ARTICLE

အလုပ်ခွင်တွင်း ဖြေရှင်းရမည့် ပုစ္ဆာ (သို့မဟုတ်) လုပ်ငန်းခွင်တွင်း ဆဲဆိုမှု ဘယ်လဲ ဘာလဲ။

CoverLogo
1.2K Views

စက်ရုံတွင်း ချုပ်စက်သံတွေကြား ပေါ်ထွက်လာတဲ့ စူးရှကျယ်လောင်တဲ့အသံက စက်ချုပ်နေတဲ့ မလွင်စန်း နောက်ကမို့ အထိန့်တလန့် ဖြစ်မိလိုက်တော့ အသံက သူနောက်အနားကအသံပိုင်ရှင်က စက်ရုံက စကားပြန် ဆိုသူ ဖြစ်နေပါတယ်။

ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးအချို့သုံးစွဲ အော်ဟစ်တာကြောင့် စက်ရုံအတွင်း လုပ်သားအားလုံး မျက်လုံးတွေ လွင်စန်း ဆီရောက်နေပြီထင်မိ။

ဒီနောက်  မျက်နှာတစ်လုံး ပူထူပြီး၊  မျက်ရည်စီးကျ လာပါ တယ်။ ရှက်စိတ် ကြောင့် စကားလုံးတွေ နားထဲမရောက်လာတော့ဘဲ မူးနောက်နောက် ဖြစ်ခဲ့တာပဲ မှတ်မိနေတယ်။

“ ‘စောက်’  ဆိုတဲ့ စကားလုံးသုံးတော့က ရှက်တာနဲ့ ဒေါသထွက်တာ၊ ခံပြင်းတာ ဒါနဲ့ အသံရှုကြပ်လာပြီး မေ့သလို ဖြစ်ခဲ့ တာပေါ့” လို့ မလွင်စန်းက သူကြုံတွေ့ရတဲ့ အဖြစ်တွေကို ပြန်ပြောပါတယ်။  

မလွင်စန်းက  လှိုင်သာယာ စက်မှုဇုန့် ၁ ထဲက အထည်ချုပ်စက်ရုံ တစ်ရုံမှာ အထည်ချုပ်လုပ်ကိုင်နေပြီး ဒီစက်ရုံတစ်ခုတည်းမှာ လုပ်ကိုင်နေတာ ၄ နှစ်ရှိပြီလို့ ပြောပါတယ်။  

စက်ရုံတွင််း စက်တန်း တစ်တန်းမှာ လုပ်သား ၅၀ ကျော်  စုစုပေါင်း စက်တန်း ၈၀ ကျော်ရှိလို့ အထည်ချုပ်လုပ်သား သက်သက်ပဲ ၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

Myanmar Labour News ကပြုစုထားတဲ့ အချက်အလက်တွေအရ အလုပ်သမား‌ အခွင်အရေးဖေါက်ဖျက်တဲ့ အထည်ချုပ်စက်ရုံ အားလုံးနီးပါးမှာ အခုလို ဆဲဆိုအော်ဟစ်တာတွေရှိနေတာကို တွေ့ရှိပါတယ်။

အလုပ်သမားတွေ အပေါ် ကြမ်းတမ်းစွာ ပြောဆိုကြ သူတွေ ထဲမှာ စက်ရုံ ပိုင်ရှင် ၊ စက်ရုံပိုင်ရှင်အတွင်းရေးမှူး ၊ စက်ရုံမန်နေဂျာ၊ အော်စူပါ၊ စူပါ စတဲ့ အဆင့်အဆင့်လိုက် ပါဝင်နေတာကိုလည်း တွေ့ရှိထားတာ ဖြစ်ပါတယ်။

“ စက်ချုပ်လုပ်သားတွေတင်မဟုတ်ဘူး စက်ရုံထဲက သန့်ရှင်းရေးဝန်ထမ်းလို ဝန်ထမ်းတွေကိုလည်း ဆဲဆိုကြ တယ်” လို့ ရွှေပြည်သာစက်မှုဇုန်မှာ စက်ချုပ်လုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ မမေဝင်း(အမည်လွှဲ)က ပြောပါ တယ်။

