“အရင်တုန်းကဆို တိုင်းရုံးရှေ့တောင် ကျွန်မတို့ ဆန္ဒသွားပြဖူးတယ်။ အခုများတော့ စက်ရုံမှာ မတရားအခိုင်းခံနေရတာကိုတောင် ပြန်ပြောဖို့ မလွယ်တော့ဘူး”လို့ စက်ရုံတွင်းက အလုပ်သမား အခွင့်အရေး တိုက်ပွဲတွေအကြောင်းကို မဇာကြီး (အမည်လွှဲ)က ပြောပါတယ်။
သူကတော့ ရွှေပြည်သာမြို့နယ်ထဲက တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံမှာ လက်ရှိ အလုပ်လုပ်လုပ်ကိုင်နေတာပါ။
ပွင့်လင်းတဲ့ဒီမိုကရေစီ အစိုးရ လက်ထက်မှာ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် ဆိုင်ရာ တောင်းဆိုမှု တိုက်ပွဲ ဟာ စည်စည်ကားကားရှိလှပါတယ်။
သမဂ္ဂတစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ စက်ရုံ တစ်ရုံနဲ့တစ်ရုံ အပြန်အလှန်ဝန်းရံအားပေးတာတွေ အထောက်အပံ့ပေးကြတာတွေလည်းရှိပါတယ်။
သမဂ္ဂခေါင်းဆောင်တွေရဲ့ အားကောင်းတဲ့ ဦးဆောင်မှုတွေအပေါ် နောက်လိုက်တွေက စည်းလုံးညီညွတ်စွာ လိုက်ပါလုပ်ဆောင်ကြပါတယ်။
ဒါဟာ အလုပ်သမားထုတစ်ရပ်လုံးက မိမိတို့ရဲ့ အနာဂတ်အတွက် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတွေ ရယူဖန်တီးဖို့ လွတ်လပ်စွာကြိုးပမ်းခဲ့ကြမှုရဲ့ တစိတ်တဒေသလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ စက်ရုံတာဝန်ရှိသူတွေက အချိန်ပိုတွေမတရား ခေါ်ယူနေပေမယ့် မပြောရဲ တော့ ဘူးလို့ လုပ်ငန်းခွင်ထဲက အဓမ္မခိုင်းစေမှုတွေကို သူကပြောပါတယ်။
"အခုက ကုန်ဈေးနှုန်း ၃ ဆလောက်ထပ်တက်သွားတယ် ရတာက မငတ်ရုံတမယ် ဒီလိုမလောက်ငှတာကိုတောင် ပြောပြတောင်းဆိုဖို့ထက် လုပ်နေတဲ့အလုပ်ကလေး မပျောက်သွားအောင် သူတို့လုပ်ချင်တိုင်းလုပ်နေတာကို မသိချင်ယောင်ဆောင်နေရတယ်၊ ချိုးဖောက်မှုတွေကတော့ အများကြီးဆိုးသွားပြီ"လို့ အထည်ချုပ်အလုပ်သမတစ်ဦးကပြောဆိုပါတယ်။
သန်းနဲ့ချီတဲ့ အလုပ်သမားထုရဲ့ အခွင့်အရေး အတွက် အလုပ်သမား တစ်ဦးတစ်ယောက်ထဲကပဲ တောင်းဆို ရယူဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလုပ်သမားတွေ စုစည်းပြီး သမဂ္ဂဖွဲ့တာ စုပေါင်းတောင်းဆို တာတွေပြုလုပ်ကြပါတယ်။
အခုလို စစ်အာဏာသိမ်းပြီး လပေါင်း ၃၀ တိတိပြည့်သွားတဲ့အချိန်မှာတော့ အလုပ်သမား တွေကြားမှာ အလုပ်သမားအခွင့်အရေးဆိုတာ ယောင်လို့တောင်ထွက်ပေါ်မလာတော့တဲ့ စကားလုံးဖြစ်လာပါတယ်။
အလုပ်သမားသမဂ္ဂမှာခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ဖူးရင် အလုပ်ဖြုတ်ခံရတာ၊ အခွင့်အရေးတောင်းဆိုခွင့်တွေ မရှိတော့တာ၊ စစ်အာဏာသိမ်းတာကို အခွင့်ကောင်းယူကာ ညှိနှိုင်းဖြေရှင်းရေးကို အသုံးမပြုတော့ဘဲ စိတ်ကြိုက်ဖိနှိပ်တာမျိုးကို ကြုံတွေ့နေရပြီး ငွေကြေးအကျပ်အတည်းကြောင့် ငြိမ်ခံနေရတဲ့အနေအထားကိုရောက်ရှိနေပြီလို့ဆိုပါတယ်။
ဒါဟာ ပြည်တွင်းက စက်ရုံ အလုပ်သမားတိုင်း တွေ့ကြုံခံစားနေရတဲ့ အကြောက်တရားရဲ့ အခြေအနေပါ။
ဒီမိုကရေစီအစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့မှာ ဆန္ဒထုတ်ဖော်တာ၊ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြတာ၊ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုတာ၊ စက်ရုံရှေ့မှာ နေ့ညဆိုသလို ဆန္ဒထုတ်ဖော်တာတွေဟာ စက်ရုံအလုပ်သမားတိုင်း လုပ်ဆောင်နိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
