“အမှိုက်….. အမှိုက်၊ အမှိုက်..ပစ်ကြဦးမလား”
ထိုအသံက ရပ်ကွက်တစ်ခုရဲ့ တိုက်တန်းတွေကြားမှာ စူးစူးရှရှထွက်ပေါ်လာပါတယ်။လက်တစ်ဖက်တွင် ပန်းသီးတစ်လုံးကို ကိုင်ရင်း၊ အမှိုက်တွန်းလှည်းကို၊ တွန်းနေတဲ့ လူငယ်တစ်ဦးထံက ဖြစ်ပါတယ်။
အထပ်မြင့်တိုက်တွေပေါ် မော့ကြည့်ရင်း၊ တရစပ်အော်ရင်းက အမှိုက်ပစ်မဲ့ သူကို မျှော်နေတာပါ။ အမှိုက်လှည်းထဲမှာ အမှိုက်တစ်ဝတ်ခန့် ရှိနေပြီး ကိုယ်လုံးကိုယ်ထည် သေးသေးကျစ်ကျစ်က ပေါ့ပေါ့ပါးပါးနဲ့ ထိုအမှိုက်လှည်းကိုး တွန်းသွားနေပါတယ်။
နီစွက်နေတဲ့ အသားအရည်၊ ကတုံးဆံပင်ပေါက်၊ မိုးရေကြောင့် မခြောက်သေးတဲ့ ညစ်ထေးနေတဲ့ အင်္ကျီနဲ့ ဘောင်ဘီကို ဝတ်ဆင်ထားတဲ့ သူက ရန်ကုန်၊----- မြို့နယ်ထဲက ရပ်ကွက် (၂)ခုနဲ့ ဈေးတစ်ခုမှာ တွန်းလှည်းနဲ့ အမှိုက် ကောက်တဲ့ မောင်ပိုင် (အမည်လွှဲ) ပါ။
မောင်ပိုင်က (၁၁) အရွယ်၊ ၂၀၁၉ ခုနှစ် ကတည်းက တွန်းလှည်းတစ်စီးနဲ့ ထိုနေရာတွေမှာ အမှိုက်ကောက် ခဲ့တာပါ။ ခုဆိုရင် မောင်ပိုင် အသက်က ၁၃ နှစ်ပြည့်လာပြီးဖြစ်သလို အမှိုက်ကောက်သက်တမ်းလည်း ၃ နှစ်ကျော်လာပါပြီ။
၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါတွေ မဖြစ်မီက ၄ တန်းအထိ သူ့ဇာတိ တိုက်ကြီးမြို့က ရွာကလေးမှာ ကျောင်းနေဖူးပါတယ်။ ခုတော့ မောင်ပိုင်က မိဘတွေက ကျောင်းထားပေးမဲ့ ကျောင်းမတက်ချင်တော့ပါ။ ကိုယ်ပိုင်အိမ်နဲ့ နေနိုင်ဖို့ တွန်းလှည်းနဲ့ အမှိုက်ကောက်ရင်း ပိုက်ဆံရှာတော့မယ်လို့ ပြောပါတယ်။
“ကျောင်းမတက်ချင်လို့၊ သားက အလုပ်ကိုပဲ ကြိုးစားချင်လို့။ သားတို့က ပိုက်ဆံရှိမှ လူတောထဲ တိုးလို့ရမှာ။ အဲဒါကြောင့် ပိုက်ဆံရှာချင်တာ။ ပိုက်ဆံပဲ ရှာချင်နေတာပါ။ သားက ဟိုငယ်ငယ်လေး တုန်းကတည်းက ရှာလာတာလေ။ သားက ၁၁ နှစ်အရွယ်ကတည်းက အဲလောက်ထိ ရှာနိုင်တာ။ ၁၁နှစ် အရွယ်ကတည်းက သားက အမှိုက်၊ အမှိုက်လို့ လိုက်အော်တာ” လို့ မောင်ပိုင်က ပြောပါတယ်။
မောင်ပိုင် အမှိုက်ကောက်တာ အဆင်ပြေတဲ့နေ့ဖြစ်ပါက (၁၅၀၀၀) ကျပ်ခန့် ရတတ်ပြီး ကံမကောင်းတဲ့ နေ့ ဖြစ်ပါက ၂၀၀၀ ခန့်သာ ရတတ်ပါတယ်။
မိဘတွေက အသက် ၃၅ ဝန်းကျင်ရှိတဲ့ စည်ပင်ရုံးက နေ့စားဝန်ထမ်းတွေပါ။
မိဘတွေက ------မြို့နယ် မိန်းလမ်းမကြီးပေါ်က အမှိုက်ကန်တစ်ခုတွင် အမှိုက်ကန်စောင့် လုပ်ရပြီး တစ်ရက်ကို ၄၈၀၀ ကျပ် ရပါတယ်။ နေ့စားခနဲ့ မိသားစု စားဝတ်နေရေး မလောက်ငှလို့ တွန်းလှည်းနဲ့ အရပ်တကာလှည့်ပြီး ဘေးပေါက်လည်း ရှာရပါတယ်။
