ထိုင်းနိုင်ငံ အတွင်း တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးတာ မှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာအလုပ်သမား ၂သိန်းနီးပါး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေ ကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ လိုက်လံဖမ်းဆီးရာ ဇွန်လ ၅ ရက်မှ စက်တင်ဘာ ၁၉ ရက်နေ့ထိ ရက်ပေါင်း ၁၀၆ ရက် အတွင်းတရားမဝင်ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၅၆,၂၁၃ ဦးဖမ်းဆီးရမိတယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ နိုင်ငံအလိုက်အလုပ်သမား တွေထဲ မှာ မြန်မာအလုပ်သမား ၁၉၃,၄၃၀ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၃၉,၇၃၆ ဦး ၊ လာအိုအလုပ်သမား ၁၅,၂၈၁ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၆၂ ဦး နဲ့အခြားနိုင်ငံသားအလုပ်သမား ၇,၆၀၄ ဦးဖြစ်ကြတယ်လို့သိရပါတယ်။
"အခုက စီမံချက်နဲ့ ဖမ်းတာ အပြင် ထိုင်းနိုင်ငံသား အချို့ရဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် အမြင် မကြည်လင်တာ တွေ ရှိတဲ့ အတွက် အနေထိုင် အသွားလာ အထူးကိုသတိထားနေရတယ် အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာတွေ မှာလဲ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ကိုယ့်နိုင်ငံပြန်ခိုင်းတဲ့ ထိုင်းနိုင်ငံသားတွေရှိသလို အချို့ထိုင်းနိုင်ငံသားတွေကလည်း ကျွန်တော်တို့မြန်မာနိုင်ငံအခြေနေ ကို စာနာမှု ရှိကြတဲ့သူတွေလည်း ရှိကြပါတယ် ကျွန်တော်တို့လည်း အခုလို စိုးရိမ်ထိတ်လန့်စွာ နဲ့ မနေချင်တော့ဘူး ကိုယ့်နိုင်ငံအမြန်ဆုံးအေးချမ်းပြီး ကိုယ့်အိမ်ကိုပြန်ချင်ပါပြီ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
စီမံချက် အတွင်း အဖမ်းခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေထဲ မှ မြန်မာအလုပ်သမား ၁၁၄၉ ဦး၊ လာအိုအလုပ်သမား ၂၅၇ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၂၅၉ ဦး ၊ဗီယက်နမ်အလုပ်သမား ၃၁ ဦး၊အခြားနိုင်ငံအလုပ်သမား ၁၃၄ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
အရေးယူရာ မှာလည်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိတဲ့အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အမျိုးအစားကို လုပ်ကိုင် တဲ့ အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီးနေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ
အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး ၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရမည် ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။