၂၀၁၈ ခုနှစ်က ILO က အထည်ချုပ်စက်ရုံ ၁၆ ရုံက အထည်ချုပ်အလုပ်သမားတွေကို ကျားမရေးရာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာမှာ အချို့ စက်ရုံတွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အထောက်ထားများနဲ့  နှုတ်အမူအရာ၊ ကိုယ်အမူအရာနဲ့ပြောဆို စော်ကားမှု အချို့ရှိနေတာကို တွေ့ရခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

  • ဆဲဆိုခံရသူတွေမှာ ဘာတွေထိခိုက်နိုင်သလဲ။

ဆဲဆိုခံရမှုရဲ့ intensity (ပြင်းထန်မှု) အပေါ် မူတည်ပြီး ခံရသူရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပြောင်းလဲ သွားနိုင် တယ်လို့  စိတ်ကျန်းမာရေးကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ Talk With Me အဖွဲ့အစည်း တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အလွန်အမင်း ပြင်းပြင်းထန်ထန်ပြောဆိုခံရတာမျိုးနဲ့ ကြုံရတဲ့အခါ ခံရသူရဲ့ စိတ်ထဲမှာ ရရှိသွားတဲ့ ဒဏ်ရာကို ကျော်လွှားနိုင်ဖို့ (overcome) ခက်ခဲနိုင်တဲ့ စိတ်ဒဏ်ရာ (trauma) တစ်ခုလည်း ရရှိသွားနိုင်တယ်လို့ ပြောပါတယ်။

“  လူအများရှေ့မှာ ဆဲဆိုအော်ဟစ်ခံရတာမလို့ ပထမဆုံးအနေနဲ့ သူ့စိတ်ထဲမှာ ရှက်စိတ်၊ အားငယ်စိတ် တွေ ဖြစ်နိုင်တဲ့အပြင် အော်သူ၊ ဆူသူ အပေါ် စိတ်တိုပြီး အငြိုးအတေးတစ်ခု ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားနိုင်ပါတယ်။

နောက်ပြီး ဒီအော်ဟစ်ခံရမှုကနေ ခံစားရတဲ့အရာတွေက လတွေကြာတဲ့အထိ မပျောက် သွားတဲ့အခါ post traumatic stress disorder (PTSD)အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ အဲဒီကနေ  လူတွေ ကြားထဲ သွားရမှာ ကြောက်လာတာတွေ၊ လူတွေနဲ့ ဆက်ဆံရမှာကို ကြောက်လာတာတွေ၊လူတွေနဲ့ ဆက်ဆံတဲ့ အခါ ငါ့ကို တစ်ခုခု အပြစ်တင်နေမလား၊ငါ့ကို တစ်ခုခုပြောနေမလား၊နောက်ကွယ်မှာ ငါ့ကို ဝေဖန်နေမလား စသဖြင့် စိတ်မလုံခြုံတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

အဆူခံရတဲ့ အချိန်မှာ ရတဲ့ ခံစားချက်က အလွန် ပြင်းထန်ရင် ခံရသူအနေနဲ့ အိမ်ထဲက အိမ်အပြင်မထွက်တော့ဘဲ လောကကြီးနဲ့ အဆက်အသွယ်မလုပ်‌နိုင်တော့ တဲ့ အနေအထားတစ်ခုအထိ ရောက်ရှိသွားနိုင်ပါသေးတယ်။

လူအများရှေ့မှာ အော်ခံ၊ ဆူခံရတာမလို့ ကိုယ်တိုင် လည်း တန်ဖိုးမရှိတော့တဲ့လူတစ်ယောက်၊ ဘာမှ အဆင်ပြေအောင် မလုပ်နိုင်သူတစ်ယောက် စသဖြင့် တွေးမိ တတ်လာပြီး နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်မှုဆိုတဲ့ stageတစ်ခုအထိ ရောက်သွားတတ်ကြပါတယ်” လို့ ပြောကြားပါတယ်။