ဒီလိုဆန္ဒထုတ်ဖော်တာတွေကြောင့် ထောင်ကျခဲ့တဲ့ အလုပ်သမား၊ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အလုပ်သမား ဆိုတာလည်း မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။
ဒီအခွင့်အရေးတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံးဝပျောက်ဆုံးသွားခဲ့ပြီး ခေတ်နဲ့ လျော်ညီတဲ့ လုပ်ခလစာရဖို့၊ လုပ်ငန်းခွင်ထဲက အခက်အခဲတွေ ကို ဖြေရှင်းပေးဖို့ တောင်းဆိုရုံနဲ့တင် ဖမ်းဆီးခံရတဲ့အခြေအနေ ဖြစ်နေပါပြီ။
မကြာသေးခင် ဇွန်လက က လုပ်ငန်းခွင်တွင်း အခက်အခဲတွေ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ ဟိုစိမ့်(မြန်မာ) အထည်ချုပ် စက်ရုံက အလုပ်သမားတွေ၊ ခေတ်နဲ့ လျော်ညီတဲ့ လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုခဲ့တဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့အလုပ်သမားအရေးဆောင်ရွက်နေတဲ့ Action Labor Rights က အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာတွေဟာ ဇွန်လ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- MICS-TUSF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကိုလည်း ၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာ မတရားသဖြင့် ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(ခ)ဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ပါတယ်။
ထောင်ဒဏ်လွှတ်ရက်စေ့ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည် ဖမ်းဆီးခံထားရပြီးတော့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။
ဒါက လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်း စကားထွက်ပေါ်လာတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ဖမ်းဆီးခံရတာတွေဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်ကို တက်မလာတဲ့ အလုပ်သမားတစ်ချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။
ပြည်တွင်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ဖို့ ဝန်ကြီးဌာနက အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၂၉)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဖြစ်သော ပြဋ္ဌာန်းချက်အမှတ် (၈၇) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ရေးထိုးထားတဲ့သဘောတူညီချက်တွေ၊ ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေ တွေကို ဖောက်ဖျက်ပြီး အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုမှုတွေမလုပ်ရဲအောင် ဖမ်းဆီးပြနေတာပဲ ဖြစ်ပါတယ်။
“အလုပ်သမားအရေး ကူညီပေးတဲ့သူကတော့ အလုပ်သမားတွေ ရထိုက်တဲ့အခွင့်အရေးတွေ ပြောပြမှာပဲ။ ဒါကို “ဆူပူအောင်လှုံ့ဆော်တယ်”လို့ စွပ်စွဲတာကျ အဆင်မပြေဘူးလေ။ အစကတည်းက စက်ရုံထဲမှာ ချိုးဖောက်တာတွေ မလုပ်ထားရင် အလုပ်သမားတွေဘက်က တောင်းဆိုစရာမရှိနိုင်ဘူး”လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားတွေဟာ အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ လာရတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကလည်း ဥပဒေပါရပိုင်ခွင့်ကို ဖော်ဆောင်ဖို့ ကြိုးစားသူတိုင်းကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပြလာတာဖြစ်ပါတယ်။