မောင်ပိုင်တို့ အမှိုက်ကောက်နေတဲ့ နေရာတွေမှာ တွေ့ရသလောက် အမှိုက်ကောက်တဲ့ ကလေးငယ် (၁၀) ဦးကျော်ရှိပြီး တချို့ကလေးငယ်တွေက တွန်းလှည်းတစ်စီးကို ၂/၃ ဦး ကောက်ပါတယ်။ အသက် (၁၃)နှစ်အရွယ် မောင်ပိုင်က တစ်စီးကို တစ်ဦးတည်း ကောက်ပါတယ်။ အမှိုက်ကောက်တဲ့ လူကြီးတွေလည်း ရှိပါတယ်။
မြန်မာနိုင်မှာ မောင်ပိုင်လိုပဲ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ သူ (၁)သန်း ကျော်ရှိပါတယ်။ အသက် (၅)နှစ်မှ (၁၇)နှစ်ကြားရှိ မြန်မာနိုင်ငံရဲ့ ကလေး (၁၂)သန်းခန့်မှာ ကလေး (၁၀) ဦးနှုန်းတွင် (၁)ဦးက ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပါတယ်။
တချို့ကလေးတွေက ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်နဲ့ အသက်အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO(မြန်မာ)က ထုတ်ပြန်ပါတယ်။
မောင်ပိုင်က ပိုက်ဆံ ပိုရှာနိုင်ဖို့၊ ပိုစုနိုင်ဖို့အတွက် သူငယ်ချင်းတွေနဲ့ ဆော့ကစားလေ့မရှိပါ။ ဆော့ကစားမဲ့ အချိန်တွေကို အမှိုက်လှည်းတွန်းရင်း ပိုက်ဆံရှာပါတယ်။ ပိုက်ဆံမရှိလို့ မိဘတွေကို မျက်နှာမငယ်စေချင်သလို၊ ဘယ်သူ့ဆီကိုမှ အောက်မကျစေချင်လို့ပါလို့ မောင်ပိုင်က ပြောပါတယ်။
မောင်ပိုင်က ကျောင်းစာကို စိတ်မဝင်စားတော့ပါ။ ပိုက်ဆံကိုသာ ရှာချင်ပါတယ်လို့ ထပ်တလဲလဲ ပြောပါတယ်။
ဒါပေမဲ့ ဇာတိရွာမှာ အဖွားနဲ့ နေတဲ့၊ တစ်တန်း တက်ရောက်နေတဲ့ ညီမလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်သူပါ။
ညီမလေး လိုအပ်တဲ့ ငွေကြေးကို သူက အမှိုက်ကောက်ရင်း ထောက်ပံ့မယ်၊ လက်ရှိလည်း တစ်လလျှင် တစ်သိန်းအထိ ပိုက်ဆံရှာပြီး ထောက်ပံ့နိုင်တဲ့ ဝင်ငွေကို သူရှာနိုင်တယ်လို့ မောင်ပိုင်က ပြောပါတယ်။
မောင်ပိုင်ရဲ့ ညီမလေး ကျောင်းတက်နေတဲ့၊ စစ်အာဏာသိမ်းကောင်စီက ဖွင့်နေတဲ့ ယခုပညာသင်နှစ် (၂၀၂၂-၂၀၂၃)မှာ အခြေခံပညာကျောင်းသူ/သား ၅ သန်းနီးပါးရှိပါတယ်။ ဒါပေမဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာ ကျောင်းသူ/သား ၁၀သန်းကျော် ရှိခဲ့တာပါ။
