NEWS

အောက်တိုဘာ စတုတ္တတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
116 Views

Myanmar Labour News မှာ အောက်တိုဘာ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ  တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်တွင်း ပြည်ပ အလုပ်အကိုင်နဲ့ ဒေသတွင်း သတင်းတွေကို အနှစ်ချုပ် ဖော်ပြပေးထားပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၁

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်တဲ့ ကိစ္စရပ်များနဲ့ ပက်သက်ပြီး အတုအပပြုလုပ်ထားတဲ့ တရားမဝင် တံဆိပ်တုံးတွေ ကို အသုံးပြုကာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတာနဲ့ကိုင်ဆောင်တာတွေ ကို တွေ့ရှိပါက ဥပဒေအရ အရေးယူမယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းဆဲလ်မှာ ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်လာနိုင်တဲ့ အတွက် အောက်တိုဘာ၂၁ရက် ယနေ့ကစပြီး အောက်တိုဘာ ၂၄ ရက်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ မှာ မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့အောက်တိုဘာ၂၁ ရက် နံနက် ၁၀နာရီ ထုတ်ပြန်ချက်အရသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ​အမှတ် ၁၉ ရပ်ကွက်၊ ၂၄ ရက်ကွက် ​တွေမှာရှိတဲ့ နေအိမ်များ၊ အ​ဆောင်များ  အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားကြောင်း သိရပါတယ်။ 

အောက်တိုဘာ ၂၂

ရန်ကုန် ရွှေပြည်သာ သံလမ်း ရွှေဗဟိုပတ်လမ်း မှာ  TV အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဟာ မိုးသည်းထန်မှုကြောင့် အောက်တိုဘာ   ၂၂ ရက်နေ့မှာ  စက်ရုံထဲ ရေတွေဝင်ရောက်တာကြောင့် အန္တရာယ်ရှိလို့ အိမ်ပြန်ဖို့ခွင့်တောင်းပေမယ့် ရက်မှန်ကြေး ဖြုတ်မယ်လို့ အကျပ်ကိုင်နေတယ်ဆိုကာ ပေးစာပေးပို့ခဲ့ပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့်မိုးရွာသွန်းမှုဆက်တိုက်ဖြစ်ပေါ်ကာရေကြီးရေလျှံမှုတွေကြောင့်ရန်ကုန်က မြို့နယ် အများစုမှာ အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်ပေါ်နေပါတယ်။ အောက်တိုဘာလ (၂၀)ရက်ညကစတင်ပြီးမိုးသည်းထန်စွာရွာသွန်းနေတာဖြစ်ပြီးရေကြီးရေလျှံတာတွေဟာလူနေရပ်ကွက်တွေတင်မကဘဲကားလမ်းမတွေပေါ်မှာပါဖြစ်ပေါ်နေတာပါ။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင်  ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရပ်ကွက်အချို့ရှိ အနိမ့်ပိုင်းနေရာများ၌ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်ကာ အခက်အခဲဖြစ်နေကြရတယ်လို့သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ညကတည်းက ဆက်တိုက်ရွာသွန်းတဲ့ မိုးကြောင့် အောက်တိုဘာ ၂၁ ရက်မှာ ရန်ကုန်မြို့ရေကြီးရေလျှံမှုတွေစတင်ဖြစ်ပေါ်လာကာ အောင်မဂ်လာအဝေးပြေးကားဝင်း၊ 
ရွှေပြည်သာ၊ လှိုင်သာယာ၊ မဂ်လာဒုံ၊ မရမ်းကုန်း၊ သမိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းအပြင် ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ နေအိမ်တွေထဲအထိရေလျှံမှုဖြစ်ကာ အခက်အခဲတွေကြုံနေရတယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံ မဟာချိုင် အုန်းရိုင် ကို MOU နဲ့ စာချုပ်ချုပ်ဆိုပြီး ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမား ၅၀ မှာ တစ်လ ကျော် ကြာသည်အထိ အလုပ် မလုပ်ရတဲ့ အတွက် အခက်ခဲဒုက္ခ ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်အမည်ပေါက် ပိုင်ဆိုင်တဲ့ ခြံအမှတ်(၅၄) အမွေဆိုင် နေအိမ်ကို သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက ကျပ်‌ငွေဘီလီယံ၂၉၀ အထိဈေးလျော့ချကာ လေလံတင်ရောင်းဖို့ မနေ့က ရုံးချိန်းမှာတရားရုံးကို တင်ပြလိုက်တယ်လို့တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မီးဖိုချောင်သုံးဂတ်စ်(LPG)ဈေးနှုန်းဟာအောက်တိုဘာ(၂၃)ရက်မှာ 48kg တစ်အိုးကိုကျပ်တစ်သောင်းခွဲနီးပါးပြန်လည်မြင့်တက်လာတယ်လို့ဂတ်စ်လုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။