လုပ်ငန်းခွင် ဆဲဆိုအော်ဟစ် ခိုင်းစေတဲ့ အပြုအမူတွေ ပြုလုပ်လို့ မရတာကို သွေးစည်းညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (မြန်မာ)(STUM)  က တာဝန်ရှိသူက အခုလို ရှင်းပြပါတယ်။

“ လုပ်ငန်းခွင်ထဲ ဆဲဆို အော်ဟစ်ခိုင်းစေတာတွေ ပြုလုပ်လို့ မရပါဘူး၊ အလုပ်ရှင်နဲ့ အလုပ်သမား EC စာချုပ်မှာ တိတိကျကျ ပြဌာန်းထားပါတယ်။ စူပါ၊ လီတာ မှ မဟုတ်ပါဘူး မန်နေဂျာ၊ ပိုင်ရှင်၊ တက္ကနစ်ရှင်စတဲ့ ဘယ်သူကမှ အလုပ်သမားကို ဆဲဆို အော်ဟစ် ခိုင်းစေလို့ မရပါဘူး” လို့  ပြောပါတယ်။

  • လုပ်ငန်းခွင်အတွင်း ဆဲဆိုတာ၊ အဓမ္မ ခိုင်းစေမှုလား၊ ခွဲခြားဆက်ဆံမှုလား။

လုပ်ငန်းခွင်အတွင်း ဆဲဆိုတာဟာ ခွဲခြားဆက်ဆံမှုလို့ ပြောနိုင်ပြီး လုပ်ငန်းခွင်အတွင်း ဖိအားဖြစ်စေတယ်လို့လည်း ပြောဆို STUM တာဝန်ရှိသူက ပါတယ်။

မိဘ ဆွေမျိုးနဲ့ အကိုအမတွေက ပြောဆိုဆုံးမတာတွေ ရှိပေမယ့် ရုန့်ရင်း ကြမ်းတမ်းတယ်လို့ မြန်မာနိုင်ငံသားတွေသတ််မှတ်ထားတဲ့ စကားလုံးတွေနဲ့  ဆဲဆိုအော်ဟစ် ပြောဆိုတာ မခံရဘူးတော့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုရှိခဲ့တာကို မလွင်စန်းက အခုလို ပြောပါတယ်။

“နောက်နေ့တော့ အမတွေက ချော့ခေါ်လို့ စက်ရုံကိုလာခဲ့ပေမယ်၊ ကြောက်နေတယ်၊ လူတွေဝိုင်းကြည့်နေ ကြလား၊ နောက် ကိုယ် အသုံးမကျသလို ခံစားရတာ၊  အလုပ် လုပ်ဖို့လည်း  ယုံကြည်မှု ပျောက်ခဲ့တယ်” လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်ထဲ စက်မှုဇုန်တွေ စပြီး မတည်ဆောက်မီကတည်းက အခြေကျနေထိုင်ခဲ့ကြတဲ့ မလွင်စန်းက တော့ ဆံပင်အနည်းငယ်ရှည်ရှည် ခပ်ပိန်ပိန် ဖြစ်ပေမယ့် ကျန်းမာရေးကောင်းမွန်သူလို့ ပြောပါတယ်။

စက်ရုံ အတွင်း ဆဲဆိုခိုင်းစေမှုတွေမြင်ရ ကြားရတာဟာ စိတ်ဖိစီးမှု များပြီး အလုပ်ကို မပြီးစီး တာနဲ့ ကျန်းမာရေး ဆိုင်ရာ ချို့ယွင်းမှုတွေကိုလည်း ဖြစ်လာတယ်လို့ ရွှေပြည်သာစက်မှုဇုန််မှာ အထည်ချုပ်လုပ်သားအဖြစ် လုပ်ကိုင်နေသူ မမေဝင်းက ပြောပါတယ်။

“ကိုယ်ထက် အသက်ကြီးသူတွေ၊ တစ်ယောက် ယောက်ကို ဆဲဆိုတာမြင်ရတော့ စိတ်မချမ်းသာဘူး၊ အိမ်ပြန် ရောက်ရင် ထမင်းတောင်စား မဝင်ဘူး “ လို့ မမေဝင်းက ပြောပါတယ်။

  • စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ အပြင်းအထန် ခံစားရမယ်ဆို ဘာတွေဖြစ်လာနိုင်သလဲ။

PTSD (Post-Traumatic Stress Disorder ဆိုတာ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ အပြင်းအထန် ခံစား ရဖူးတာ၊ အန္တရာယ်ရှိစေတဲ့ အခြေအနေတခုခုအတွင်းကျရောက်ပြီး စိတ်တုန်လှုပ်ခြောက်ခြားဖူးတာ စတာ တွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်) အဆင့်ထိ မရောက်မီ မိမိယုံကြည်ရသူ၊မိမိရဲ့ ခံစားချက်တိုင်းကို လက်ခံနားလည်ပေးတဲ့ လူတစ်ယောက်ဆီမှာ ဒီအကြောင်းတွေကို ရင်ဖွင့်ပြောဆိုတာမျိုး၊ မိမိကိုယ်မိမိ နှစ်သိမ့်တာမျိုးတွေ၊ ကောင်းတဲ့စကားတွေကို မိမိကိုယ်မိမိ ပြန်ပြောပေး တာမျိုး၊ ဒါမှမဟုတ် မိမိကိုယ် ချီးကျူးပေးတဲ့ ပတ်၀န်းကျင်တစ်ခုမှာနေပြီး စိတ်ပိုင်းဆိုင် အထောက်အပံ့ ဖြစ်စေဖို့ (affirmation) တွေကနေ နှစ်သိပ်ဆွေးနွေး Healing လုပ်တာမျိုးတွေ လုပ်နိုင်တယ်လို့  Talk With Me အဖွဲ့အစည်း တာဝန်ရှိသူက ပြောပါတယ်။

“အချိန်တစ်ခုကြာတဲ့အထိ အဆူခံ၊ အအော်ခံရတဲ့ ဖြစ်ရပ်ကနေ Overcome မလုပ်နိုင်ဘူးဆိုရင်တော့ Counsellor၊ Therapist တွေနဲ့ တွေ့ပြီး ကုထုံး Therapy တစ်ခု ယူတာမျိုးအပြင်၊ အိပ်မပျော်တဲ့အထိ အိပ်မက်ဆိုးတွေ မက်တာတို့၊ past eventတစ်ခုတုန်းက ဖြစ်ခဲ့တဲ့အသံတွေကို ကြားယောင်တာ၊ လှုပ်ရှားမှုတွေကို မြင်ယောင် တာမျိုးတို့ ဖြစ်နေတယ်ဆိုရင်တော့ Psychiatrist တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်ပြီး အကူအညီတစ်ခု ယူကိုယူရပါမယ်။” လို့လည်း အကြံပေးထားပါတယ်။

မညှာတာ၊ ခြိမ်းခြောက်မယ့် အာဏာနဲ့ စိတ်ထားရှိတဲ့ တိုင်းပြည် ဒါ့မှမဟုတ် ပုဂ္ဂိုလ်တစ်ဦးချင်းက အလုပ်သမား တွေကို အလုပ်ဝန််ဆောင်မှုတို့ကို အတင်းအကြပ်ခိုင်းစေတဲ့အခါ အဓမ္မခိုင်းစေမှု ဖြစ်ပေါ်လာတယ်လို့လည်း ၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့  မြန်မာအလုပ်သမား ဥပဒေအပေါ် ILO ရဲ့ လမ်းညွှန်မှု စာတန်းမှာ ဖော်ပြခဲ့ပါတယ်။

ဆဲဆို အော်ဟစ်ခိုင်းစေတာတွေဟာ အလုပ်ကို ဖိအားခိုင်းစေတာတင်မဟုတ်ဘဲ အဓမ္မခိုင်းစေတာ ဖြစ်တယ်လို့ (STUM)  က တာဝန်ရှိသူက အခုလို ပြောဆိုပါတယ်။

