ARTICLE

ပဉ္စမမြောက်ဝန်ကြီး ခန့်အပ်ခြင်း

CoverLogo
285 Views

ပဉ္စမမြောက် ၅ လခန့်သက်တမ်း အလုပ်သမားဝန်ကြီး

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့တွင် မတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အုပ်ချုပ်ရေးယန္တရား၏ အပြောင်းအလဲများမှာလည်း မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ အလုပ်သမားရေးရာဝန်ကြီးဌာနသည် အချိန်တိုအတွင်း ဝန်ကြီးများ အပြောင်းအလဲ အများဆုံးပြုလုပ်ခဲ့သည့် ဌာနများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည် ။ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကောင်စီသည်  ပဉ္စမမြောက် အလုပ်သမားဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဟိုးအား ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

ဝန်ကြီးသစ်၏ နောက်ခံနှင့် စစ်ဘက်ဆိုင်ရာ ခန့်အပ်မှုများရည်ရွယ်ချက်

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဟိုးဟာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ အပတ်စဉ်တူ OTS ၇၇ က ဖြစ်ပါ သည်။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ရဲ့ ဝန်ကြီးအဖြစ် ခန့်အပ် ခံ ရပြီး နောက် လက်ရှိမှာ တော့ အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခံရပါသည်။ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့သူတွေထဲမှာ ဦးမြင့်ကြိုင်နဲ့ ဒေါက်တာ ပွင့်ဆန်း  တို့မှလွဲရင် ကျန်တဲ့သူတွေကတော့ စစ်တပ်က အငြိမ်းစားဗိုလ်မှူးချုပ်တွေ ဖြစ်ပါ သည်။

စစ်အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် စစ်ဘက်အရာရှိဟောင်းများကို အဓိကကျသော အုပ်ချုပ်ရေးရာထူးများတွင် နေရာချထားခြင်းသည်  မဟာဗျူဟာ မြောက်  လုပ်ဆောင်ချက် တစ်ခု အဖြစ် ရှုမြင်နိုင်သည်။ အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားများ ၏ အခွင့်အရေးများဖြစ်သည့် သမဂ္ဂဖွဲ့စည်းခြင်း၊ စုပေါင်းဆွေးနွေးခြင်းနှင့် သပိတ်မှောက်ခြင်းကဲ့သို့သော လုပ်ငန်းခွင်ဆိုင်ရာ အရေး ကိစ္စများ ကို ကိုင်တွယ်ရသည့် ဌာနဖြစ်သည် ။ အာဏာသိမ်းပြီးနောက်ပိုင်း လူမှုရေးပြောင်းလဲမှုများ၊ အထူးသဖြင့် Civil Disobedience Movement (CDM) ကဲ့သို့သော လှုပ်ရှားမှုများ ပေါ်ပေါက် လာချိန် တွင် ဤကဏ္ဍသည် စစ်ကောင်စီအတွက် အလွန်အရေးပါသော စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ 

အလုပ်သမားရေးရာဝန်ကြီးဌာနကဲ့သို့သော ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံ ရသည့် ဌာနများတွင် စစ်ဘက်မှ ပုဂ္ဂိုလ်များကို ခန့်အပ်ခြင်းသည် အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှု ထက် စစ်ဘက်ဆိုင်ရာ ထိန်းချုပ်မှုနှင့် အမိန့်ပေး အမိန့်နာခံသည့် ယန္တရားဖြင့် အခြေအနေများကို စီမံခန့်ခွဲလို သည့် သဘောထားကို ဖော်ပြနေသည်။ ဤအပြုအမူသည် အလုပ်သမားအခွင့်အရေးများကို တိုးမြှင့်ရန်ထက်၊ အလုပ်သမားလှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် တပ်၏မူဝါဒများကို အာဏာပိုင် ဆန်ဆန် အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ရှိသည်ဟု ကောက်ချက်ချနိုင်သည်။

ပြည်တွင်းအလုပ်သမားများ၏ အခြေအနေ- စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုများ

