NEWS

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဘာတွေဆက်ဖြစ်မလဲ

CoverLogo
209 Views

“အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ ဖမ်းဆီးခံထားသူတွေကို NUG အစိုးရ နဲ့ မဟာမိတ်များထံ လွှဲပြောင်းရယူရေးများ အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနဘက်က ထိုင်းအစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့  အသင့်ရှိနေပါတယ်”

လတ်တလော ဖမ်းဆီးခံရမှုမြင့်တက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဆက်သွယ်မေးမြန်းချက် 

၁။ ထိုင်းနိုင်ငံကို အထောက်အထားမဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာတွေ လမ်းခုလတ်မှာ ဖမ်းဆီးခံရမှုတွေ စိတ်လာပါတယ်။ အရေအတွက်လည်း များသလို တစ်ဦးကို ဘတ် သောင်းနဲ့ချီ ပွဲစားကိုပေးပြီး ဝင်လာနေကြတာဖြစ်ပြီး  ဖမ်းဆီးခံရတာကြောင့် နစ်နာမှုတွေ ဖြစ်နေပါတယ်။ အဲ့ဒီလို အထောက်အထားမဲ့ ဝင်ဖို့ ကြိုးပမ်းနေတာ နဲ့ပတ်သက်ပြီး ဘာများ သတိပေးချင်ပါသလဲ။ 

အရင် အခြေအနေ ကတည်းက ထိုင်းဘက်ကို တရားဝင်လမ်းကြောင်းက ဝင်ရောက်တာ မဟုတ်ရင် ဖမ်းဆီးမှုတွေ အမြဲတမ်းရှိခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြည်တွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးစုံနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ပြည်ပထွက်ခွါသူ အထူးသဖြင့် ထိုင်းနိုင်ငံကို တရားမဝင်ရော တရားဝင်ပါ လာရောက်သူ ပိုများလာပါတယ်။ 

အဓမ္မစစ်မှုထမ်းဥပဒေ ထွက်လာပြီး နောက်ပိုင်း အသက် ၁၈ မှ ၃၅ နှစ်အတွင်းလူငယ်တွေကို ပြည်ပထွက်ခွင့်ပိတ်လိုက်တော့ တရားမဝင် နည်းလမ်း တခုကိုပဲ မဖြစ်မနေ ရွေးလာရပါတယ်။ ထိုင်းဘက်မှာလည်း ထိုင်းမြန်မာနယ်စပ် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို ပပျောက်ဖို့ ၂၀၂၅ မှာ စလုပ်လာတော့ တရားမဝင်ဝင်ရောက်မှုကို ဖမ်းဆီးတာ ပိုများလာပါတယ်။ 

ခိုင်မာမှု ဘာမှမရှိလို့ ဒီလို အထောက်အထားမဲ့ ဝင်ရောက်မှုမျိုး ဒီကာလတွေမှာ မလုပ်သင့်ပါဘူး။ ပိုက်ဆံဆုံးရှုံးသလို ဖမ်းမိရင်လည်း စစ်ကောင်စီလက်ကို ပြန်အပ်တာမျိုး ထိုင်းအာဏာပိုင်တွေကလုပ်နေလို့ မိအေး ၂ ခါနာ ဖြစ်ပါမယ်။ 

၂။ ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့သူတွေ ပိုက်စိတ်တိုက် ဖမ်းဆီးခံ ရတာလည်း မြင့်တက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောကြားလိုပါသလဲ။

ထိုင်းနိုင်ငံတွင်းမှာနေရင် အထောက်အထားတစ်ခုခုရအောင် လုပ်ထားဖို့ လိုအပ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ အသိပေးထားပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား အရေးဆောင်ရွက်သူတွေလည်း သူတို့ ကျွမ်းကျင်ရာ media channel အသီးသီးကနေ သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရောက်လာသူတွေက ပြည်တွင်းကနေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ဖို့ အတွက် ငွေကုန်ကြေးကျ အတော်များများသုံးလိုက်ရလို့ အထောက်အထားတွေ ဆက်မလုပ်နိုင်တဲ့ အခြေအနေက လက်တွေ့မြေပြင်အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပေမဲ့ အောင်မြင်မှု မရှိသေးပါဘူး။

အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မလေးရှား၊ အခြားနိုင်ငံတွေထဲကို  မြန်မာပြည်ဖွားတွေ အထူးသဖြင့် စကစရဲ့ စစ်အကြမ်းဖက် ဥပဒေထွက်လာပြီးအချိန် ပိုတိုးပြီး ဝင်ရောက် လာတာ ရှိပါတယ်။ 

ယခုအချိန်မှာ ထိုင်းရဲ့ တိုင်းပြည်ထဲ ရောက်နေသူတွေအားလုံး တပြေးထဲ အလုပ်လာလုပ်သူများ အဖြစ် ထားပြီး အလုပ်သမား သတ်မှတ်ပြီး လက်ရှိအလုပ်သမားကတ်ရှိသူတွေကို အလုပ်သမား ၊ အလုပ်သမားကတ် မရှိသူတွေကို တရားမဝင် အလုပ်သမား တရားဝင် နေထိုင်နေသူများ အဖြစ်သတ်မှတ် ဖမ်းဆီး ပြန်ပို့ထားတွေ ရှိနေကြောင်း ကြားသိနေရပါတယ်။

ဒီနေရာမှာအထူးပြောကြားလိုတာက စကစရဲ့ စစ်အကြမ်းဖက်မှုဥပဒေကြောင့်၊ စကစရဲ့ ကြမ်းကြုတ် ရက်စက်မှု အမျိုးမျိုးနှင့် စကစရဲ့ မိသားစု အပေါင်းအပါကောင်းစားရေးအတွက် စီးပွါး ဂုတ်သွေးစုပ်မှု တွေကြောင့် မြန်မာ ပြည်တွင်းမှာ စီးပွါးရေး ချွတ်ချုံကျ ထိခိုက်လာမှုကြောင့် ထိုင်းနဲ့ အခြားနိုင်ငံတွေကို ခိုဝင်လာကြတဲ့နေရာမှာ ထိုင်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက သေသေခြာခြာစီစစ်ပြီးလိုအပ်သလို အကူအညီတွေပေးဖို့  လိုအပ်ပါတယ်။

ဥပမာ. မကြာသေးမီက ထိုင်းလွှတ်တော်အမတ်တစ်ဦး လွတ်တော်မှာ ဆွေးနွေးတင်ပြသလို

စကစရဲ့ မတရားဥပဒေတွေကြောင့် စစ်ပွဲတွေကြောင့် မြန်မာပြည်ကနေ ထိုင်းထဲ ထွက်ပြေးတိမ်းရှောင် လာသူတွေကို ထိုင်းအနေနဲ့ သေခြာစီစစ်ပြီး၊ မိမိတို့ NUG အစိုးရ၊ UNHCR လို International Redcross လို အခြား အဖွဲ့အစည်းတွေနဲ့ စနစ်တကျ အဖြေရှာပြီး အကူအညီ အကာအကွယ် စောင့်ရှောက်ဘို့ ကူညီဘို့ လိုအပ်ပါတယ်။ 

မြန်မာပြည်က ထိုင်းအတွက် အလုပ်လာလုပ်တဲ့  အလုပ်သမားတွေအတွက် လွယ်လွယ်ကူကူ အလုပ်သမား ကတ်တွေ ပြုလုပ်နိုင်ရေး ဖြေလျှော့ စဉ်းစားပေးဘို့လိုအပ်ပါတယ် ထိုင်းအစိုးရနဲ့အတူ မြန်မာပြည်သားတွေ အလုပ်သမားတွေအတွက် အကောင်းဆုံးအဆင်ပြေရေးအတွက် လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု့ဆောင်ရွက်ဘို့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ အလုပ်သမား ဝန်ကြီး ဌာန က အဆင်သင့်ရှိပါတယ်။