“ဆဲဆိုတယ်ဆိုတာ အဓမ္မခိုင်းစေတာလည်းမြောက်ပါတယ်၊ ဆဲဆိုတယ်ဆိုတာက တွန်းတာ၊ တွန်းအားပေးတာ။ မပြီးသေးဘူးလား၊ မြန်မြန်လုပ် ဆိုပြီးတော့၊ တချို့ဆို အလုပ်သမားတွေကို တော်တော်ကို ပိုးစိုးပက်စက် ပြောတာ ခံရပါတယ်” လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC နဲ့ဓနအဖွဲ့အစည်းတို့က မြန်မာနိုင်ငံမှာ လေးစားမှုရှိတဲ့ လုပ်ငန်းခွင်ဆိုင်ရာ သုတေသန စာတန်းထုတ်ပြန်ချက်မှာ ရုန့်ရင်းကြမ်းတန်းတမ်းတဲ့ ရိုင်းပြစော်ကားတာ၊ စိတ် အနှောင့်အယှက်ဖြစ်စေတဲ့ စကား အသုံးအနှုန်းနဲ့ တရားနည်းလမ်းမကျတဲ့ ဝေဖန်တာ၊ အပြစ်တင်တာတွေကို လုပ်ငန်းခွင်နိုင်ထက်စီးနင်းခြင်းလို့ သတ်မှတ်ထားပါတယ်။

စက်ရုံတချို့မှာ ကြမ်းတမ်းစွာ ဆဲဆိုတဲ့အပြင် ကိုယ်ထိလက်ရောက် အပြုအမူတွေလည်း ရှိတယ်လို့ အထည်ချုပ် လုပ်သား အမျိုးသမီးတွေက ပြောပါတယ်။

“ကျမတို့ စက်ရုံက အောစူပါ ဆိုရင် အထည်တွေ၊ ချည်လုံးတွေနဲ့ ပစ်တာ၊ ဖိုင်နဲ့ ပစ်တာတွေ တောင်ရှိတယ်” လို့ အထည်ချုပ်လုပ်သက် ၂ နှစ်ရှိပြီဖြစ်တဲ့ မစန်းစန်းမြင့်က ပြောပါတယ်။

  • လုပ်ငန်းခွင် ပျော်ရွင်မှု မရှိရင် ကုန်ထုတ်လုပ်မှုနဲ့ အရည်သွေးကို ထိခိုက်။

“ လုပ်ငန်းခွင်ပျော်ရွှင်မှု မရှိတော့တာကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်လာပြီး အာရုံစူးစိုက်မှု လျော့နည်းလာ တတ်ကြပါတယ်။ အာရုံစူးစိုက်မှုလျော့နည်းလာတာကြောင့် productive မဖြစ်တော့ဘဲ ကုန်ပစ္စည်းရဲ့ အရည်အသွေး ကို ထိခိုက်လာနိုင်ပါတယ်။ လုပ်သားတိုင်းက အဆူခံရနေတာမျိုးဆိုရင်တော့ ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်လာပါတယ်။” လို့ Talk With Me အဖွဲ့အစည်း တာဝန်ရှိသူက ပြောပါတယ်။

နိုင်ထက်စီးနင်းပြုလုပ်တာနဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာတွေကြောင့်  အလုပ်ခွင်ကနေ ဝေးကွာတာ  ဒါမှဟုတ် စိတ်ပျံ့လွင့်တာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ‌အနေနဲ့ ထုတ်လုပ်မှုစွမ်းအား ခန့်မှန်းခြေ (၁၄) % ခန့် နှစ်စဉ် ဆုံးရှုံးနေတယ်လို့လည်း IFC နဲ့ ဓနအဖွဲ့အစည်းတို့ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လေးစားမှုရှိတဲ့ လုပ်ငန်းခွင်ဆိုင်ရာ သုတေသန စာတန်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းခွင် ဆဲဆိုခိုင်းစေမှုတွေရဲ့ အဓိက တာဝန်ရှိသူက စက်ရုံပိုင်ရှင်တွေဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် လူသား၊ စက်ပစ္စည်းတွေကို အမြဲကြည့်ရှုဖို့ တာဝန်ရှိတယ်လို့လည်း STUM တာဝန်ရှိသူက ပြောပါတယ်။