၂၀၂၁စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် စီးပွားရေးအရ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည် ။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင်  မြန်မာနိုင်ငံရဲ့ GDPတန်ဖိုး သည် ၁ ရာခိုင်နှုန်းကျဆင်းသွားမည်ဟု ဆိုသော်လည်း တရားမဝင်သော စီးပွားရေးကဏ္ဍများကြောင့် အမှန်တကယ် ဆုံးရှုံးမှုပမာဏသည် ထိုထက်မက ပိုမိုဆိုးရွားနိုင်သည် ။ စားနပ်ရိက္ခာမဖူလုံမှုနှင့် လူမှုဝန်ဆောင်မှုများ ပြိုလဲခြင်းကဲ့သို့သော ပြဿနာများသည် ပြည်တွင်းအလုပ်သမားများ၏ နေ့စဉ်ဘဝကို ပြင်းထန်စွာ ထိခိုက်နေသည်။   

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသက်သွင်း လိုက်ပြီး နောက်ပိုင်း  ပြည်တွင်းအလုပ်သမားဈေးကွက်အပေါ် ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာ ခဲ့သည်။ ဤဥပဒေကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအား စစ်မှုထမ်းရန် မဖြစ်မနေ သတ်မှတ်ထားသည် ။ စစ်မှုထမ်းရမည်ကို ကြောက်ရွံ့မှု ကြောင့် လူငယ်အများအပြားသည် နိုင်ငံတွင်းမှ တိမ်းရှောင်ကြရာ ပြည်တွင်း လုပ်သားရှားပါး မှု အကျပ်အတည်း ဖြစ်ပေါ်လာသည် ။ အထူးသဖြင့် အထည်ချုပ်ကဲ့သို့သော လုပ်ငန်းများတွင် ထုတ်လုပ်မှု  ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ အချို့စက်ရုံများမှာလည်း အမှာစာအသစ်များ လက်ခံနိုင် ခြင်း မရှိတော့ကြောင်း သတင်းများက ဖော်ပြသည်။  

လုပ်သားရှားပါးမှုပြဿနာသည် အခြားသော လူမှုရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေသည်။ အလုပ်သမားဈေးကွက်တွင် လုပ်သားအင်အားနည်းလာခြင်းကြောင့် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များကဲ့သို့သော လုပ်ငန်းများတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်အရွယ် ကလေးငယ်များ အား အလုပ်ခန့်လာရသည် ။ ဤသည်မှာ ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို တိုက်ရိုက် ထိခိုက်စေပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များကို ရေရှည်တွင် ပိုမိုဆိုးရွားစေမည့် အခြေအနေ တစ်ခုဖြစ်သည်။ 

ဤအခြေအနေများသည် စစ်ကောင်စီ၏ မူဝါဒသည် နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု ထက် စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်များကိုသာ ဦးစားပေးနေကြောင်းကို ဖော်ပြနေသည်။ နိုင်ငံ၏ အနာဂတ် အတွက် အဓိကကျသော လုပ်သားအင်အားကို စစ်ရေးအတွက် အသုံးပြုရန် ကြိုးပမ်းခြင်း သည် ပြည်တွင်းစီးပွားရေးကို ပြိုလဲစေရုံသာမက၊ ကလေးလုပ်သားဦးရေ တိုးပွားလာခြင်းကဲ့သို့သော အခြေခံပြဿနာများကိုပါ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များကို လုံးဝပျက်စီးစေမည့် လမ်းကြောင်းကို ဖော်ဆောင်နေသည်ဟု သုံးသပ်နိုင်သည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေ

စစ်အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းမှုများမှာ သိသိသာသာ မြင့်တက်လာခဲ့သည် ။ အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် အာဏာသိမ်းမှု၏ ဂယက်များနှင့် စစ်မှုထမ်းဥပဒေအသက်ဝင်လာမှုကြောင့် လူငယ်များသည် အတင်းအကြပ် စစ်မှုထမ်းရမည်ကို ရှောင်ရှားရန် ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြသည်။ နိုင်ငံတကာရွှေ့ပြောင်းအဖွဲ့အစည်း (IOM) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် လူဦးရေ ၁.၃ သန်းကျော်သည် မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ခဲ့သည် ။ စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လနှင့် ဧပြီလများတွင် ထွက်ခွာသူအရေအတွက်သည် ယခင်နှစ်ကာလတူထက် သုံးဆကျော်အထိ တိုးလာခဲ့သည်။   

