"ထွက်သာထွက်လာရတယ်၊ အကုန်လုံးကအစိမ်းသက်သက်ပဲ လမ်းရောက်မှအသိတွေဘာတွေတွေ့ရတာ၊ ဟိုရောက်တော့လဲအစိမ်းသက်သက်ပဲ တကယ်မလွယ်ခဲ့တဲ့အချိန်တွေပါ"လို့သူထွက်လာတုန်းကအကြောင်းကို ဆမ်က Myanmar Labour News ကိုပြောပါတယ်။
ကယားပြည်နယ်ဆိုတာ သူ့လိုရန်ကုန်မှာဆေးခန်းထိုင်ပြီး လူနာမပြတ်ကြည့်နေရတဲ့ဆရာဝန်ငယ်လေးတယောက်အတွက်တော့အစိမ်းသက်သက်ပါ။
ဒေါက်တာဆမ်တယောက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်ကမြို့နယ်တခုထဲမှာသူတတ်ကျွမ်းတဲ့ဆေးကုသမှု့အတတ်ပညာနဲ့ပြည်သူတွေကိုကူညီပေးနေပေမယ့်တဖြည်းဖြည်းနဲ့စစ်ကောင်စီဖက်ကသတိထားစောင့်ကြည့်လာတဲ့အခါမှာသူ့ရဲ့ခြေလှမ်းတွေကတိုင်းရင်းသားဒေသတခုကိုဦးတည်လိုက်ပါတော့တယ်။
သူပထမဆုံးရောက်ရှိလာတဲ့တိုင်းရင်းသားဒေသလေးဟာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကအစအခြေခံလိုအပ်ချက်တွေများလွန်းလှတဲ့နေရာလေးပါ။
ခုတော့ဗမာစကားသံဝဲဝဲနဲ့တိုင်းရင်းသားလူနာတွေကြားမှာဒေါက်တာဆမ်တယောက်ပျော်နေပါပြီ..
ဒါပေမယ့်ကိုယ်လုပ်ချင်တဲ့ လူနာတွေကိုကယ်တင်ရတဲ့အလုပ်လုပ်နေရတော့ပျော်နေပြီလားဆိုတဲ့မေးခွန်းကိုတော့
"လှိုင်သာယာကိုစဖြိုခွင်းတုန်းကကျတော့်ရှေ့မှာတင်လူတဦးလည်ပင်းကိုကျည်ဖောက်ပြီးမှန်ခဲ့တယ်ဒီကိစ္စတွေကိုကျွန်တော်မမေ့ဘူး"လို့ဖြေပြီး သူတချက်တွေသွားပါတယ်။
စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှု့တွေက သူ့လိုလူ့အသက်ကိုကယ်တင်နေရတဲ့ဆရာဝန်တယောက်ရဲ့နှလုံးသားကိုမာကြောလာစေခဲ့ပါတယ်။
"အာဏာစသိမ်းပြီးဒီလိုကိစ္စတွေဖြစ်လာတော့ငါဆရာဝန်တယောက်အနေနဲ့ဘာလုပ်မလဲပေါ့နော်၊ နောက်ဆုံးကိုယ်တတ်တဲ့ပညာနဲ့တွန်းလှန်မယ်ဆိုပြီးအာဏာသိမ်းစစ်တပ်ဖြိုခွင်းခံရလို့ဒုက္ခရောက်တဲသူတွေ မီးဖွားဖို့အခက်အခဲရှိနေတဲ့သူတွေကိုကူညီခဲ့တယ်"လို့ ဆမ်ကသူယုံကြည်ရာလျှောက်လှမ်းခဲ့ပုံကိုပြောပါတယ်။
သူဒီလိုဆေးပညာနဲ့ကူညီနေတုန်းမှာပဲစစ်ကောင်စီတပ်တွေရဲ့ရက်စက်ယုတ်မာမှု့တွေကိုညတညမှာမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတယ်။
"သွေးလွန်နေတဲ့မီးနေသည်တယောက်အတွက် ညဖက်ကြီးသွေးသွားယူတာ သွားမယ့်လမ်းကိုပေးမဖြတ်လို့ပြန်လှည့်ခဲ့ရတယ် တော်တော်ဆိုးပါတယ်"လို့အဲ့ဒီ့တုန်းကအခြေအနေကိုသူကပြန်ပြောင်းပြောပြပါတယ်။
တကယ်လို့သာစစ်အုပ်စုအာဏာရူးပြီး မသိမ်းခဲ့ဖူးဆိုဆမ်တယောက်ဒီအချိန်မှာ ပညာသင်ဆု တခုနဲ့နိုင်ငံရပ်ခြားမှာပြည်သူတွေအတွက်လိုအပ်တဲ့ဆေးပညာကိုသွားသင်နေမှာပါ။
အခြေအနေကဒီလိုဖြစ်မလာခဲ့ပါဘူး "အာဏာမသိမ်းဘူးဆိုရင်တော့နိုင်ငံခြားမှာ စကောလာရှစ်လေးနဲ့ပညာဆက်သင်ဖို့စိတ်ကူးထားတာ ကျွန်တော်မပြောနဲ့ကျွန်တော့်ညီတွေ၊ညီမတွေဆို ဆေးကျောင်းသားတွေ ကျောင်းတပိုင်းတစနဲ့တော်လှန်ရေးထဲမှာ ဘာပဲပြောပြောသူ့အတွက်ဂုဏ်ယူရတယ်"လို့ဆမ်ကသူ့ရဲ့အခြေအနေပြောင်းလဲသွားခဲ့ပုံကိုပြောပါတယ်။
