NEWS

လုံခြုံရေးကုမ္ပဏီတွေ လိုင်စင်လျှောက်ဖို့ စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဥပဒေ ထုတ်ပြန်

CoverLogo
70 Views

ပုဂ္ဂလိကလုံခြုံရေးဥပဒေကို စစ်ကောင်စီ အနေနဲ့ မနေ့ကဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်​ပြဋ္ဌာန်း လိုက်ရာ ပြည်တွင်းကလုံခြုံရေးကုမ္ပဏီ‌ တွေအနေနဲ့ လိုင်စင်လျှောက်ထားမှ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိတော့မယ်လို့သိရပါတယ်။ 

 

အဲ့ဒီ့ ဥပဒေရဲ့ သတ်မှတ်ချက်အရ လုံခြုံရေး ၁၀ ယောက်အထက် ခန့်မယ်ဆိုရင်  လိုင်စင်လျှောက်ထားဖို့လိုအပ်တဲ့အတွက်ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း  ဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ၆ လအတွင်း သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီကို ခွင့်ပြုမိန့်လိုင်စင်လျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

" ဥပဒေထုတ်ပြီး လိုင်စင်တွေလျှောက်ခိုင်းတယ်။လိုင်စင်ကဒီအတိုင်းလျှောက်လို့ရတာမဟုတ်ဖူး။ငွေစာရင်းပြခိုင်းတာ၊ အပ်ငွေထားခိုင်တာတွေနဲ့ရှိသေးတယ်၊ လုံခြုံရေးကုမ္ပဏီတွေတင်သူတို့ကရည်ရွယ်တာမဟုတ်ဖူး၊ ဘယ်ကုမ္ပဏီမဆို လုံခြုံရေးအရေအတွက် ၁၀ ယောက်ဖြစ်ရင်လိုင်စင်ရှိရမယ်လို့လည်းဆိုလို‌နေတယ်။အဓိကကတော့လုံခြုံရေးကုမ္ပဏီတွေကိုရည်ရွယ်တာပေါ့"လို့ ပြည်တွင်းကလုံခြုံရေးလုပ်ငန်းဝန်ဆောင်မှုပေးနေသူတစ်ဦးကပြောပါတယ်။ 

 

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ အနည်းဆုံး ကျပ်သိန်းတထောင်၊ နိုင်ငံခြားကုမ္ပဏီဆိုရင် ကျပ်သိန်း ၁၀၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရှိရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

 

ခွင့်ပြုမိန့်လိုင်စင် မရှိဘဲ ကိုယ်ပိုင်လုပ်ငန်း နဲ့ လုပ်ငန်းခွဲအတွက် လုံခြုံရေးဝန်ထမ်း ၁၀ ယောက်ထက် ပိုပြီး ခန့်ထားပါက တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း တစ်ရာမှ ကျပ်သိန်း ငါးရာအထိ  ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

 

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကိုလည်း လိုင်စင်မရှိဘဲ လုပ်ကိုင် ပါက အနည်းဆုံး   တနှစ်ကနေ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ခံရမယ့်အပြင် ငွေဒဏ် ကျပ်သိန်းတစ်ရာ အထိလည်း ချမှတ်ခံရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်း ဖြစ်ခဲ့ရင် ငွေဒဏ် အနည်းဆုံး ကျပ်သိန်းတထောင် ကနေ အများဆုံး ကျပ်သိန်း သုံးထောင်ထိ ချမှတ်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် လုပ်ငန်းလိုင်စင်ရရှိသူဟာ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ 

 

ထပ်မံပြီး ပုဂ္ဂလိကလုံခြုံရေးဥပဒေမှာပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေအနေနဲ့လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လည်း ပါဝင်ထည့်သွင်းထားရာ  လိုအပ်ချက်အရ လက်နက်၊ ခဲယမ်း   ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြပြီး သဘောထားရယူပြီး ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီက ဥပဒေထုတ်ကာအသိပေးထားတယ်လို့သိရှိရပါတယ်။ 

 


Related posts

Cover
အချိန်ပို ဖိအားပေးခေါ်ယူတာ အပြင် မိသားစုထံ ဆက်သွယ်အသိပေးခွင့် မပြုလို့ အခက်အခဲဖြစ်
Feb 21, 2025
Cover
လုပ်အားခခေါင်းပုံဖြတ်မှုကို တိုင်ကြားသော် လည်း စက်ရုံဘက်က တာဝန်ယူမှုမရှိ
Feb 21, 2025
Cover
Str‌aightex Co.Ltd စက်ရုံ တနင်္ဂနွေနေ့ ရက်အစား ခြိမ်းခြောက် ဆင်းခိုင်း
Feb 21, 2025
Cover
HC အထည်ချုပ်စက်ရုံ မတရား လုပ်ခ ခေါင်းပုံဖြတ်
Feb 20, 2025
Cover
စစ်အာဏာသိမ်းခဲ့သည့် လေးနှစ်အတွင်း နေရပ်စွန့်ခွာသူ ၃ဒသမ ၅သန်းကျော် ခန့်ရှိပြီး စံချိန်တင်မြင့်တက်လာ
Feb 20, 2025
Cover
အလုပ်နှင့်သက်ဆိုင်မှု မရှိသည့်တာဝန်များကို ခိုင်းစေသည့်အပြင် အလုပ်သမားများ ရရှိသည့်ဘောနပ်ကြေးကို အကြောင်းမဲ့ ဖြတ်တောက်နေ
Feb 20, 2025
Cover
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုမှုပြုလုပ်
Feb 19, 2025
Cover
ILO ပုဒ်မ (၃၃) နဲ့ အရေးယူမခံရရေး စစ်တပ်ချုပ် ကိုင်ထားသူအချို့ လှုံ့ဆော်ရန်ကြိုးပမ်းနေ
Feb 19, 2025