အသက် ၁၆ နှစ်အရွယ်၊ (၈)တန်းတက်ရမဲ့ မနှင်းနွယ်(အမည်လွှဲ)က လက်ရှိမှာ ကျောင်းမတက်ဘဲ ---မြို့နယ်က အိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေပါတယ်။ ကိုဗစ်-၁၉ တွေ စတင်ဖြစ်ပွားချိန်၊ ကျောင်းရပ်နားထားချိန်တွင် ကျောင်းလခနဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် အိမ်အကူအဖြစ်လုပ်ကိုင်နေသူပါ။
“သမီးက ဒီနှစ်လည်း ကျောင်းမတက်သေးဘူး။ သမီးတို့ အစိုးရ (ဒီမိုကရေစီအစိုးရ)တက်လာမှ သမီးလည်း ကျောင်းပြန်တက်မယ်။ အခုက ပိုက်ဆံရှာဦးမယ်”လို့ အရပ်မြင့်မြင့်၊ အသားဖြူဖြူနဲ့ မနှင်းနွယ်က ဆိုပါတယ်။
မိသားစုတွေရဲ့ အရွယ်မရောက်တဲ့ ကလေးငယ်များဟာ ပိုမိုကြပ်တည်းလာတဲ့ စားဝတ်နေထိုင်ရေးအတွက် ကလေးအလုပ်သမားအဖြစ် ပိုမိုလုပ်ကိုင်လာနေရတယ်လို့ အိုင်အယ်အို-မြန်မာက ဆိုပါတယ်။
ဒါက ၂၀၁၉ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တပ်မတော်ရဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ၁.၆ သန်းခန့် အလုပ်အကိုင်ဆုံးရှုံးမှုဖြစ်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေလို့ ၎င်းတို့က ထုတ်ပြန်ပါတယ်။
ပိုက်ဆံကို သည်းသည်းမဲမဲ ရှာချင်တဲ့၊ ကိုယ်ပိုင်အိမ်ခြံဝန်းတစ်ခု ပိုင်ဆိုင်ချင်တဲ့ မောင်ပိုင်ကို ဖြစ်ရပ်တစ်ခုက တွန်းပို့ခဲ့တာပါ။
ထိုနေ့က ည ၂နာရီဝန်းကျင်မှာ ရဲနဲ့ စစ်သားတွေ သူတို့ နေထိုင်တဲ့ -----မြို့နယ်၊ ပညာရေးဝန်းထဲက ကျူးကျော်တဲ ရာချီကို ဝင်ရောက်ဖျက်ပါတယ်။ မောင်ပိုင်ရဲ့ မိဘတွေအပါအဝင် နေထိုင်သူတွေ ရိုက်နှက်ခံရပါတယ်။
မောင်ပိုင်ရဲ့ မိဘတွေကို ဖမ်းလို့ ခေါ်ဆောင်သွားပါတယ်။ ထိုနေ့ညက ဖြစ်စဉ်မှာ မောင်ပိုင်က ထိန့်လန့်နေခဲ့ပြီး မိဘတွေကို ဘာမျှ မကူညီနိုင်ခဲ့လို့ အုတ်နံရံကို လက်သီးနဲ့ အားကုန်ထိုးပစ်ခဲ့တယ်လို့ သူ့ညာလက်ကို ပြရင်းက ပြောပါတယ်။
အရင်က ---မြို့နယ်၊ စည်ပင်ဝန်ထမ်းအိမ်ရာမှာ နေထိုင်ခဲ့ကြတာပါ။ အမှိုက်သိမ်းတာကို နေ့ရော၊ ညပါ လုပ်ကိုင်ရတတ်ပြီး နေ့စားခ ၄၈၀၀ ကျပ်သာ ရရှိပါတယ်။ အပြင်မှာ တွန်းလှည်းနဲ့ အမှိုက်သိမ်းခွင့်၊ ပြန်ရောင်းလို့ ရတဲ့ ပစ္စည်းတွေကို သယ်ယူစုဆောင်းခွင့်တို့ကို စည်ပင်အထက်အရာရှိတွေက ခွင့်မပြုလို့ ဖျက်သိမ်းခံရတဲ့ ကျူးကျော်ဝန်းထဲ ငှားနေခဲ့ကြပါတယ်။