ဒါကြောင့် မြေပြင်မှာကွင်းဆင်းပြီးတော့ အလုပ်သမားအခွင့်အရေးအတွက် ကြိုးပမ်းနေသူတိုင်းဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။
အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဟာ လုပ်ငန်းခွင်တွင်း တောင်းဆိုမှုကြောင့် ဖမ်းဆီးခံရပေမယ့် အလုပ်သမားဝန်ကြီးဌာနကတော့ တစ်ခြားသောကိစ္စတွေကြောင့် စစ်ဆေး မေးမြန်းတာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်မှာ ဇူလိုင်လ(၁၄)ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားထုအပေါ်ထားရှိတဲ့ ရပ်တည်ချက်ကို ပြသနေတာပဲ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ အလုပ်သမားတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင် အခက်အခဲတွေကို တိတိကျကျကူညီပေးနိုင်သူတွေ၊ ချိုးဖောက်ခံရတာတွေ ထုတ်ဖော်ပြောဆိုနိုင်မယ့် အသံတွေဟာလည်း တိတ်ဆိတ်သွားခဲ့ရပါတော့တယ်။
“အခုဆို အလုပ်သမားတွေက ဘာမေးမေး “အဆင်ပြေပါတယ်” ဖြစ်ကုန်ပြီ။ ”လို့ အလုပ်သမား ရေးရာ သတင်းတွေရေးသားနေတဲ့ သတင်းထောက်တစ်ယောက်ကလည်း သူတွေ့မြင်ရတဲ့ အခြေအနေကို ပြောဆိုပါတယ်။
ဒီအခြေအနေဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ကိုယ်ကျိုးစီးပွားတစ်ဘို့တည်းထားတဲ့ လုပ်ငန်းရှင်တွေ မျှော်လင့်နေတဲ့ အခြေအနေပဲ ဖြစ်ပါ တယ်။
အလုပ်သမားတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေကို စောင့်ကြည့်နေကြောင်းနဲ့ စိတ်ပူမိပါကြောင်း ထုတ်ပြန်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကလည်း ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ခံရတာတွေကို လျှော့ချနိုင်မယ့်အနေအထား ရှိမနေပါဘူး။
ဒါဟာခေတ်ပျက်ချိန်မှာ အလုပ်သမားထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာအသေအချာပါပဲ။
အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုပေးသူတွေ၊ ကူညီပေးသူတွေနဲ့ အလုပ်သမား သမဂ္ဂတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ရပ်တည်ချက်တွေကို ကန့်သတ်ပိတ်ပင်လိုက်တာဟာ အလုပ်သမားတွေကို "ကျွန်"ဇာတ်သွင်းမယ့် ခြေလှမ်းတွေကို စတင်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီအစိုးရလက်ထက်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တောင်းဆိုမှုတွေ၊ ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့ အလုပ်သမားအဖွဲ့ချုပ်တွေ၊ သမဂ္ဂတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ ပုန်းခိုနေရတာတွေနဲ့ ကျင်လည်နေကြရပါတယ်။
ဒီအခြေအနေဟာ ပြည်တွင်းက အလုပ်သမားထု အတွက် စိုးရိမ်စရာကောင်းလှတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်သူတွေ ပျောက်ဆုံးမသွားဖို့နဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှု အတွက် အလုပ်သမား အရေးတက်ကြွဆောင်ရွက်သူတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အတွက် သတိပေးခေါင်းလောင်းသံကျရောက်နေပြီဖြစ်ပါတယ်။
ဆို့နင့် ပျောက်ကွယ်ခဲ့ရတဲ့ အလုပ်သမားတွေရဲ့အသံ တဖန်ပြန်လည်ပြီးတော့ ထွက်ပေါ်လာနိုင်အုံးမလားဆိုတာကတော့ အဖြေရှာရမဲ့ ပုစ္ဆာအဖြစ် တည်ရှိနေမှာပဲဖြစ်ပါတော့တယ်။
#MyanmarLabourNews