၃။ မြန်မာနိုင်ငံရေးအခြေအနေကြောင့် အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းခိုလှုံကြတာမှာ အိမ်ရှင် ထိုင်းနိုင်ငံသားတွေ ရဲ့ စိုးရိမ်ပူပန်မှုကို မြင့်တက်စေပါသလား။ ဒီအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ထိုင်းနိုင်ငံသားတိုင်း မဟုတ်ပေမဲ့ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ အိမ်ရှင် ထိုင်းနိုင်ငံသားတွေ ရဲ့ စိုးရိမ်ပူပန်မှု ၂၀၂၄ လောက်ကစပြီး မြင့်တက်လာပါတယ်။ တဖက်ကလည်း ဒီလိုဝင်ရောက်လာသူတွေ ကြောင့်ပဲ ထိုင်းနယ်စပ်မြို့တွေ မှာ အခြေခံအဆောက်အအုံတွေ၊ စီးပွါးရေးတွေ ဖြစ်ထွန်းနေတာလည်း ထင်ထင်ရှားရှားတွေ့မြင့်နိုင်ပါတယ်။ အိမ်ရှင်ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခက်အခဲ ကို အများကြီးနားလည်မှုရှိကြပါတယ်။ 

ဒါပေမဲ့ ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေ ကလည်း သူတို့ရဲ့ ရေရှည်ရပ်တည်မှုအတွက် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီမှ ထောက်ထောက်ခံခံမရတော့ ကိုယ်တိုင်အားထုတ်ကြရပါတယ်။ မည်သို့ပင်ဆိုစေ ကိုယ်တွေက ထိုင်းနိုင်ငံ ဥပဒေတွေကိုတော့ လိုက်နာဖို့လိုသလို ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးအလေ့အထတွေကိုလည်း အလေးထားဖို့ လိုပါမယ်။

၄။ ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ရင် ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်နေပါသလဲ။ ဖမ်းပြီး စစ်ကောင်စီ လက်ထဲပြန်ပို့တယ်ဆိုတာ ဟုတ်ပါသလား။ ဖမ်းဆီးခံရပြီးရင် နောက်ဆက်တွဲဘာတွေ ဆက်ဖြစ်ပါသလဲ။

ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဥပဒေအရ အရေးယူပြီးရင် မြန်မာပြည်ပြန်ပို့တာကတော့ ယခင်ကတည်းကရှိတဲ့ လုပ်ငန်းစဉ်ပါပဲ။ အခု ဆိုးရွားတာကတော့ စစ်ကောင်စီက ဒီလိုဒုက္ခရောက်ပြီး မိခင်နိုင်ငံပြန်လာသူတွေကို အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းရေး တပ်တွေကို ချက်ချင်းပို့နေပါတယ်။ အဲ့ဒီကတဆင့် စစ်သင်တန်းပို့ပြီးရင် ရှေ့တန်းကို ချက်ချင်းပို့ပြီး လူသားဒိုင်းအဖြစ် သုံးတာတွေကို ခံနေကြရပါတယ်။  အချို့မိသားစုဝင်တွေက ဒီလိုအခြေအနေကို ရှောင်ရှားဖို့ စစ်တပ်ကို ငွေတွေ မတရား ပေးဆောင်နေရတာတွေလည်း ရှိပါတယ်။ 

၅။ စစ်မှုထမ်း လိုအပ်ချက်ကြောင့် ရွှေ့ပြောင်းလုပ်သားတွေကို ပိုက်စိပ်တိုက်ဖမ်းဆီးပြီး ပြန်လည် ခေါ်ယူနေတာလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါကို ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရအနေနဲ့ ဖြေရှင်းဖို့ လိုအပ်မယ်လို့ မြင်ပါသလား။ 