“ပိုင်ရှင်မှာ တာဝန်ရှိတယ်။ အောက်မှာဖြစ်တဲ့ကိစ္စကို ပိုင်ရှင်က သိရဲ့နဲ့ ခိုင်းတာလားပေါ့။ အလုပ်တခုပြီးမြောက်ဖို့ ဆိုရင် မဆဲ မဆိုပဲ ခိုင်းလို့ရတယ်။” လို့ ပြောပါတယ်။

Photo - အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တခု By Myanmar Labour News
  • တိုင်ကြားခဲ့တဲ့ အရေအတွက် ဘယ်လောက်ရှိလဲ။

လုပ်ငန်းခွင်အတွင်းဆဲဆို ခိုင်းစေ နိုင်ထက်စီးနင်းပြုလုပ်လို့ တိုင်းကြားတာနဲ့ ပတ်သတ်ပြီး ၂၀၁၇ ခုနှစ်က ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း EMReF  က ပြုလုပ်တဲ့ သုတေသန စာတန်းမှာ ဖြေကြားသူ ၄၉ ဦးထဲက ၁၇ ဦးက အကူ အညီတောင်းခံခဲ့တယ်လို့ ဖော်ပြပါတယ်။

အကူအညီတောင်းခံခဲ့သူတွေ တစ်ဝက် ကျော်က  လိုင်းမန်နေဂျာထံ သွားရောက်တိုင်တန်းခဲ့သလို ကျန်သူတွေကတော့ အလုပ်သမားသမဂ္ဂ ကိုယ်စား လှယ်ဆီ တိုင်တန်းခဲ့ တယ်လို့ လည်း သိရပါတယ်။ 
“စက်ရုံမှာတော့ တိုင်လို့တော့ရတယ်။ ဒါပေမယ့် စက်ရုံပိုင်ရှင် အတွင်းရေးမှူးကိုယ်တိုင်က ဆဲဆိုနေတော့ မန်နေဂျာကို တိုင်လို့လည်း တိုင်တဲ့သူပဲ ပြဿနာဖြစ်မှာ ဆိုတော့ တိုင်တဲ့အဆင့်ကို မရောက်တော့ဘူး” လို့ ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ် စက်ရုံမှာ လုပ်ကိုင်နေတဲ့ မမေဝင်းက( အမည်လွှဲ) က ပြောတယ်။

စစ်ကောင်စီက အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ သမဂ္ဂတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွင်းတာတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို တရားမဝင်အဖွဲ့အစည်း အဖြစ် ကြေညာခဲ့တာကြောင့်  စက်ရုံ အတွင်းက အလုပ်သမားအတွက် အကူအညီတောင်းခံနိုင်ဖို့ အခက်အခဲ ပေါင်းစုံ ရှိနေတယ်လို့ လည်း စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

ဆဲဆိုတာနဲ့ အလုပ်သမားအခွင့်အရေး ဖေါက်ဖျက်လို့  အလုပ်သမားရုံးကို တိုင်းတန်းတာတွေရှိပေမယ့် တိုင်တဲ့သူကို စက်ရုံဘက်က ဖိနှိပ်တာကြောင့် တိုင်တန်းတာတွေမလုပ်ကြတော့ဘူးလို့ ပြောပါတယ်။

“တိုင်တဲ့သူတွေ သွားတိုင်ကြတာပဲ၊ စက်ရုံတာဝန်ရှိသူတွေလည်း အလုပ်သမားရုံးသွားတွေ့ပြီး ပြန်လာရင်၊ စက်ရုံထဲမှာ အဆင့်ဆင့် ပြောဆိုပြီး နောက်ဆုံး တိုင်တဲ့သူတွေဆီ ပြန်ရောက်လာတယ်၊ နည်းအမျိုးမျိုးနဲ့ တိုင်တဲ့ သူတွေကို ဖိနှိပ်တော့တာပါပဲ” လို့ မစန်းစန်းမြင့် က ပြောပါတယ်။

