NEWS

လူမှုဖူလုံရေး အာမခံကြေး လစဉ်ပေးသွင်းနေရပေမယ့် အားကိုးရတဲ့ အခြေအနေမဟုတ်ဘူးလို့ အလုပ်သမားတွေဝေဖန်

CoverLogo
1K Views

လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး မြို့နယ်အလိုက် ဆေးရုံ၊ ဆေးခန်းတွေတိုးပြီး ဖွင့်လှစ် နေပေမယ့် အောက်ခြေမှာတော့ အလုပ်သမားတွေ အမှန်တကယ် အားကိုးရတဲ့ အခြေအနေ ရှိမနေဘူးလို့ အလုပ်သမားတွေ က ဝေဖန်တာတွေ ရှိနေပါတယ်။ 

“သူတို့ဆီက အကျိုးခံစားခွင့်ရဖို့ စောင့်ရတာ တကယ်ကို အဆင်မပြေဘူး။ ပြောမယ်ဆို ဆေးခွင့်အတွက် ဆေးစာလုပ်ပေးတာပဲ သုံးလို့ရတဲ့အနေအထား ဖြစ်နေတယ်။ ကျွန်မတို့က ထည့်ဝင်ကြေးတွေ လတိုင်းပေး နေရပေမယ့် လက်တွေ့မှာ အဆင်မပြေတာတွေချည်းပဲ”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အလုပ်ရှင်နဲ့ အလုပ်သမားတွေ အားကိုးယုံကြည် ရတဲ့ လူမှုဖူလုံရေးစီမံကိန်းဖြစ်ဖို့နဲ့ အာမခံ အလုပ်သမားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတာတွေကို တိုးမြှင့် ဆောင်ရွက်ပေးဖို့ ပြောဆိုနေပေမယ့် မြို့နယ်ဆေးခန်းတွေမှာတော့ ဆေးဝါးပြတ်လပ်တာနဲ့ ဆက်ဆံရေး အဆင် မပြေတာတွေ ရှိနေပါတယ်။ 

“ကျွန်မပြတာက မြောက်ဒဂုံက တော်ဝင်နဂါး ဆေးခန်းပါ။ လူမှုဖူံလုံရေးဆေးခန်းပါ၊ ဆေးခန်းကို မနက် (၉) နာရီရောက်တော့ ဆရာဝန်မရှိပါဘူး။ စောင့်နေပေမယ့် (၁၀) နာရီအထိလည်း မလာပါဘူး။ မစောင့်နိုင်လို့ ပြန်လာပြီး  (၁၂) ခွဲလောက် ထပ်သွားမှ ဆရာဝန်နဲ့ တွေ့ရပါတယ်။ ဆရာဝန်က စမ်းသပ်ပြီး ဆေး(၅)မျိုး ရေးပေးပါတယ်။ ဒါပေမယ့် ဆေးခန်းမှာက ဆေးတစ်မျိုးပဲရမယ်။ ကျန်တဲ့လေးမျိုး ဝယ်သောက်ရမယ် ပြောပါတယ်။ ပြောမယ်ဆို ဖူလုံရေးကြေးသွင်းလာတာ (၇) နှစ်ကျော်ပါပြီ။ အခုမှ ပထမဆုံးအကြိမ် ပြဖူးတာပါ။ အရင်က သွားမေးရင် ဆရာဝန်မရှိတာနဲ့ ဆရာဝန် မလာတဲ့ရက် ဖြစ်နေတာနဲ့ တိုးနေလို့ မပြဖြစ်တာပါ။ အခု ရုံးကပြောလို့ သွားတာပါ။ ဖျားလို့ဆေးခန်းပြတာ လည်ချောင်းနာလို့ သောက်ရတဲ့ဆေး မရှိပါဘူး။ အကိုက်အခဲ ပျောက်ဆေး၊ ပိုးသတ်ဆေးလည်း မရပါဘူး။ အနီရောင်လေးတွေ အားဆေးဆိုတာပဲ ရပါတယ်”လို့ အလုပ်သမားတစ်ဦးက ဆက်သွယ်ပြောဆိုထားပါတယ်။ 

လက်ရှိမှာတော့ အောက်ခြေဝန်ထမ်းတွေက ဆက်ဆံရေး အဆင်မပြေသလို ဆေးဝါးပြဿနာ၊ ဆရာဝန် ပြဿနာတွေပါ ရှိနေတာပဲ ဖြစ်ပါတယ်။ 

လူမှုဖူလုံရေးအာမခံစနစ်ဟာ အခြေခံ လုပ်အားခလစာငွေထဲက အလုပ်ရှင်ဘက်က ထည့်ဝင်ကြေး (၃) ရာခိုင်နှုန်း အလုပ်သမားဘက်က ထည့်ဝင်ကြေး (၂) ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်း ပေးဆောင်ရတာ ဖြစ်ပါတယ်။ 

"အမျိုးသမီးက လူမှုဖူလုံရေးလစဉ်ထည့်ဝင်တဲ့ အထည်ချုပ်ဝန်ထမ်း ဆိုတော့ ခွဲစိတ် မီးဖွားတာကို အခမဲ့နီးပါးပါပဲ ကုန်ကျစရိတ်သိပ်မရှိပါဘူး၊ အဆင်ပြေတယ်ပေါ့နော်။ ပုံမှန် ဆေးခန်းပြဖို့ကျတော့ လူမှုဖူလုံရေးဆေးခန်းတွေမှာ ပြမယ်ဆိုရင် စက်ရုံက ခွင့်ယူပြီးမှ သွားရမှာ အဲ့တာကျတော့ အဆင်မပြေဘူး၊ တချို့ စက်ရုံတွေဆို ခွင့်မပေးတာတွေရှိတယ်၊ ဆေးခန်းမှာဆေးမရှိတာတွေရှိတယ်။ နေမကောင်းဖြစ်တာကျတော့ ဆေးရုံ ဆေးခန်းတွေက ရွေးနေလို့မရတော့ဘူး အလုပ်က ပြန်တဲ့အချိန်ဆိုတော့ အပြင်ဆေးခန်းတွေမှာပဲ ပြလိုက်ရတာမျိုးဆိုတော့ အကုန်အကျများတယ် ဖျားနာတာတွေ ဆိုအဆင်မပြေဘူး "လို့ အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။ 

လူမှုဖူလုံရေးထည့်ဝင်ငွေဟာ ဖူလုံရေးစနစ်အကျုံးဝင်တဲ့ အာမခံအမျိုးအစားတွေနဲ့ သတ်မှတ်ထားတဲ့ အကျိုး ခံစားခွင့် တွေရရှိဖို့ ထည့်ဝင်ရတာဖြစ်ပါတယ်။  

၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့လူမှုဖူလုံရေးဥပဒေအရ အာမခံအမျိုး အစား (၆)မျိုးရှိပေမယ့် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နဲ့ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်စတဲ့ အာမခံစနစ်အမျိုးအစား(၂)ခုကိုသာ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်တဲ့ အာမခံစနစ်တွေကိုတော့ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ 

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026