ဖြစ်နိုင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်တွေ အင်းအား နည်းပါးလာတဲ့ အခြေအနေမှာ ဒီအဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အဓမ္မစစ်မှုထမ်းခိုင်း နေတာက မြန်မာဘက်က အခြေအနေဖြစ်ပါတယ်။ 

ထိုင်းအစိုးရအနေနဲ့ သတိထားသင့်တာက စစ်ကောင်စီဟာ မကြာခင်မှာ အလုပ်လုပ်နေတဲ့ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်မှု ကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကနေ့ အရေးယူခံရတော့မဲ့သူ၊ လူမျိုးတုန်း သတ်ဖြတ်မှုကြောင့် ICJ ရဲ့ ဖမ်းဝရမ်းအထုတ်ခံထားရသူ၊ မြန်မာပြည်သူတရပ်လုံး လက်ရှိ ခံစားနေရတဲ့ ဘေးဒုက္ခအပေါင်းရဲ့ တရားခံဖြစ်တယ်ဆိုတာပါပဲ။

အိမ်နီးချင်းနိုင်ငံများပီပီ အာဏာရှင် ကျဆုံးပြီး နောက်ပိုင်း မြန်မာပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ကြည့်တယ် ဆိုရင် မြန်မာပြည်သူတွေကို ကူညီရမယ့် အကောင်းဆုံးအချိန်ဆိုတာ သိစေချင်တယ်။ 

သိတဲ့အတိုင်းလည်း လုပ်စေချင်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ ERO တွေ နဲ့ ညှိနှိုင်းပြီး မိခင်နိုင်ငံ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံသွားမဲ့ အစီအစဉ်အကောင်အထည် ဖော်ဖို့ အဆင်သင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရကို အသိပေးထားပြီးဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းအစိုးရနဲ့ ထိုင်းအလုပ်ရှင် များကို ရှင်းပြတောင်းဆိုလိုတာကတော့ မြန်မာအလုပ်သမားများအတွက် တပူပေါ် နှစ်ပူဆင့် ကိစ္စမျိုး ရှောင်ရှား စေလိုတာပါ။ 

အနည်းငယ်သော တချို့ အလုပ်ရုံတွေမှာ စကစရဲ့ အကြမ်းဖက်စစ်ဥပဒေအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အသက်အရွယ်တွေ စားရင်းပေးဘို့ အလုပ်သမားတွေစာရင်းရဘို့ စာထုတ်တယ် လို့ သိရတဲ့ အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

ပြည်သူလူထုကတင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စကစ နဲ့ စကစရဲ့ မတရား ထုတ်ပြန်ထားမှုတွေကို အသိအမှတ်ပြုထားတာမရှိတဲ့ အပြင် စကစနဲ့ ပူပေါင်းဆောင်ရွက်နေသူ တွေကို တချိန်မှာ အခြေအနေပေးတဲ့ အခါမှာ ဥပဒေအရ တားဆီး အရေးယူသွားဘို့ ရှိပါတယ်။

အထက်က ရှင်းပြခဲ့သလို မြန်မာပြည်မှာ နေဘို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ဘဝတိုးတက်မှုများ အတွက် မြန်မာပြည်သားများက ထိုင်းရဲ့ အလုပ်အကိုင် စီးပွါးရေး တိုးတက်ဘို့ ကာယအား၊ ဉာဏအားတွေနဲ့ အချို့ဆို D သုံးလုံးလို့ခေါ်တဲ့ Dirty သာမန်ထိုင်းလူမျိုးများတောင် မလုပ်နိုင်တဲ ညစ်ပေ ကြမ်းတမ်းတဲ့ အောပ်ခြေသိမ်းအလုပ်မျိုး၊ Dangerous - အန္တရာယ် များလွန်းတဲ့ အလုပ်မျိုး Demanding/Difficult - အရမ်းအလုပ်များ ခက်ခဲလှတဲ့ အလုပ်မျိုးတွေ လုပ်ပြီး ထိုင်း စီးပွါးရေးကို ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် လုပ်ကိုင်နေတာ ထင်ရှားပါတယ်။ 