စက်ရုံအတွင်း ဆန္ဒပြဖို့ စီစဉ်သူ ၁၀ ယောက် ကျော်ကို လျော်ကြေးပေး ထုတ်ပစ်လိုက်တာကို မြင်တွေ့ခဲ့ ရတယ် လို့ လည်း မစန်းစန်းမြင့်ကပြောပါတယ်။  

ဆဲဆိုမှုတွေကို တခြားနည်းလမ်းဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်သမားတွေ မှာလည်း အခက်အခဲတွေရှိနေတယ်လို့ STUM တာဝန်ရှိသူက အခုလို ပြောပါတယ်။

“အလုပ်သမားတွေက အရမ်းခံနိုင်ရည်ရှိတယ်။ ပြီးတော့ အရှည်တွေ မဖြစ်ချင်ကြဘူး။ မြန်မာနိုင်ငံရဲ့ တရားစီရင် ရေးကလည်း တရာမမှုနစ်နာကြေးပဲဖြစ်ဖြစ် ၊ ဆဲမှုဆိုမှု တစ်ခုခုနဲ့ တရားစွဲကြည့်လိုက်။ တရားရုံးအတွက် အချိန်် တွေအကြာကြီး သုံးရတယ်။ အလုပ်သမားက အဲဒီစက်ရုံမှာ မလုပ်တော့ဘူးဘဲထား ၊ရုံးချိန်းတိုင်း ခွင့်ကယူရ တော့မယ်၊ ဒါဆို လုပ်ခလစာတွေက အဖြတ်ခံရတော့မယ်၊ ဒါနဲ့ဘဲ ထားလိုက်ပါတော့ ဆိုပြီး ဖြစ်သွားရော” လို့ ပြောပါတယ်။

စက်ရုံထဲမှာ ဆဲဆိုနေပြီ၊ ဖိအားတွေဖြစ်နေပြီ၊ ပြဿနာတွေဖြစ်နေပြီဆိုရင် ဖြေရှင်းဖို့လိုအပ်သလို ပြဿနာ ဖြစ်တိုင်း အလုပ်ထုတ်ဆိုရင်တော့ စက်ရုံတွေက အလုပ်သမားအသစ်တွေနဲ့ အမြဲအလုပ်လုပ်နေရမယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဆဲဆိုမှုတွေကို သည်းခံတာများလာရင် ဥပဒေလိုဖြစ်လာပြီး ဆဲလို့ရတယ် ဆိုတဲ့ စိတ်ဝင်သွားနိုင်တာမို့လို့ အလုပ်သမားထုကို ရှေ့တိုး စွန့်စားဖို့လိုတယ်လို့ ဆိုပါတယ်။

“ ဆဲရင် ပြန်တုန့်ပြန်မယ်၊ တုန့်ပြန်လို့ အလုပ်ဖြုတ်တယ်။ ဒီလိုလုပ်ရင် အာခံမယ်။ ဒီလိုမျိုးရှေ့ကို တဆင့်လောက် တိုးမယ်ဆိုရင်တော့ နောက်ဆို ဆဲဆိုတာတွေ လုပ်ရဲမှာ မဟုတ်တော့ဘူးပေါ့။ အခုတော့ ဆဲသမျှ ခံ၊ အာလုံးခံ၊ ငုံခံ၊ ခံနိုင် သမျှခံ၊  မခံနိုင်ရင် အလုပ်ထွက်ဆိုရင်တော့ အလုပ်သမား ရပိုင်ခွင့်တို့အခွင့်ရေးတို့ ဆိုတာတွေက ဘယ်မှာလဲ၊ ဘယ်အချိန်ကြမှ ရမှာလည်းဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးဖို့ လိုလာပြီ ” လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ရုန့်ရင်းကြမ်းတမ်းဆိုဆဲတာတွေကို ပြဿနာတစ်ခုလိုမြင်နိုင်ဖို့လိုပြီး ဒီလိုမြင်နိုင်မယ်ဆိုရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှိနေတယ်လို့လည်း STUM တာဝန်ရှိသူက ပြောပါတယ်။

