ရန်ကုန်မြို့မှာ အလုပ်အကိုင်သစ်ရှာဖွေလိုသူတွေအနေနဲ့အလုပ်လျှောက်လွှာတွေတင်ရာမှာ ကုန်ကျစရိတ်တွေပိုများလာတယ်လို့အလုပ်ရှာဖွေ လျှောက်ထားနေသူတွေကပြောပါတယ်။
လက်ရှိမှာမိတ္တူဆွဲခတွေဟာလည်းအရင်ထက်မြင့်တက်လာသလိုဓာတ်ပုံရိုက်ခ၊ CV ဖောင်ကြေးနဲ့သွားလာစရိတ်တွေလည်းမြင့်တက်လာတာပဲဖြစ်ပါတယ်။
"အခုကမိတ္တူတစ်မျက်နှာကိုနှစ်ရာပေးရတယ်။သန်းခေါင်စာရင်းဆိုသုံးရာပေးရတယ်။CV ဖောင်ကငါးရာပေးရတယ်။ဓာတ်ပုံရိုက်ရင်လည်း (၆)ပုံကိုနှစ်ထောင်ကုန်တယ်။နောက်ထောက်ခံစာကြေးတွေ၊ ထောက်ခံစာလုပ်ဖို့သွားလာစရိတ်တွေပါပေါင်းရင် ငွေသောင်းဂဏန်းကုန်မှအလုပ်လျှောက်လို့ရမလိုဖြစ်နေပြီ"လို့အလုပ်ရှာဖွေသူတစ်ဦးကပြောပါတယ်။
အခုလို အလုပ်စတင်လျှောက်ထားသူတွေအတွက် အလုပ်အကိုင် ရရှိမှုမသေချာပေမဲ့ အလုပ်လျှောက်လွှာတင်စရိတ်တွေ ကုန်ကျမှုတွေ အတွက် အလုပ်ခေါ်သူတွေအနေနဲ့ လည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစကတော့ အလုပ်လျှောက်ထားရာမှာထောက်ခံစာတွေမလိုဘူးလို့လုပ်ငန်းရှင်တွေကပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့အလုပ်အကိုင်တွေလျှောက်ထားရာမှာ အနိမ့်ဆုံး အရောင်းဝန်ထမ်းကစလို့ ကျွမ်းကျင်မှုမြင့်မားတဲ့ အလုပ်အကိုင်တွေအထိ CV ဖောင်၊ ဓာတ်ပုံ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပညာအရည်အချင်းအောင်လက်မှတ်၊ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ လေဘာကတ်စတာတွေကိုတောင်းယူနေတာပဲဖြစ်ပါတယ်။
"တကယ်ဆိုအလုပ်ရမှာပဲစာရွက် စာတမ်းလိုအပ်ချက်တွေပေး။ အလုပ်စလျှောက် ရင်ကိုယ်ရေးအကျဉ်းဖြည့်ထားတဲ့အလုပ်လျှောက်လွှာပဲအရင်တင်ထားဆိုရင်ပိုအဆင်ပြေတာပေါ့။အခုကျအလုပ်နှစ်ခုလောက်လျှောက်ဖို့ကိုဖိအားတွေများရတယ်"လို့ပြည်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာထောက်ခံစာလုပ်ဆောင်ရမှာလည်းငွေကြေးကုန်ကျမှုတွေများနေသလိုအလုပ်ဌာနတွေဘက်ကလည်းမူရင်းထောက်ခံစာတွေကိုသာတောင်းယူနေတယ်လို့သိရပါတယ်။