခံလစာကသာ စားဖို့လောက်တယ်ဆိုရင် ဘယ်သူက အချိန်ပိုတွေ နေ့တိုင်းလုပ်ချင်မှာ လဲ။ သူတို့က စားဖို့လောက်တဲ့နှုန်းထား မပေးတော့ အချိန်ပိုမလုပ်ရင် စားလို့မလောက်ဘူး ဖြစ်နေတယ်။ အခုက ပိုဆိုးတယ်။ အချိန်ပိုတွေ ပိတ်ရက်မရှိ လုပ်နေလည်း စားဖို့က အနိုင်နိုင် ဖြစ်နေပြီ”လို့ စက်ရုံအလုပ်သမား သမဂ္ဂ ခေါင်းဆောင်ဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စက်ရုံအများစုဟာ နေ့စဉ်အချိန်ပိုတွေ ခေါ်ယူနေတဲ့အပြင် အများပြည်သူရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေ နေ့တွေကိုပါ နားရက်မပေးတော့တာဘဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို သတင်းမီဒီယာတွေမှာ ဖော်ပြနေပေမယ့် အလုပ်သမားဝန်ကြီးဌာနက မသိချင်ယောင်ဆောင်နေပါတယ်။

“အချိန်ပိုခေါ်တယ်ဆို အလုပ်သမားတွေရဲ့ သဘောတူလက်မှတ်ပါမှ ဖြစ်တာလေ။ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်လုံး သဘောတူလို့ ခွင့်ပြုတာလို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေက အမြဲပြောတယ်။ ဒါပေမယ့် အချိန်ပို ဆင်းဖို့ လက်မှတ်ထိုးအောင် ဖိအားပေးတာ၊ အလုပ်ဖြုတ်မယ် ပြောတာတွေကျ မသိချင်ယောင်ဆောင်တယ်။ ဘယ်အလုပ်သမားက တစ်လလုံးမနားဘဲ အချိန်ပိုဆင်းမယ်လို့ သဘောတူလို့လဲ။ သူတို့တစ်ချက် မတွေးဘူး။ မသိချင်ယောင်ဆောင်တယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေဟာ ဖိနှိပ်မှုတွေ၊ ဆဲဆိုမှုတွေနဲ့ ခြိမ်းခြောက်ခံရတာတွေကို နေ့စဉ်ဆိုသလို ရင်ဆိုင် နေရပါတယ်။ လုပ်ငန်းခွင်တွင်းမှာ ခွဲခြားဆက်ဆံတာတွေ၊ လုပ်နိုင်စွမ်းထက် ပိုလုပ်ဖို့ ဖိအားပေး ခိုင်းစေခံရတာ တွေနဲ့ စက်ရုံဘက်က တောင်းဆိုချက်တွေကို မလုပ်ဆောင်နိုင်ရင် အလုပ်ဖြုတ်မယ်ဆိုတဲ့  ဥပဒေဘောင်အပြင်က လုပ်ရပ်တွေကို နေ့စဉ်ဆိုသလို ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေတွေကို အာဏာမသိမ်းခင်ကတော့ အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ အစည်းတွေက ဝန်ကြီဌာနကို တိုင်ကြားတာတွေ၊ အော်ဒါပေးတဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေကို အသိပေးပြီး ဖြေရှင်းခိုင်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီယန္တရားကလည်း ရပ်တန့်သလောက် ဖြစ်နေပါ တယ်။

လက်ရှိမှာတော့ အလုပ်သမားတွေက တိုင်ကြားမှုတွေကိုလည်း အရင်လို မလုပ်နိုင်တော့သလို စက်ရုံတွင်းမှာ လည်း အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် အသံထွက် ပြောဆိုပေမယ့် အလုပ်သမား သမဂ္ဂတွေလည်း မရှိတော့ သလောက်ဖြစ်လာပါတယ်။

အလုပ်ရှင်သဘောကျ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေကပဲ ဟန်ပြသာသာ ရှိနေတာ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ဆိုးဝါးလာတဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အထိန်းအကွပ်မဲ့နေတဲ့ အခြေအနေ ကို မြန်မာနိုင်ငံက အလုပ်သမားထု ရင်ဆိုင်နေရပါတယ်။

“ဒီကာလမှာလေ ဘာမှပြန်မပြောရဲဘူး။ ဟိုရက်က မိုးတွေရွာ၊ ရေတွေကြီးလည်း ကျွန်မတို့ မဖြစ်မနေ သွားရ တယ်။ ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များဖြစ်နေလည်း အများနဲ့သုံးရတော့ စက်ရုံအိမ်သာမသုံးဘဲနေမယ်ဆိုပြီး တစ်နေကုန်အောင့် နေရတယ်။ အလုပ်မရှိလို့ မရဘူးဆိုတော့ သူတို့လုပ်သမျှငြိမ်ခံနေရတယ်။ ကျွန်မတို့ လည်း အသက်ရှိတယ်။ ပင်ပန်းတယ်။ အခုက တစ်လလုံး မနားတမ်း အလုပ်လုပ်လည်း စားဖို့၊ သောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေတာ။ အလုပ်မရှိလို့ မရဘူးဆိုတဲ့စိတ်နဲ့ပဲ နေနေရတယ်။ တကယ့်ကို လောကငရဲ ဖြစ်နေပြီ”လို့ အထည်ချုပ် စက်ရုံ သမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မမိုး(အမည်လွှဲ)က ပြောပါတယ်။

