မြန်မာစစ်ကောင်စီကို အလုံးစုံ စီးပွားရေးပိတ်ဆို့အရေးယူနိုင်သော အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ အခြေခံဥပဒေ အပိုဒ် -၃၃ အရ အရေးယူဖို့ ထပ်မံတင်ပြတောင်းဆိုထားပြီး ၂၀၂၅ မှာ အတည်ပြုနိုင်မယ် လို့ သိရပါ တယ်။
၂၀၂၄ နိုဝင်ဘာ ၆ ရက်နေ့ ILO ညီလာခံ ဆုံးဖြတ်ချက်အရ မြန်မာ စစ်အုပ်စု အနေနဲ့ ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုနဲ့ပတ်သက်ပြီး မလိုက်နာတဲ့အတွက်ကြောင့် ကမ္ဘာအလုပ်သမားအဖွဲ့ချုပ် အခြေခံဥပဒေရဲ့ အပိုဒ် ၃၃ (Article 33) အရ ဆောင်ရွက်ဖို့အတွက် မူကြမ်း ရေးဖို့ ILO ညွှန်ကြားရေးမှူးချုပ်ကို ILO ရဲ့အုပ်ချုပ်မှုကော်မတီကနေပြီးတော့ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့်အရေးယူရန် အလုပ်သမားတွေဘက်က ကမ်ပိန်း တွေ ပြုလုပ်တောင်းဆိုခဲ့ကြပါတယ်။
"စစ်အုပ်စုအနေနဲ့ တိုက်ရိုက် အဓမ္မလုပ်အားပေးခိုင်းတာရှိတယ်။ ရွာတွေကို ဗုံးကြဲတာရှိတယ် ရွာသားတွေကို အရှေ့ကနေ မိုင်းရှင်းဖို့ ဖမ်းသွားတာတွေရှိသလို စက်ရုံ အလုပ်ရုံတွေထဲမှာ အချိန်ပိုလုပ်ခိုင်းပြီး လုပ်အားခမရတာတွေ အချိန်ပိုကို လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမယ် ဆိုပြီးခိုင်းတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်ရင် စစ်တပ်အသုံးချပြီးတော့ လုပ်ငန်းရှင်ကို အနိုင်ပေးလိုက်တဲ့ ကိစ္စတွေ ရှိနေတယ် ဒါတွေရဲ့အပြင်ကို ကျွန်တော်တို့က နိုင်ငံရဲ့ အခြေခံလူမှုစီးပွားရေးပျက်အောင် လူငယ်တွေကို အဓမ္မစစ်ထဲဝင်ခိုင်းတယ်။ ဒါကြောင့် တဖက်နိုင်ငံကိုထွက်ပြေးရတာတွေ ရှိတာကို တင်ပြခဲ့တယ်"လို့ CTUM အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။
မြန်မာစစ်တပ်ကို အရေးယူဖို့ ၂၀၂၁ ခုနှစ်ထဲက တောင်းဆိုခဲ့သော အချက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ILO ဘက်က ထပ်မံအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
လာမဲ့ ၂၀၂၅ မတ်လမှာ ကျင်းပဖို့ရှိတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ ပုဒ်မ-၃၃ ဖြင့် စစ်ကောင်စီကို အလုံးစုံစီးပွားရေးပိတ်ဆို့အရေးယူရေးချမှတ်ဖို့ စာတမ်းတင်ပြခိုင်းထားပါတယ်။
"၂၀၂၃ ညီလာခံမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်က အတည်ပြုထားတဲ့အတိုင်းစစ်အုပ်စုကို လိုက်နာပါလို့ ပြောခဲ့ပါတယ်၊ စစ်အုပ်စုက မလိုက်နာပါဘူး ပြုပြင်ရေးကို မလုပ်ပါဘူး။ ဒါကြောင့် ၂၀၂၄ ညီလာခံမှာ တော့ နိုဝင်ဘာကျရင် ပြန်လည်သုံးသပ်ပါလို့ပြောတယ်။ဒါကြောင့်ပြန်လည်သုံးသပ်တဲ့အခါကျတော့လည်း စစ်အုပ်စုက ကျူးလွန်နေသေးတာကို တွေ့ရတဲ့အတွက်ကြောင့် အခုလို လာမယ့်နှစ် ၂၀၂၅ မတ်လမှာ ILO ညွှန်ချုပ်ကနေပြီး တော့ အပိုဒ် ၃၃ အရ ဘယ်လိုအရေးယူလို့မရမလဲဆိုတဲ့ စာမူကြမ်းကို ရေးတင်သွင်းပါလို့ ILO ရဲ့အုပ်ချုပ်မှုကော်မတီက ညွှန်ကြားစာထုတ်လိုက်တာဖြစ်ပါတယ်"လို့ ဦးမောင်မောင်က ရှင်းပြပါတယ်။
၂၀၂၅ ဇွန်မှာ ကျင်းပမဲ့ ILO ညီလာခံမှာတော့ အရေးယူမဲ့ အစီအစဉ်ကို အတည်ပြုနိုင်တော့မယ် လို့ သိရ ပါတယ်။
ဒါ့အပြင် ILO က စစ်ကောင်စီအသက်သွင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အဓမ္မလုပ်အားပေးမှု မြောက်ကြောင်း ဆုံးဖြတ်ထားပါတယ်။
