(၁၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေး)နေ့မှာ မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေအားလုံးက ခေတ်ကာလနဲ့ကိုက်ညီတဲ့ အခြေခံလုပ်ခလစာရရှိရေးအတွက် ထုတ်ပြန်ချက်တွေထုတ်ပြန်ပြီး တောင်းဆိုကြပါတယ်။
အလုပ်သမားတွေဟာ အလုပ်လုပ်နေရင်းနဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာတာကြောင့် အဲဒီအချက်ကိုပဲ အဓိကထား တောင်းဆိုနေကြတာဖြစ်ပါတယ်။
အခြေခံလုပ်ခလစာ သတ်မှတ်နှုန်းဆိုတာဟာ အချိန်ပိုနာရီတွေကိုမလုပ်ဘဲနဲ့ အလုပ်သမားတွေ စားဝတ်နေရေးအတွက် လုံလောက်ရမှာဖြစ်ပေမယ့် ဒီအခြေအနေကတော့ မြန်မာပြည်တွင်းက အလုပ်သမားတွေအတွက် အလှမ်းဝေးနေပါသေးတယ်။
ပြည်တွင်းမှာ လက်ရှိပေးချေနေတဲ့လုပ်အားခဟာ တစ်ရက်(၈)နာရီ အလုပ်ချိန်ထက် ကျော်လွန်ပြီး အချိန်ပို နာရီပေါင်းများစွာလုပ်ကိုင်မှသာ အလုပ်သမားတစ်ဦးအတွက် စားလောက်ရုံအခြေအနေသာ ရှိနေတာဖြစ်ပါတယ်။
အလုပ်သမားတွေအတွက် ခေတ်ကာလနဲ့ လျော်ညီတဲ့လုပ်ခလစာရရှိရေး တိုက်ပွဲဟာ အမြဲတစေတိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးအပါအဝင် အနည်းဆုံးလုပ်ခသတ်မှတ်ရေးအတွက်ပါ တောင်းဆိုခွင့်မရတော့တဲ့ အခြေအနေကို ရောက်လာပါတော့တယ်။
ပြည်တွင်းမှာ အနည်းဆုံးအခကြေးငွေဥပဒေကို ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမားတွေ အတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားတစ်ခုကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ရက်မှာ သတ်မှတ် ပြဋ္ဌာန်းနိုင်ခဲ့တာပါ။
ပြဋ္ဌာန်းခဲ့တဲ့ အဆိုပြုနှုန်းထားကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစားမခွဲခြားဘဲတစ်နာရီကို ကျပ်(၄၅ဝ)နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တစ်ရက်ကို (၃၆ဝဝ)ပေးရမယ်လို့ စတင်သတ်မှတ်ခဲ့တာပါ။ အဲဒီလို သတ်မှတ်ရာမှာ အလုပ်သမား (၁၅)ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂) နှစ်ကို တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားပါတယ်။
ဒါ့ကြောင့် (၂၀၁၈) ခုနှစ်မှာ တော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈) နာရီစာ(တစ်ရက်) လုပ်အားခကို ကျပ် (၃၆၀၀) ကနေ ကျပ် (၄၈၀၀) အထိ တိုးမြှင့်ခဲ့ပါတယ်။
ဒီလိုဒုတိယအကြိမ် တိုးမြှင့်ပေးခဲ့တာဟာ ဒီမိုကရေစီအစိုးရလက်ထက်မှာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ တော့ အနည်းဆုံးအခကြေးငွေ ပြောင်းလဲသတ်မှတ်ရေးလုပ်ငန်းစဉ်ဟာ ဥပဒေအရ ညှိနှိုင်းလုပ်ဆောင်တာမျိုး မဟုတ်တော့ဘဲ ဝန်ကြီးဌာနဘက်ကပဲ သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစတင်ပြီး အစိုးရဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ကျပ်သုံးသောင်း တိုးပေးမယ်လို့ ၂၀၂၃ စက်တင်ဘာ(၃၀)ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရ ဌာနဆိုင်ရာမှာ အလုပ်လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကို တစ်ရက်အလုပ်ချိန် (၈) နာရီအတွက် အပိုထောက်ပံ့ကြေးအဖြစ် (၁၀၀၀)ကျပ် တိုးပေးမယ်လို့ ဆိုခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ပြီးနောက်မှာဘဲ အလုပ်ရှင်တွေကလည်း အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်ရေးကို ခေါင်းစဉ်လွှဲပြီး အပိုထောက်ပံ့ကြေးအဖြစ် တိုးပေးခဲ့ပါတယ်။ လက်တွေ့မှာတော့ တိုးပေးခဲ့တဲ့ ထောက်ပံ့ကြေးဟာ လက်ဖက်ရည်တစ်ခွက်စာဖိုးတောင် ရှိမနေပါဘူး။ ဒါပေမယ့် တတိယအကြိမ် ပြင်ဆင်သတ်မှတ်ရမယ့် အနည်းဆုံး အခကြေးငွေနှုန်းထားလည်း ထွက်ပေါ်မလာတော့ပါဘူး။
စားအုန်းဆီတစ်ဆယ်သား ကျပ်(၈၀၀)၊ ဆန်ကြမ်းတစ်ပြည် ကျပ်(၄၀၀၀)ကျော်၊ ကန်စွန်းရွက်တစ်စည်း ကျပ်(၅၀၀)၊ အသားဟင်းတစ်ဆယ်သား ကျပ်(၁၅၀၀)ဝန်းကျင်၊ ကော်ဖီတစ်ထုပ် ကျပ်(၃၀၀)၊ ဆပ်ပြာတစ်တုံး ကျပ်(၁၀၀၀)ကျော်အထိ မြင့်တက်နေတဲ့နိုင်ငံမှာ တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် အလုပ်သမားတစ်ဦးက (၄၈၀၀)ကျပ်သာ ရရှိနေတာပဲ ဖြစ်ပါတယ်။နိုင်ငံခြားငွေပေါက်ဈေးနဲ့တွက်ချက်ကြည့်မယ်ဆိုရင် တရက်လုပ်ခ တဒေါ်လာစွန်းစွန်း သာရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အခြေခံစားသောက်ကုန်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ လူနေမှု စရိတ်တွေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး စားဝတ်နေရေး မပြေလည်တဲ့ပြဿနာကို အခြေခံကျတဲ့ အလုပ်သမားလူတန်းစားတွေပဲ အများဆုံးရင်ဆိုင်ကြုံတွေ့နေရပါတယ်။
အလုပ်အကိုင်ရှားပါးလာတာ၊ ဥပဒေ အကာအကွယ်မဲ့လာတာတွေဟာ အာဏာသိမ်းပြီးနောက်မှာ ပိုဆိုးလာသလို အလုပ်သမားထုရဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေဟာလည်း ပျောက်ဆုံးလာပါတယ်။
ဒါ့အပြင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လစဉ်ကောက်ခံနေတဲ့ ကင်းကြေး၊ ဧည့်စာရင်းကြေးတွေကလည်း ဝင်ငွေ၊ ထွက်ငွေ မလုံလောက်တဲ့ လူတန်းစားတွေအတွက် အပိုဖိအားတွေဖြစ်နေပါတယ်။ နေ့စဉ်ဆိုသလို မြင့်တက်လာတဲ့ကုန်ဈေးနှုန်း၊ နေထိုင်စရိတ်နဲ့ အဓ္ဓမငွေကြေးကောက်ခံတာတွေဟာ အလုပ်သမားတွေ ရနေတဲ့ လုပ်ခလစာကို ပြက်ရယ်ပြုနေပါတယ်။