အထည်ချုပ်စက်ရုံ အသိုင်းအဝိုင်းဟာ အာဏာမသိမ်းခင်ကတည်းက ချိုးဖောက်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ အမြဲ လိုလို ဖောက်ဖျက်နေတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်သမားဝန်ကြီးဌာနဟာလည်း အလုပ်ရှင် တွေရဲ့ အလိုကျပုံစံသာ ဖြစ်သွားသလို စစ်တပ်ဆိုတာကလည်း ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေအတွက် လက်ကိုင်တုတ် ဖြစ်သွားပါတယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ ပြည်တွင်းမှာ အထွေထွေအကျပ်အတည်းနဲ့ ကြုံနေရပြီး လုပ်ခလစာတိုးပေးဖို့ ဒါမှမဟုတ် ထောက်ပံ့ကြေးအနည်းငယ် တိုးပေးဖို့ အလုပ်သမားတွေရဲ့ စုပေါင်း တောင်းဆိုမှုတွေ ၊ အလုပ်ရပ်ဆန္ဒပြမှုတွေဟာ နာရီပိုင်းသာ ကြာပြီး ဖြိုခွင်းခံရတဲ့အထိ ဖိနှိပ်မှုက ပြင်းထန်လာပါတယ်။

ဒီအခြေနေဟာ အောက်ခြေ လူတန်းစား အလုပ်သမားတွေအတွက်တော့ ကယ်သူမဲ့ အခြေအနေပါ။

“တကယ်တော့လေ လိုင်းပေါ်မှာ ပြောပြောနေတဲ့ NUG အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနကို တိုင်ပါဆိုတာလည်း ကြားဖူးပါတယ်။ ဒါပေမယ့်လေ သူတို့က ဘာလုပ်ပေးမှာလဲ။ ကျွန်မတို့ သိချင်တယ်။ ဒီကအလုပ်ရှင်ကို ဘာမှမလုပ်နိုင်သေးရင်တောင် နိုင်ငံတကာက ဝယ်သူတွေကို ဖိအားပေးမလား။ အမှတ်တံဆိပ်တွေကို တောင်းဆိုမလား ပေါ့။ အခုကလေ သူတို့ဘာတွေ လုပ်နေလဲဆိုတာလည်း ကျွန်မတို့မသိဘူး။ ကျွန်မတို့အတွက် အားကိုးစရာ ဘာမှမမြင်မိဘူး” လို့ သူကပြောပါတယ်။

ပြည်တွင်းက အလုပ်သမားထုကြီးဟာ ဒီကာလမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရပါတယ်။ စစ်အာဏာရှင်ကို အလုပ် သမားတွေကသာ ပထမဆုံး ဆန့်ကျင်ဆန္ဒပြပြီး လမ်းပေါ်ထွက်ခဲ့ကြပေမယ့် အခုချိန်ထိ သူတို့အတွက် အားကိုး အားထားပြုစရာ ရှာမတွေ့သေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက သူတို့အတွက် မျှော်လင့်ချက်ကြီး ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ အားကိုးလိုစိတ်တွေ သိသိသာသာ ကျဆင်းနေပြီလို့လည်း အလုပ်သမားတစ်ချို့က ပြောဆိုနေပါ ပြီ။

သူတို့ရဲ့ မျှော်လင့်ချက်တွေက အခုချိန်မှာတော့ မသေဟင်း၊ မသေထမင်းစားပြီး ဘယ်အချိန်ထိ တောင့်ခံနိုင် မလဲဆိုတာပဲ ရှိနေပါတော့တယ်။

သူတို့အတွက် ကူရာမဲ့နေတဲ့ အခြေအနေတွေဟာ သတင်းမီဒီယာတွေမှာ အပ်ကြောင်းတွေ ထပ်နေပေမယ့် အခုထိတော့ အဖက်ဖက်က မြင်ကွယ်ပြုနေဆဲပါပဲ။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနကလည်း သိနေရက်နဲ့ မျက်ကွယ်ပြုသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ကလည်း ထိရောက်တဲ့ ကာကွယ်မှုတစ်စုံတစ်ရာ ရှိမနေပါဘူး။

အချိန်ပိုတွေဆင်းရတာ၊ ခွင့်ရက်တွေ၊ပိတ်ရက်တွေ မနားရတာတွေဟာ အလုပ်သမားတွေ ချိုးဖောက်ခံရတာတွေရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ ဒါပေမယ့် အခြေခံခံစာခွင့်တောင် မရတော့တဲ့ ပြည်တွင်း အလုပ်သမားတွေရဲ့ အဖြစ်ကတော့ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ တရားမဝင်လုပ်သားတွေ ဖြစ်နေတာလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်နေပါတော့တယ်။


Related posts

Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024
Cover
ပြောပြရဦးမယ် လူမှုဖူလုံရေးတွေအကြောင်း
Nov 17, 2024
Cover
ခါးသီးသောဆုံးဖြတ်ချက်များ၏ နောက်ကွယ်
Nov 08, 2024
Cover
စစ်မှုထမ်းရှောင် ပြည်ပရောက် ဒုက္ခသားကောင်များ
Nov 03, 2024
Cover
ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု
Oct 25, 2024
Cover
အချိန်တို ကုထုံး လိုအပ်နေသူတွေ ....
Oct 20, 2024