“ မဆဲမဆိုပဲနဲ့ အလုပ်တွေပြီးမြောက်သွားကြတာတွေလည်း ရှိပါတယ်။ နောက် နှစ်ဖက် နားလည်မှုဖလှယ် တာတွေ လည်း လုပ်လို့ရပါတယ်။ ပွဲတွေဖန်တီးပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းတာတွေ လုပ်လို့ရတယ်။ အဓိကကတော့ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်ဖို့ပါပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လက်ရှိ နိုင်ငံတဝန်းအထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးနဲ့ လည်ပတ်နေတယ်လို့ စစ်ကောင်စီ သတင်းစာက ဖော်ပြခဲ့ ပေမယ့် အထည်ချုပ်လုပ်သားတွေ အတွက်တော့ အလုပ်အကိုင်အတွက် စိန်ခေါ်မှုတွေရှိနေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလထဲ အထည်ချုပ်စက်ရုံ ၂ ရုံ ယာယီ ပိတ်ခဲ့တာကို Myanmar Labour News က မှတ်တမ်း တင်ထား နိုင်ခဲ့ပြီး အော်ဒါရရှိမှု အခြေအနေ ကြောင့် သီတင်းကျွတ်ရက်ရှည်ပိတ်ပြီး စက်ရုံ လူလျှော့ တဲ့  အထည်ချုပ် စက်ရုံတချို့လည်းရှိ နေပါတယ်။  

လက်ရှိ လုပ်ငန်းခွင်းတွင် ဖိနှိပ်မှု ချိုးဖေါက်မှုတွေကို တိုင်းကြား ဖို့ဆိုတာထက် အလုပ်ကိုင်မြဲရေးနဲ့  အထည်စံချိန် ပြည့်ဖို့ကို အာရုံစိုက်နေရတယ်လို့  မစန်းစန်းမြင့်က စကားသံ ခပ်နိမ့်နိမ့် နဲ့  ပြောပါတယ် ။

“အလုပ်ထဲမှာ ဘယ်လိုပဲ ကြမ်းကြမ်းတမ်းတမ်းပြောပြော သည်းခံနေရတယ်၊ ကိုယ့် အလုပ်ကို အာရုံစိုက်၊ အလုပ်ဖြုတ်တဲ့ အထဲ ကိုယ်မပါဖို့ အထည်စံချိန်ပြည့်အောင် ချုပ်နေရတာပါပဲ။ အလုပ်ရှားတော့ တခြားပြောင်း လုပ်ဖို့ကို မစဉ်းစားနိုင်ဘူးလေ” လို့ ပြောကြားပြီး ကလေးနှစ်ယောက်အတွက် ဟင်းထမင်းထုတ်ဆွဲကာ နေအိမ်ဆီ ခပ်သွက်သွက် ကလေးထွက်သွား ပါတယ်။
MyanmarLabourNews
Photo-MartjeTheuws , SOMO (ပုံဟောင်း)


Related posts

Cover
Diamond Rental Myanmar Co.ltd အလုပ်သမားတဦးမှ ပေးစာ
Nov 22, 2024
Cover
လျှံဖ Lianfa အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုလုပ်ကိုင်ပေးရသည့်အပြင် အောလင်းဆင်းခိုင်း
Nov 20, 2024
Cover
အာဏာသိမ်း စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့်အရေးယူရန် အလုပ်သမားအစုအဖွဲ့တွေ ကြိုးပမ်း
Nov 20, 2024
Cover
လုပ်ငန်းခွင်အတွင်း ဥပဒေချိုးဖောက်မှုများကို ဝန်ကြီး ဌာနနှင့် အလုပ်ရှင်ပူးပေါင်းပြီး ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်ခဲ့
Nov 20, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
မသန့်ရှင်းသည့်ရေများကို အလုပ်သမားများ သောက်သုံးနေရ
Nov 18, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024