ဒီနေရာမှာ အကျိုးပြုနေတဲ့ အလုပ်သမားများကို အန္တရာယ် ဖြစ်အောင် တွန်းပို့တဲ့ အနေအထားမျိုးကို ထိုင်းအလုပ်ရှင်များ ရှောင်ရှားဘို့ ယခုလို ရှောင်ရှားနိုင်ဘို့ ထိုင်းအစိုးရက မြန်မာ အလုပ်သမားများကို ကာကွယ်စောင့်ရှောက် ဘို့ တိကျတဲ့ ဥပဒေချမှတ်ပေးဘို့ တောင်းဆိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းရဲ့ လုံခြုံရေးကြောင့် မဖြစ်မနေဆောင်ရွက်နေတဲ့ ကိစ္စမျိုးအတွက် ထိုင်းအစိုးရအပေါ် မိမိတို့ဘက်ကလည်း ကိုယ်ချင်းစာ နားလည်ရပါတယ်။

မြန်မာလုပ်သားများ မှတ်ပုံတင်ရေး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ ဖမ်းဆီးခံထားသူများ NUG အစိုးရ နဲ့ မဟာမိတ်များထံ လွှဲပြောင်းရယူရေးများ အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနဘက်က ထိုင်းအစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်း ဆောင်ရွက်ဘို့ အသင့်ရှိနေပါတယ်။

၆။ နောက်ထပ်တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရပ်တည်မှုကရော ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ မြင်ရပါသလဲ။ 

အမျိုးသားညီညွတ်ရေးအစိုးရကတော့ တော်လှန်ရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူ ထားတာနဲ့ အညီ ပြည်သူတွေနဲ့ တသားတည်းရှိတယ်။ ပြည်သူတွေကို တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကာကွယ် ကူညီဖို့ ကြိုးစားနေပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေက ပြည်သူတွေတင်မက ဒီတော်လှန်ရေးမှာ ရဲဘော်ရဲဘက်တွေလည်းဖြစ်ပါတယ်။ တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့ကူညီနေသူတွေ ဖြစ်ပါတယ်။ ပြဿနာကို တစ်ခုချင်းရှင်းသလို ပြဿနာရဲ့ အဓိကအရင်းအမြစ်ဖြစ်တဲ့ စစ်ကောင်စီ ကိုလည်း အမြစ်ပြတ် ချေမှုန်းဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ILO Convention Article 33 နဲ့ အမြန်ဆုံး အရေးယူမှု မကြာခင် လုပ်ဖို့ ရှိပါတယ်။

၇။ ဖြည့်စွက်ပြောကြားလိုပါသလားရှင့်။

စစ်အာဏာရှင်ကို တော်လှန်တာ ၄ နှစ်ကျော်လာတဲ့ အခြေအနေမှာ အောင်ပွဲကိုရှေ့ရှုပြီး တော်လှန်ရေး အစုအဖွဲ့တွေအားလုံး ပိုညီညွတ်ဖို့လိုသလို တော်လှန်နေသူ တစ်ဦးချင်းကလည်း စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ မဆုတ်မနစ် ကြိုးပမ်းကြရပါမယ်။ ဒါဟာ နောက်ဆုံးတိုက်ပွဲဖြစ်လို့ တော်လှန်သူတစ်ဦးချင်း တတ်နိုင်သမျှ အကောင်းဆုံးပါဝင်ဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင် အမြန်ဖြုတ်ချနိုင်ခြင်းကသာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ခိုင်မာစစ်မှန်တဲ့ အကာအကွယ်ပေးမှုကို လုပ်နိုင်မှာဖြစ်ပါတယ်။

ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။


Related posts

Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025
Cover
ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို
Apr 10, 2025
Cover
ခြေထောက်ရောင်ရမ်းနေသည့် အိမ်အကူအား လျှော်ကြေး သိန်းတရာနီးပါး အိုမန်နှင့် မြန်မာအေးဂျင့်တောင်း
Apr 09, 2025