လက်ရှိသူနေထိုင်ကုသပေးနေတဲ့ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့အရပ်သားတွေကိုပါတိုက်ခိုက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေကတစတစတိုးလာပါတယ်။
စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲဝင်ရင်းဒဏ်ရာရလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကိုလဲကုသပေးနေရတာတွေရှိလာပါတယ်။
"အထိုင်လဲကုတယ် မိုဘိုလ်းအနေနဲ့လဲကုပေးရတယ်ပေါ့။ အဓိကကစစ်ရှောင်ပြည်သူတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ကဒဏ်ရာရတဲ့သူတွေပေါ့။ လိုတာကတော့ပြောရရင်အများကြီးပါဆေးဝါးကအစပေါ့"လို့ သူလုပ်ပေးနေတဲ့လွတ်မြောက်နယ်မြေကဆေးရုံလေးရဲ့အခြေအနေကိုပြောပါတယ်။
ဒီလိုမပြည့်စုံတဲ့ကြားကပဲကိုဗစ်တတိယလှိုင်းမှာလူသေဆုံးမှု့နည်းအောင်သူနဲ့ရဲဘော်ရဲဘက်ဆရာဝန်တွေကထိန်းသိမ်းနိုင်ခဲ့တယ်လို့ပြောရမှာပါ။
"ဒီဖက်ကလူတွေကအားရိုးတယ်၊ စစ်ရှောင်တွေမှာဆို စစ်တပ်ရဲ့အကြမ်းဖက်မှု့ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေရှိတယ် ပြီးတော့ကျွန်တော့လူနာတယောက်ဆိုဆီးချိုသမား နေရတာကစစ်ရှောင်စခန်းမှာ ရှိတာစားရတော့အစားရှောင်မရတော့ဘယ်လိုပဲဆေးပေးပေးမရဘူး"လို့ဆေးကုသရာမှာလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတချို့ကိုဆမ်ကဖောက်သည်ချပါတယ်။
အခက်အခဲတွေဆေးဝါးပစ္စည်းမလုံလောက်တာတွေရှိပေမယ့်သူအကောင်းဆုံးကြိုးစားနေတယ်ဆိုတာဆမ်ကုသပေးလို့ရောဂါသက်သာသွားတဲ့လူနာတွေကပြသနေပါတယ်။
တကယ်တော့ဆမ့်မှာမျှော်လင့်ချက်လေးတခုရှိပါတယ်။
"ဒီကိစ္စတွေပြီးသွားရင်ဆေးခန်းထိုင်ပိုက်ဆံရှာပြီးအမေမသေခင်လုပ်ကျွေးချင်သေးတယ်ဗျာ"လို့ သူ့ရဲ့မိခင်ကြီးအတွက်ချန်ထားတဲ့စိတ်လေးတခုကိုစကားထဲကနေဆမ်ကလှစ်ဟပြပါတယ်။
တကယ်ကဆမ်တင်မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကလူငယ်တွေသာမကပဲလူကြီးတွေပါအနာဂတ်ဆိုတာမရှိတော့သလိုခံစားခဲ့ရတာပါ။
ဒါပေမယ့်ဆမ့်နှလုံးသားကအာဏာလုစစ်တပ်ပေးခဲ့တဲ့ဒဏ်ရာတွေနဲ့မာကြောလုနေပြီလို့ပြောရမှာပါ။
ဒီပွဲဘယ်လိုအဆုံးသတ်မယ်လို့ယုံကြည်လဲဆိုတဲ့မေးခွန်းကိုတော့-
"အတိုင်းအတာသာမတူရင်မတူမယ် ကျွန်တော်တို့အားလုံးမှာဆုံးရှုံးမှု့ကိုယ်စီရှိတယ်အဲ့ဒီ့အတွက်တန်ရာတန်ကြေးပြန်ယူရမယ် ရအောင်ယူပြီးမှကျွန်တော်တို့စိတ်ဖြောင့်မှာ ဒီပွဲကနိုင်ကိုနိုင်ရမယ့်ပွဲ"လို့ သူကခပ်မာမာပဲ ဖြေခဲ့ပါတယ်။
တကယ်တော့ဒီပွဲကပြည်သူတွေနိုင်မယ့်ပွဲဓမ္မကအဓမ္မကိုနိုင်မယ့်ပွဲဆိုတာစာရေးသူရောဆမ်ရောတနိုင်ငံလုံးကပြည်သူတွေရောနှလုံးအိမ်ထဲမှာခိုင်ဆွဲယုံကြည်လျက်ပါဆိုတာငွေတောင်ပြည်ကဒေါက်တာဆမ်တယောက်သိနေနှင့်ပြီးသားပါ..။
-Kzin