လာအို နိုင်ငံ မှာ ရောက်ရှိနေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးနဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်ပေးနိုင် ဖို့ ဆိုကာ စစ်ကောင်စီ မှ အလုပ်သမားဝန်ကြီးဦးမြင့်နောင်နဲ့ လာအို အလုပ်သမား ဝန်ကြီး တို့ နားလည်မှုစာချွှန်လွှာ (MOU )ရေးထိုးလိုက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနကနေ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ရေထဲ ပျက်ကျနေတဲ့ လျှပ်စစ်ဓာတ်ကြိုးနား ဖြတ်သွားမိတဲ့ စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦး အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ သေဆုံးခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင်တွေလုယက်ခံရတဲ့အန္တရာယ်ကနေကာကွယ်နိုင်ဖို့ကြိုတင်ပြင်ဆင်တာတွေလုပ်ဆောင်ကြဖို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကအောက်တိုဘာလ(၂၂)မှာသတိပေးစာထုတ်ပြန်ပါတယ်။
 
အောက်တိုဘာလ(၂၁)ရက်မှာရန်ကုန်တိုင်းတွင် ရွှေ ၅ ပိဿာခန့် လုယက်ခံရပြီးနောက်မှာဒီလိုသတိပေးစာထုတ်ပြန်လာတာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် အနော်ရထာလမ်းမှာဖွင့်လှစ်ထားတဲ့ Eternal Fashion အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေဖြစ်ပွားနေပြီး အလုပ်သမားရုံးကိုတိုင်ကြားထားပေမယ့် အရေးယူပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေအနေနဲ့ တစ်လလုံး အနားမပေးဘဲ ပိတ်ရက်တွေမှာ အချိန်ပိုအိုတီဆင်းခိုင်းတာ ၊ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတာ ၊ ခွဲခြားဆက်ဆံတာတွေနဲ့ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတာတွေ ကျူးလွန်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

အောက်တိုဘာ ၂၄

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက် နေ့က ထိုင်းအစိုးရအဖွဲ့ မှ နိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် MOU အလုပ်သမားတွေ အတွက် ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ CIစာအုပ် သက်တမ်း အနည်းဆုံး ၂နှစ် ခန့် ကျန်ရှိဖို့ ဆောင်ရွက် ထားရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက အောက်တိုဘာ၂၃ရက်မှာ အသိပေးကြေညာ ထားပါတယ်။

ဝါးတရာစက်ရုံက မြန်မာဂျော်နီ အိတ်စက်ရုံ (Myanmar Journey) မှာ တပတ်အချိန်ပို နာရီ ၂၀ ထက် ကျော်လွန် ခိုင်းစေနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ရေကြီးနေတဲ့ ကာလမှာပဲ အတင်းကျပ် လက်မှတ်ထိုး ခိုင်းပြီး အချိန်ပိုဆင်းနေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ နွန်းလီစက္ကူစက်ရုံ မှာ အလုပ်သမားခေါ်ယူနေတယ်လို့ အမျိုးသမီးတစ်ဦးက Tiktok ကနေ Live လွှင့်ခဲ့တာကို အလုပ်လုပ် လိုတဲ့ မြန်မာအလုပ်သမား ၆ ဦး ကဆက်သွယ်ခဲ့တာ မှာ ဘတ် ၅သောင်းကျော် လိမ်လည်သွားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။
 
စစ်ရှောင်အများအပြားရွှေ့ပြောင်းရောက်ရှိလာတဲ့ရန်ကုန်မြို့မှာအိမ်ငှား ရမ်းခတွေမြင့်တက်လာသလိုအိမ်ရှင်တွေရဲ့သတ်မှတ်ချက်နှုန်းထားတွေဟာလည်းအရင်ကထက်များလာတယ်လို့ငှားရမ်းနေထိုင်သူတွေဆီကသိရပါတယ်။

ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်းနဲ့သွားရောက်လုပ်ကိုင်နိုင်အတွက် EPS TOPIK စာမေးပွဲဖြေဆိုသူ(၄၈၀၀၀)ဦးရှိခဲ့ပါတယ်။လက်ရှိမှာအစိုးရပြည်ပအလုပ်အကိုင်‌ ​အေဂျင်စီထုတ်ပြန်တဲ့ပထမအကြိမ်စာရင်းအရအောင်မြင်သူအရေအတွက်ဟာ(၅၅၄၀)ဦးသာရှိတာကြောင့်ဆယ်ပုံတစ်ပုံကျော်သာအောင်မြင်‌ေသးတာဖြစ်ပါတယ်။လက်ရှိမှာတော့ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်လိုသူအများအပြားရှိနေပြီးအမှတ်ပြည့်(၁၀၀)မှာ(၉၇.၅)မှတ်နဲ့အောင်မှတ်ကိုစံချိန်တင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စင်္ကာပူ နိုင်ငံ ကနေ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တ ပြန်မယ့် မြန်မာအလုပ်သမားတွေ အနေနဲ့ PV နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပါက သတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေနဲ့ အတူ PJ အမျိုးအစားနိုင်ငံကူး လက်မှတ် ကို မြန်မာသံရုံး မှာ လာရောက် လျှောက် ထားနိုင်တယ် လို့ စင်္ကာပူရှိ မြန်မာသံရုံးက အောက်တိုဘာ၂၄ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၅

စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ယိုးဒယားနဲ့တရုတ်ပစ္စည်းတွေကိုဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေလို့ရောင်းချသူတွေစိုးရိမ်သောကရောက်နေရပါတယ်။
အောက်တိုဘာလ(၂၃)ရက်မှာစစ်တပ်၊ ရဲနဲ့စည်ပင်ပူးပေါင်းအဖွဲ့တွေကမန္တ‌​လေး ‌​ဈေးချိုအပါအဝင်ကုန်တိုက်‌​တွေ ၊စတိုးဆိုင်တွေနဲ့အရောင်းဆိုင်တွေကိုဝင်ရောက်စစ်ဆေးပြီးကုန်ပစ္စည်းတွေကိုဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့သတင်းဌာနအချို့မှာဖော်ပြခဲ့ပါတယ်။

လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ (သောကြာနေ့)မှာ ကျရောက်တဲ့ ဒီပါဝလီပွဲတော်နေ့ ကို တရား၀င်အများပြည်သူရုံးပိတ်ရက်အဖြစ် အသိပေးကြေညာထားပါတယ်။
 
အောက်တိုဘာ ၂၆

အမျိုးသား​တွေ ပြည်ပထွက်ခွင့် အသက်ကန့်သက်ချက်ကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ အမျိုးသမီး လုပ်သားခေါ်ယူတဲ့ အလုပ်ခေါ်စာတွေကို အဓိက ထားပြီး အလုပ်အကိုင်ရှာဖွေချိတ်ဆက်မှုတွေ ပြုလုပ်လာတယ်လို့ လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။ 

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်း တွင် လုပ်ကိုင်ရန် MOU ဖြင့်စာချုပ်ချုပ်ဆိုကာ တရားဝင် လာရောက်ပေမယ့် ထိုင်းကိုရောက်ရှိ အလုပ် လုပ်ရာမှာ စာချုပ်ချုပ်ထားတဲ့ အလုပ် နေရာ မဟုတ်တဲ့ အပြင် လုပ်ခလစာ မရတဲ့ အတွက် မြန်မာအလုပ်သမား ၁၆ဦး အခက်ခဲ ဖြစ်နေတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် နစ်နာသူအလုပ်သမားတွေထံက သိရပါတယ်။ 

Eternal Fashion အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ အလွန်ကျွံခေါ်ခိုင်းနေတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့တာကိုဖော်ပြခဲ့ပါတယ်။

ရွှေလီ မြို့ရှိ အသိ မိတ်ဆွေ ဖြစ်သူ ရဲ့ ခေါ်ဆောင်မှုကြောင့် တရုတ်နိုင်ငံ ကိုသွားရောက်ရန် လုပ်ဆောင်ရာမှာ မူဆယ် မြို့မှာ တစ်လကျော် ကြာ သည်အထိ မသွားရတဲ့ အတွက် အခက်အခဲ​ဖြစ်ရတဲ့အလုပ် သမား ရာနဲ့ချီရှိ​နေတယ်လို့ သိရပါတယ်။ နေရပ်ကိုပြန်မည် ပြုလုပ်သော်လည်း ပွဲစားဆိုသူက မှတ်ပုံတင် တွေ သိမ်းထားတဲ့အပြင်ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတဲ့ အတွက် အလုပ်သမားအဖွဲ့စည်းဖြစ်တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ကို အကူညီတောင်းကာနေရပ်ပြန်ဖို့စီစဉ်ခဲ့ရတယ်လို့ ၎င်းအလုပ်သမားအဖွဲ့ထံက သိရပါတယ်။ 

အောက်တိုဘာ စတုတ္ထပတ်အတွင်း အမေရိကန်ဒေါ်လာနှင့် ရွှေဈေးအနည်းငယ် မြင့်တက်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။ အောက်တိုဘာ တတိယပတ်အတွင်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၆၁သိန်း အထိရှိ​ပေမယ့် အောက်တိုဘာ ၂၃ရက်က စတင်ပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်လျှက်ရှိပြီး လက်ရှိတွင် အကယ်ဒမီရွှေ ၁ ကျပ်သားလျှင် ၆၅သိန်းကျော်အထိရှိလာတာဖြစ်ပါတယ်။ 

အောက်တိုဘာလ စတုတ္တတပတ်အတွင်း ဖော်ပြခဲ့တဲ့ သတင်းတွေရဲ့အနှစ်ချုပ်ဖော်ပြချက်ကို ဆုလာဘ်ဖြူက စုစည်းပေးထားတာပါ။


Related posts

Cover
ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 22, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 22, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 15, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 15, 2024
Cover
ဒီဇင်ဘာလ ပထမတစ်ပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Dec 08, 2024
Cover
ဒီဇင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု
Dec 08, 2024
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( နိုဝင်ဘာ ၂၅- ဒီဇင်ဘာ ၁)
Dec 01, 2024
Cover
တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု (နိုဝင်ဘာ ၂၅-ဒီဇင်ဘာ ၁)
Dec 01, 2024