ဒီအခြေအနေမှာ တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် ကျပ်တစ်သောင်းရရှိမှသာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာဖြစ်မယ်ဆိုတာကို အလုပ်သမား ရေးရာအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာစက်ရုံတစ်ချို့က လုပ်ခလစာကို ကျပ်(၆၅၀၀)ကနေ ကျပ်(၇၀၀၀)အထိ တိုးပေးပြီး အလုပ်ခေါ်ယူ လာကြပါတယ်။ ဒါပေမယ့် စက်ရုံအများစုမှာတော့ ခေတ်နဲ့လျော်ညီတဲ့လုပ်ခလစာ တိုးပေးဖို့ကို ငြင်းဆိုနေကြ တုန်းပါပဲ။ ဒါဟာလည်း လုပ်ငန်းရှင်တွေဘက်က ခေတ်ကာလအခြေအနေကို မျက်ကွယ်ပြုတာပဲ ဖြစ်ပါတယ်။
အလားတူပါပဲ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကလည်း ချို့တဲ့မှုတွေနဲ့ ရှင်သန်နေရတဲ့ အလုပ်သမားတွေဘဝကို မျက်ကွယ်ပြုထားပါတယ်။ ပြဌာန်းထားတဲ့ဥပဒေနဲ့ ခေတ်ကာလရဲ့ အကြပ်အတည်းတွေကို အလုပ်သမားထုအတွက် ထည့်သွင်းစဉ်းစားပေးတာ မရှိတော့ပါဘူး။
ပြဌာန်း ဥပဒေအရတော့ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ ပြင်ဆင်သတ်မှတ်ရေးက အလုပ်သမားထု က တောင်းဆိုရမှာမဟုတ်ဘဲ ဝန်ကြီးဌာနဘက်က (၂)နှစ်ကိုတစ်ကြိမ် ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေ ဟာ လက်ရှိချိန်မှာတော့ ဥပဒေစာအုပ်ထဲမှာသာ ပါရှိသလိုဖြစ်နေပြီး အလုပ်သမားဝန်ကြီးဌာနက လုံးဝလစ်လျူရှုထားပါတယ်။
အခြေခံလုပ်ခလစာ ကျပ်တစ်သောင်းဆိုတာဟာ ထောင်ချီတဲ့အလုပ်သမားထုအင်အားနဲ့ တွက်မယ်ဆိုရင် အလုပ်ရှင်တွေအတွက် များပြားတဲ့ ငွေပမာဏဖြစ်ပေမယ့် ခေတ်ပျက်ကြီးမှာ ရုန်းကန်နေရတဲ့ အလုပ်သမားတစ်ဦးချင်း အတွက်ကတော့ စိစစ်တွက်ချက်သုံးစွဲရမယ့် အခြေအနေပဲ ရှိပါသေးတယ်။
ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာဆိုတာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပေါင်းစည်းပြီး အဖြေရှာရမှာဖြစ်ပေမယ့် လက်ရှိမှာတော့ နှုန်းထားကိုသတ်မှတ်ပေးရမယ့် ဝန်ကြီးဌာနက အလုပ်ရှင်တွေထက် ပိုမိုတင်းမာနေပါတယ်။
အလုပ်လုပ်ရင်း အငတ်ဘေးဆိုက်နေတဲ့ အလုပ်သမားထုရဲ့ အခက်အခဲဟာ ဒီ့ထက်ပိုဆိုးလာရင်တော့ ပြည်တွင်းမှာ အခြေခံလုပ်သား တွေ ပျောက်ကွယ် မယ့် အခြေအနေကို ရောက်လာမှာပဲ ဖြစ်ပါတယ်။ ဒါဟာလည်း မိသားစု စားဝတ်နေရေးအတွက် လုံလောက် တဲ့လုပ်ခလစာရရှိဖို့ အလုပ်သမားတွေ ရွေးချယ်ကြမယ့် လမ်းတစ်ခုပါပဲ။
ဒီအခြေအနေမှာ ဝန်ကြီးဌာနအနေနဲ့ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကိစ္စရပ်တွေကိုသာ အပြုသဘောဆောင် ပြောင်းလဲကြဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက်မျက်ကွယ်ပြုနေရင်တော့ လုပ်သားအင်အားတွေ ပြည်ပကိုစီးဆင်းပြီး ပြည်တွင်းမှာ လုပ်သား မလုံလောက်တဲ့ပြဿနာက နိုင်ငံရဲ့ အနာဂတ်အတွက် ပိုမိုဆိုးရွားလာမှာပါပဲ ဖြစ်ပါတယ်။
ဒီအခြေအနေကို အချိန်မီထိန်းသိမ်းနိုင်ဖို့ကတော့ တာဝန်ရှိသူတွေဖြစ်တဲ့ အလုပ်ရှင်တွေနဲ့ ဝန်ကြီးဌာနရဲ့ မှန်ကန်တဲ့ လုပ်ဆောင် ချက်တွေ က အဓိကကျနေတာကိုမီးမောင်းထိုးပြလိုက်ပါတယ်။