ခုတော့ ဈေးချိုတဲ့ တိုက်ခန်းတစ်ခုကို ငှားရမ်းနေထိုင်ပြီး မိဘတွေက နေ့စားဝန်ထမ်း လုပ်ကိုင်ကာ မောင်ပိုင်က တွန်းလှည်းတစ်စီးနဲ့ တစ်နေ့လုံး အမှိုက်ကောက်ပါတယ်။ အမှိုက်စွန့်ပစ်ချင်သူတွေက မောင်ပိုင်တို့လို့ အမှိုက်လှည်းသမားတွေကို ခေါ်ပြီး စေတနာရှိသမျှ မုန့်ဖိုးနဲ့ အမှိုက်ပစ်ကြပါတယ်။
မောင်ပိုင်က စွန့်ပစ်အမှိုက်တွေက ပုလင်းခွံ၊ ဗူးခွံနဲ့ ပြန်ရောင်းလို့ ရတဲ့ ပစ္စည်းတွေကို ယူထားပြီး ကျန်အမှိုက်ကို နီးစပ်ရာ အမှိုက်ကန်ထဲ စွန့်ပစ်ပါတယ်။ ပြန်ရောင်းလို့ ရတဲ့ မောင်ပိုင်ရဲ့ ပစ္စည်းနဲ့ မိဘတွေရဲ့ ပစ္စည်းတွေကို စုဆောင်းပြီး တခါရောင်းချပါက ၂သိန်းခန့် ရပါတယ်။
သူ့ညီမလေးရဲ့ နားကပ်နဲ့ လက်စွပ်က မောင်ပိုင်ရဲ့ လုပ်အားခနဲ့ ဝယ်ပေးထားတာပါ။
သူ့အမေရဲ့ နားကပ်က သူ့အဖေ ဝယ်ပေးထားတယ်လို့ ဆိုပါတယ်။ တိုက်ကြီးက သူ့အဖွားအတွက် ၁၆ သိန်းတန်၊ ဝါးအိမ်ကို ဆောက်လုပ်ပေး ရာတွင်လည်း မောင်ပိုင်ရဲ့ ငွေ (၆)သိန်း ပါ ပါတယ်။
ကိုယ်ပိုင်ဖုန်းလေးတစ်လုံး ပိုင်ဖို့ အိမ်မက်လည်း သူ့မှာ ရှိပါတယ်။ သူများတွေ ဂိမ်းကစားရင်း သူလည်း ဂိမ်းကစားချင်လို့ဖြစ်ပြီး ရသမျှငွေကို အမေ့ကို အပ်ပါတယ်။ လက်ရှိမှာ ဖုန်းအတွက်တော့ တစ်ပြားမှ မစုရသေးပါ။
“ဟာ….သားက အမေ့ဆီက မတောင်းချင်ဘူး။ ကိုယ်ပိုက်ဆံနဲ့ကိုယ် စုပြီးတော့ ဝယ်ချင်တာ” လို့ အသံတိမ်ဝင်စွာ ပြောပြီး လက်မှာ ကိုင်ထားတဲ့ ပန်းသီးကို ပါးစပ်နဲ့ ကိုက်ကာ အမှိုက်ထုတ်ထဲမှ ပုလင်းခွံနဲ့ ဗူးခွံတွေကို လက်ဗလာနဲ့ ရှာဖွေပြန်ပါတယ်။
မိသားစုတွေကို မျက်နှာမငယ်စေချင်တဲ့ မောင်ပိုင်က ပိုက်ဆံမရှိပါက အတိုးကြီးစွာနဲ့ ချေးငှားရတဲ့ ဒုက္ခတွေကြောင့် ပိုက်ဆံပဲ ရှာမယ်လို့ ပြောပါတယ်။ သူ့ဘဝထက်စာရင် သူ့ညီမလေးကိုသာ ပညာတတ်ကြီး ဖြစ်ဖို့ မျှော်မှန်းနေသူပါ။
အသက်ကြီးလာရင် ဖြစ်ချင်တဲ့ အိမ်မက်တစ်ခုလည်း ထပ်ရှိပါသေးတယ်။ ယင်းက အမှိုက်သိမ်းကား မောင်းနှင်ပြီး အမှိုက်ခေါင်းလောင် ဆွဲတဲ့ သူဖြစ်ချင်တာပါ။ အမှိုက်ခေါင်းလောင်ဆွဲတဲ့သူက အစိုးရ ဝန်ထမ်း လစာရပြီး အမှိုက်ကားပေါ်ပါတဲ့ ဗူးခွံ၊ ပုလင်းခွံနဲ့ ပြန်ရောင်းလို့ ရတဲ့ ပစ္စည်းတွေ အများကြီး ရတတ်ပါတယ်။
အဲ့အလုပ်က လက်ရှိတွန်းလှည်းအလုပ်ထက် ပိုက်ဆံတွေ အများကြီး ပိုရတယ်လို့ မောင်ပိုင်က ပြောပါတယ်။
“အမေတို့က ကျောင်းထားတယ်။ သားက မတက်တာပါ။ ကြီးလာရင်တော့ အမှိုက်ခေါင်းလောင်း အဖွဲ့ထဲ လိုက်ဝင်မှာ”