ရွှေ့ပြောင်းအလုပ်သမားများအနက် ၄.၁ သန်းခန့်သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး၊ ၎င်းတို့အနက် ၁.၇ သန်းခန့်မှာ တရားဝင်စာရွက်စာတမ်းမရှိဘဲ နေထိုင်နေကြသည်။ တရားမဝင်နေထိုင်သူများသည် ထိုင်းရဲများ၏ ငွေညှစ်မှုနှင့် တရားမဝင်ဖမ်းဆီးခံရမှု အန္တရာယ်များကို အဆက်မပြတ် ရင်ဆိုင်နေရသည် ။ ထို့ပြင် အခြေခံကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ရရှိရန်လည်း အခက်အခဲများ စွာရှိ နေသည်။   

ဤအခြေအနေကို ပိုမိုဆိုးရွားစေသည့် အချက်မှာ စစ်ကောင်စီသည် ပြည်ပထွက်အလုပ်လုပ်ကိုင် လူငယ်များကို အသက်အရွယ်ကန့်သတ်လာပြီး  MOU စနစ်ဖြင့် ပို့ဆောင်သည့် တရားဝင် အေဂျင်စီ များ ကို တလကိုတစ်ကြိမ်သာ သတ်မှတ်ထားသောလူဦးရေသာစေလွှတ်ရသည်။ဤဆုံးဖြတ်ချက်သည် စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ကြိုးပမ်းနေသူများကို တားဆီးရန် ရည်ရွယ်သည် ။ စစ်ကောင်စီသည် တစ်ဖက်တွင် တရားဝင်ရွှေ့ပြောင်းမှုလမ်းကြောင်းကို ပိတ်ဆို့ထားသော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့၏ နိုင်ငံရေးမဟာမိတ်ဖြစ်သော ရုရှားနိုင်ငံသို့ လုပ်သားများ စေလွှတ်ရန် ပဏာမစီမံကိန်းတစ်ရပ်ကို စတင်ခဲ့သည် ။ ယူကရိန်းစစ်ပွဲကြောင့် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသော ရုရှားနိုင်ငံသည် မြန်မာနိုင်ငံမှ အလုပ်သမားများကို ခေါ်ယူရန် ရည်ရွယ်ထားသည်။   

ဤအခြေအနေသည် စစ်ကောင်စီသည် လုပ်သားအင်အားကို ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးချနေသည်ကို ပြသနေသည်။ စစ်မှုထမ်းရန် ကြောက်ရွံ့၍ ရှောင်ရှားလာသူများကို တားဆီးရန် တရားဝင်လမ်းကြောင်းများကို ပိတ်ဆို့ပြီး၊ ၎င်းတို့၏ နိုင်ငံရေးမဟာမိတ်များအတွက်မူ တရားဝင်လမ်းကြောင်းများကို ဖန်တီးပေးနေခြင်းသည် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုကို အုပ်ချုပ်ရေးဆိုင်ရာမူဝါဒအဖြစ် မဟုတ်ဘဲ၊ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေသည်ဟု သုံးသပ်နိုင်သည်။ ဤလုပ်ရပ်သည် ရွှေ့ပြောင်းအလုပ်သမားများကို ဥပဒေမဲ့အခြေအနေသို့ တွန်းပို့လိုက်ပြီး ၎င်းတို့ကို ခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားပြုမှုများအတွက် ပိုမိုထိခိုက်လွယ်စေသည်။   

နိုင်ငံတကာ၏ တုံ့ပြန်မှုနှင့် အနာဂတ်အလားအလာ

မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) သည် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည် ။ ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) သည် မြန်မာနိုင်ငံတွင် အတင်းအကျပ်စေခိုင်းခြင်း (forced labour) နှင့် သမဂ္ဂဖွဲ့စည်းခွင့်ချိုးဖောက်မှုများ ရှိနေကြောင်းကို အတည်ပြုခဲ့သည် ။ ILO Governing Body သည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေးအတွက်  ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် နောက်ဆုံး ဆုံးဖြတ်ချက်ချရန် ပြင်ဆင်နေသည်။   

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် အခြားသော အဖွဲ့အစည်းများ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးထဲ နစ်မြုပ်နေကြောင်း ဖော်ပြသည် ။ စစ်မှုထမ်းဥပဒေကြောင့် ရှောင်လာသူများကို “ဥပဒေမဲ့ ရွှေ့ပြောင်းနေထိုင်သူများ” အဖြစ်မဟုတ်ဘဲ “လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သားကောင်များ” အဖြစ် အသိအမှတ်ပြုရန်လည်း HRW က တိုက်တွန်းထားသည် ။   

