NEWS

တစ်နိုင်တစ်ပိုင်အရောင်းဆိုင်များ အလုပ်အကိုင်ပေးနိုင်မှု ပိုမိုနည်းပါးလာ

CoverLogo
443 Views
 
ဈေးကွက်အတွင်း တစ်နိုင်တစ်ပိုင် လက်လီအရောင်းဆိုင်တွေ လုပ်သားခန့်ထားနိုင်မှု အရင်ကထက် လျော့နည်းလာတယ်လို့လက်လီအရောင်းဆိုင်ရှင်တချို့က ပြောပါ တယ်။
ဒါက လက်လီအရောင်းအဝယ် တွေ ကျဆင်းလာတာကြောင့်လို့လည်း သိရပါတယ်။
“အရင်က အလုပ်သမား (၂) ယောက်ပါ။ စက်ရုံဝင်မယ်ဆိုပြီး တစ်ယောက် ထွက်သွားတယ်။ အရောင်းအဝယ် မကောင်းတော့ ကျန်တဲ့တစ်ယောက်ပဲ ထိန်းထားနိုင်တယ်။ လူ ထပ်မခေါ် ဖြစ်ဘူး။ လူလိုလား ဆိုပြီးမေးပါတယ်။ ဒါပေမယ့် ဆိုင်ငှားခနဲ့ ပစ္စည်းအရင်းက ပိုတက်လာတယ်။ အရောင်းအဝယ်က မကောင်းတော့ လစာလည်း တိုး မပေးနိုင်ဘူး။ အရင်လို ပေါပေါသီသီ မခန့်နိုင်တော့ဘူး” လို့ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ပြီး လက်လီအရောင်းဆိုင်တွေပါ အရောင်းအဝယ် ကျဆင်း မှုနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေမှာပဲ အရောင်းဆိုင်တချို့ ခေတ္တ ပိတ်သိမ်းတာတွေ ရှိသလို လုပ်သားအင်အား လျော့ချတာတွေလည်း ရှိနေပါတယ်။
“အရောင်းအဝယ်တွေက မကောင်းဘူး။ လုပ်သား လစာကို အစ်မတို့လိုဆိုင်တွေက တစ်သိန်းခွဲ ပတ်လည်ပဲ ပေးနိုင်တယ်။ သူတို့လည်း မလုံလောက်ဘူး။ ဒါပေမယ့် ရှိတဲ့ တစ်ယောက်လောက်ကို လစာပေးနိုင်ဖို့လည်း အမတို့အတွက် မလွယ်ပါဘူး။ အရင်ကတော့ အလုပ်သမားခန့်တယ်။ ကိုယ်ကတော့ ငွေကောင်တာနားပဲ ထိုင်တာပေါ့။ အခုတော့ ပစ္စည်း အထုတ်အပြလည်း ကိုယ်လုပ်တယ်။ အရောင်းအဝယ်က တစ်နေ့ထက်တစ်နေ့ ပိုပါးလာတော့ အလုပ်သမား ထပ်မခန့်တော့ဘူး။ လုပ်သားတွေ နည်းနည်းအရွယ်ရောက်တော့ မိဘတွေကလည်း စက်ရုံတွေထဲပဲ ထည့်လိုက်တယ်”လို့ စတိုးဆိုင် ဖွင့်လှစ်ရောင်းချသူတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်မှာ အဓမ္မတပ်သား စုဆောင်းမှုတွေ ပိုမိုများပြားနေတာကြောင့် ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ ည (၈) နာရီဝန်းကျင်ကတည်းက အသွားအလာ နည်းပါးတာကြောင့် ညပိုင်းအထိ ရောင်းချတဲ့ အရောင်းဆိုင်တွေလည်း အရောင်းအဝယ် ကျဆင်းနေပါတယ်။
“နေထိုင်စာရေးက ကျပ်တည်းတာရော၊ ခေတ်အခြေအနေက အသွားအလာ မကောင်းတာကော ပေါင်းပြီး လူတွေကို မရှိတာ။ အခုချိန်လို ဆိုင်ပိတ်လည်း ပိတ်တာများတယ်။ အရင်းအနှီးတွေ ပိုပြီး တက်လာတယ်။ ပုံမှန် အရောင်းအဝယ် မရှိ ၊ ဆိုင်ငှားခ၊ အခွန်အခ ပေးရတာနဲ့ ဆို အလုပ်သမား မခေါ်ဖြစ်တော့ဘူး။ အိမ်ကလူနဲ့ပဲ ဆက်လုပ်နေတယ်” လို့ဖုန်းနဲ့ ဆက်စပ်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ လက်လီရောင်းချတဲ့ဆိုင်ငယ်တွေကိုလည်း စည်ပင်သာယာရေးကော်မတီက အခွန်အခ ကောက်ခံတာတွေ နဲ့ ဖိအားပေး လိုင်စင်ပြုလုပ်ခိုင်းတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
ဒီလို ဆိုင်ခန်းနဲ့ နေရာ ငှားရမ်းခ ကြီးမြင့်လာတာ၊ ကုန်ပစ္စည်းအရင်းအနှီးတွေ မြင့်တက်လာတာ၊ အခွန်အခနဲ့ တခြား ဝန်ဆောင်မှု စာရိတ်တွေ မြင့်တက်လာတဲ့ အခြေအနေတွေကြောင့် လုပ်သားခန့်အပ်ထားမှုတွေ လျှော့ချနေရတဲ့ အပြင် ဆက်လက်ရပ်တည်ဖို့အခက်အခဲတွေ ရှိလာတယ်လို့ ဆိုင်လုပ်ငန်းရှင်တွေက ပြောထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026