စစ်ကောင်စီကို ILO က အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အောင်မြင်ခဲ့လျှင် နိုင်ငံတွင်းသို့ စီးဆင်းနေသော နိုင်ငံခြားငွေကြေးအားလုံးကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။
၂၀၀၀ ခုနှစ် မြန်မာစစ်တပ် ဦးဆောင်သော စစ်အုပ်ချုပ်ရေးလက်ထက်တွင် ILO က မြန်မာနိုင်ငံအား အာတီကယ် -၃၃ အရ ပထမဆုံးအကြိမ် အရေးယူခဲ့ဖူးပါတယ်။
" ၂၀၂၅ နှစ်စမှာ ILO ရဲ့အုပ်ချုပ်မှုကော်မတီအစည်းအဝေးရှိပါတယ်။ အဲ့ဒီအုပ်ချုပ်မှုကော်မတီကနေပြီးတော့ ညွှန်ချုပ်က တင်သွင်းမယ့်စာကို ညှိနှိုင်းမယ် ဘယ်လောက်ထိ လုပ်သင့်တယ်ဖိအားပေးသင့်တယ်ဆိုတာကို ဘယ်လောက်ထိ ကြပ်မတ်သင့်တယ်ဆိုတာကို ညှိနှိုင်းပြီးတဲ့နောက်မှာ ဇွန်လမှာကျင်းပမယ့် ILO ရဲ့ညီလာခံကိုတင်သွင်းမှာပါ၊ အုပ်ချုပ်မှုကော်မတီကတင်သွင်းလာတဲ့စာကို ညီလာခံကနေ ဆုံးဖြတ်ချက်ပေးမှာဖြစ်ပါတယ်၊ ဆိုတော့ အဲ့ဆုံးဖြတ်ချက်က ဘာဖြစ်နိုင်မလဲလို့ မေးကြပါလိမ့်မယ်။ အဲ့ဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ၂၀၀၀ ခုနှစ်တုန်းက SPDC ဘဝမှာရှိခဲ့တုန်းက ဗိုလ်ခင်ညွှန့်တို့ကို မေးကြည့်ရင် ပိုသိပါလိမ့်မယ်။
၉၆ ခုနှစ်က နေ စပြီးတော့ စစ်အုပ်စုသည် စနစ်တကျ အဓမ္မလုပ်အားပေးကို ကျူးလွန်တယ် စနစ်တကျ ကလေးစစ်သားတွေ ခိုင်းစေတယ်ဆိုတာကို ကျွန်တော်တို့ ILO မှာ တင်သွင်းခဲ့ဖူးပါတယ်။တင်သွင်းခဲ့ပြီးနောက် သက္ကရာဇ် ၂၀၀၀ မှာ အခုလိုပဲ အပိုဒ် ၃၃ ကိုအသုံးပြုပြီးတော့ စစ်အုပ်စုကို အဓမ္မလုပ်အားပေးတို့ ကလေးစစ်သားတို့ ရပ်ခိုင်းဖို့အတွက် စတင်တင်သွင်းတဲ့အနေနဲ့လုပ်တယ် ဆုံးဖြတ်ချက်ကျတယ် ကျတဲ့နောက်မှာ စီးပွားရေးသမားတွေ အားလုံးက နောက်ပြန်ဆုတ်သွားပါတယ်။ စီးပွားရေးပိတ်ဆို့တာမဟုတ်ပါဘူး၊ ဆန်ရှင် လုပ်တာမဟုတ်ပါဘူး ရှင်းအောင်ပြောပြတာပါ။ အလုပ်ရှင်တွေကို ILO ကနေ "ခင်ဗျားတို့သည် စစ်အုပ်စုနဲ့ သွားလုပ်လို့ရှိရင် စစ်အုပ်စုက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့လည်း အလိုတူအလိုပါဖြစ်မယ်နော်" လို့ ပြောလိုက်တာနဲ့ အပြည်ပြည်ဆိုင်ရာမှာအလုပ်လုပ်တဲ့လူတွေအားလုံးက နောက်ဆုတ်သွားပါတယ်။ ဒါကြောင့် စစ်အုပ်စုက တော်တော်လေးထိခိုက်သွားတယ် ။ အခုလည်း ကျွန်တော်တို့ တင်သွင်းတဲ့စာသည် ဒီအဆင့်ထိရောက်လာပြီပေါ့ဗျာ။ မတ်လမှာ ညွှန်ချုပ်က စာတင်သွင်းတယ် ၊ တင်သွင်းတဲ့စာကို ညှိနှိုင်းပြီးတဲ့နောက်မှာဆိုရင် ILO ရဲ့ နှစ်ပတ်လည် ညီလာခံ ၂၀၂၅ ဇွန်လမှာ အခြေခံဥပဒေ ၃၃ ကို အကယ်လို့ ချမှတ်ခဲ့ရင် စစ်အုပ်စုပေါ်မှာဖိအားပေးလို့ရမယ်လို့ ကျွန်တော်တင်ပြချင်ပါတယ်"လို့ ယင်းကပြောထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြိုရှိ ILO ရုံးချုပ်မှာ ပြုလုပ်သော ညီလာခံတွင် Myanmar Labour Alliance (MLA)အဖွဲ့ဝင်၊ CTUM ဗဟိုအလုပ် အမှုဆောင်များဖြစ်တဲ့ ဒေါ်ဖြိုးစန္ဒာစိုးနှင့် ဒေါ်ခိုင်ဇာအောင် တို့မှ ကိုယ်စားပြုတက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ ကျင်းပခဲ့သော ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက အဓမ္မစစ်မှု ထမ်းခိုင်းခြင်း၊ အလုပ် သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်သမားသမဂ္ဂများကို နှိပ်ကွပ်မှုများ အပါအဝင် ဖောက်ဖျက်ကျူးလွန်မှုများစွာ ကျူးလွန်နေတယ်လို့ ထပ်မံ အတည်ပြုခဲ့ကြပါတယ်။