နိုင်ငံတကာအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများနှင့် ထုတ်ပြန်ချက်များသည် အစီရင်ခံစာများ၊ ဆုံးဖြတ်ချက်များ သို့မဟုတ် ကြေညာချက်များအဆင့်တွင်သာ အဓိကရှိနေသေးသည်။ ဤကြေညာချက်များသည် စစ်ကောင်စီ၏ လုပ်ရပ်များကို ပြောင်းလဲနိုင်ခြင်းမရှိသေးဘဲ၊ အခြေအနေသည် ပိုမိုဆိုးရွားလာနေကြောင်း အချက်အလက်များက ပြနေသည်။ 

နိဂုံးချုပ်

အချုပ်အားဖြင့်ဆိုရသော် စစ်ကောင်စီသည် အလုပ်သမားကဏ္ဍကို စီမံခန့်ခွဲရာတွင် အရပ်ဘက်အုပ်ချုပ်ရေးပုံစံထက် စစ်ဘက်ဆိုင်ရာ ထိန်းချုပ်မှုဖြင့်သာ ချဉ်းကပ်နေသည်ကို အလုပ်သမားဝန်ကြီးများ၏ ခန့်အပ်မှုပုံစံက ထင်ရှားစွာ ပြသနေသည် ။ စစ်မှုထမ်းဥပဒေသည် ပြည်တွင်းစီးပွားရေးနှင့် လုပ်သားအင်အားကို ဆိုးရွားစွာ ထိခိုက်စေပြီး၊ ပြည်ပသို့ ထွက်ခွာသည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ခေါင်းပုံဖြတ်ခံရမှုနှင့် ငွေညှစ်ခံရမှုကဲ့သို့သော ပိုမိုဆိုးရွားသည့် အခြေအနေများသို့ တွန်းပို့နေသည်။  

 စစ်ကောင်စီက ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုထားသည့်အတွက်ဝန်ကြီးသစ်၏ သက်တမ်းမှာ ၅ လခန့်သာ ရှိတော့မည်ဖြစ်သည်။ အချိန်တိုအတွင်းတွင် ဝန်ကြီးသစ်အနေဖြင့် မည်သို့သော အစီအစဉ်များ ချမှတ်နိုင်မည်နည်း၊ အလုပ်သမားများ၏ အကျိုးစီးပွားကို မည်သို့ကာကွယ်ပေးနိုင်မည်နည်းဟူသော မေးခွန်းများမှာ စိတ်ဝင်စားစရာဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အတင်းအကြပ်စေခိုင်းခြင်းနှင့် အခြားသော အလုပ်သမားအခွင့် အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် တာဝန်ရှိသူများကို တရားစီရင်နိုင်ရေး အတွက် တွန်းအားပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။   


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူများအား ဖမ်းဆီးပြီး တရားစွဲဆိုမှုဖြစ်ရပ်က အလုပ်သမား ရပိုင်ခွင့်နှင့် လုံခြုံရေးဟာ  စစ်ကောင်စီလက်အောက်တွင် မည်မျှအထိ အန္တရာယ်ရှိနေသည်ကို ပြသနေ
Aug 15, 2025
Cover
အကြွေးနွံထဲက ပြည်ပအိမ်မက်များ
Aug 14, 2025
Cover
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင် ၉ ဦး ဖမ်းဆီးခံရမှုနောက်ကွယ်က မြန်မာ့အလုပ်သမားအခွင့်အရေးများ
Aug 11, 2025
Cover
အခွင့်အလမ်းများ၏ နောက်ကွယ်
May 02, 2025
Cover
ဖိအားပေး ခြိမ်းခြောက်မှုများက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုအား ပြေလည်စေမည် မဟုတ်
Mar 26, 2025
Cover
ပြည်တွင်းထုတ် စက်ရုပ်လုပ်သားများ
Mar 17, 2025
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ ပြန်စာ ၅
Mar 17, 2025
Cover
စက်ရုံ စစ်ဆေးခြင်းနှင့် ဟောပြောပွဲများ....
Feb 22, 2025