NEWS

မြန်မာနိုင်ငံရဲ့ လူဦးရေလေးပုံတစ်ပုံ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရ

CoverLogo
513 Views

မြန်မာနိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံနှုန်းဖြစ်တဲ့ လူဦိးရေ စုစုပေါင်း လူဦးရေ ၁၃.၃ သန်း စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီလိုအခက်အခဲ ဖြစ်နေသူတွေထဲမှာ လူဦးရေ ၂ ဒသမ ၇ သန်းကတော့ စားနပ်ရိက္ခာအခက်အခဲ အရေးပေါ် အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

“အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာ နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး”လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းက အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတွေကလည်း မနှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်  အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်‌နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ” လို့ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က ပြောကြားထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသော စားနပ်ရိက္ခာအခက်အခဲများကို တုံ့ပြန်ဖြေရှင်းတဲ့ လုပ်ငန်းများအား ပံ့ပိုးတဲ့အနေနဲ့  ဥရောပ သမဂ္ဂ (EU) က ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ ထပ်ဆောင်း ရံပုံငွေ ယူရို ၁ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ကို ‌ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီရန်ပုံငွေကို ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO) ကတစ်ဆင့် WFP ကို ပေးအပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီရန်ပုံငွေကို ရေကြီးရေလျှံမှုဒဏ် ခံစားရသူတွေကို အရေးအပေါ် အသက်ကယ် စားနပ်ရိက္ခာ ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

“စားဝတ်နေရေး ခက်ခဲတာတော့ အမှန်ပဲ။ အရင်ကလို ပေါပေါများများ မစားနိုင်၊ မသုံးနိုင်တော့ဘူး။ အဆောင်အခန်းခတွေလည်း ဈေးတက်တယ်။ ကော်ဖီမုန့်ဆိုတာ အဝေးကြီး ဖြစ်လာပြီ။ အသားဟင်းဆို မကပ်နိုင်လို့ ကြက်ဥ၊ ဘဲဥဈေးကြည့်တော့လည်း မသက်မသာ ဖြစ်နေတယ်။ ဟင်းသီးဟင်းရွက်လည်း အတူတူပဲ။ အခုက ပြောမယ်ဆို အလုပ်လုပ်ရင်း အငတ်ဘေးဆိုက်တော့မယ် ဖြစ်နေတာပါ”လို့ ပဲခူးတိုင်းထဲက အထည်ချုပ် အလုပ်သမား အမျိုးသမီး တစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာ ပြည်သူတစ်ချို့ဟာ စားဝတ်နေရေး အခက်အခဲကြောင့် ဆံပင်ဖြတ်ရောင်းချတာတွေ၊ ထမင်းဟင်း ပုံမှန်ချက် မစားတာတွေနဲ့ နေစရိတ်လျှော့ချနိုင်ဖို့ မိသားစုတွေ စုပေါင်းနေထိုင်တာတွေပါ လုပ်ဆောင်နေကြ ရပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026