ထိုင်းနိုင်ငံမှာ မြန်မာပွဲစား က အလုပ်ရှာပေးမယ်ဆိုကာ ငွေများ လိမ်လည်ယူပြီး စွန့်ပစ်ထားခဲ့တဲ့ အတွက် မြန်မာအလုပ်သမား၁၂ဦးအစာရေစာပြတ်ပြီး ဒုက္ခရောက်နေတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စီမဟာဖိုမြို့နယ် ထားသုမ်ကျေးရွာ အနီး ရှိ အငှား တိုက်ခန်း တခန်းမှာ စွန့်ပစ်ခဲ့တာ ဖြစ်ပြီး မြန်မာအလုပ်သမားများထံမှ တစ်ဦးစီအတွက် ဘတ် ၄၅၀၀ မှ ၇၀၀၀ အထိ ငွေကြိုတင်ကောက်ယူသွားတယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမားများ စွန့်ပစ်ခံရသော နေ့ရက်တို့ကိုမူ ဖော်ပြထားခြင်းမရှိပေ။
အခုလို ပွဲစားကို အဆက်သွယ် မရတဲ့ အခါ အချိန်ကြာလာတာနဲ့ အမျှ စားသောက်ရန် မရှိတော့တဲ့ အတွက် ဘေးခန်းရှိ ထိုင်းနိုင်ငံသားကို အစားသောက်အကူညီနဲ့အလုပ်ရှာပေးရန် မြန်မာအလုပ်သမားတွေက အကူညီတောင်းခဲ့တယ်လို့ ထိုင်းသတင်းတွေ မှာ ဖေါ်ပြထားပါတယ်။
အလိမ်ခံရတဲ့ မြန်မာအလုပ်သမားတွေ ကို ယင်း ထိုင်းနိုင်ငံသားတစ်ဦးက ဆန်၊ စားစရာများ ပေးသလိုအနီးအနား နေထိုင်သူတွေကလည်း အစားအသောက်ပစ္စည်များ လာရောက်ကူညီပေးကမ်းကြတယ်လို့ သိရပါတယ်။
အလုပ်သမားတွေဟာ ထိုင်းနိုင်ငံချွန်ဘူရီ မှ လာရောက်တာ ဖြစ်ပြီး မြန်မာအလုပ်သမားတွေထဲမှာ တရားဝင် အထောက်အထားပြည့်စုံသူတွေလည်းပါရှိသလို အချို့မှာ အထောက်အထား မပြည့်စုံတဲ့သူတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ လိမ်လည်သွားတဲ့ မြန်မာပွဲစားကို ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။