အလုပ်သမားဝန်ကြီးဌာနက ပြည်ပကို စေလွှတ်တဲ့ လုပ်သားအင်အားစာရင်းကို စက်တင်ဘာလက စတင်ပြီး ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဆီက တောင်းခံနေတာကို Safe Migration ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလို စာရင်းရယူတာဟာ ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာဝင်ငွေကို အခွန်ကောက်ခံဖို့ ဖြစ်နိုင်တယ်လို့ အလုပ်သမားတွေက သုံးသပ်နေကြပါတယ်။
''သူတို့က ပြည်ပမှာ သွားအလုပ်လုပ်မယ့်သူစာရင်းကို သိပ်လိုချင်မှာပေါ့။ လစာကို အခွန်ကောက်ဖို့ပဲ စိတ်ဝင်စားနေတာလေ။ ပိုက်ဆံအလိမ်ခံရတာတို့၊ ဝန်ဆောင်ခ ပိုပေးနေရတာတွေကို ရှင်းပေးဖို့တော့ သူတို့သတိမရဘူး''လို့ ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိ ပြည်တွင်းကနေ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဂျော်ဒ န်၊ မကာအို အစရှိတဲ့ နိုင်ငံတွေကို အလုပ်သမား စေလွှတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်ပ လုပ်သားစေလွှတ်နေတဲ့အေဂျင်စီ (၄၈၂) ခု ရှိနေတာဖြစ်ပါတယ်။
''အခုက ထိုင်းနိုင်ငံမှာ ပေးရတဲ့အခွန်အခတွေကော ဒီဘက်ကို အခွန်ပြန်ပေးရတာတွေကော ဖြစ်လာတာ။ ပြောမယ်ဆို သူတို့ကို လုပ်ကျွေးဖို့ မိသားစု တကွဲတပြားနဲ့ လာလုပ်နေရသလို ဖြစ်နေတယ်။ နောက်ပြီးတော့ သူတို့ကို နိုင်ငံခြားငွေ တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်နေရတာကိုလည်း သဘောမကျဘူး''လို့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မစိုးစိုးက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ယူရာမှာ နိုင်ငံအလိုက် စေလွှတ်တဲ့ အလုပ်သမား အရေအတွက်ကို ပေးပို့ရတာဖြစ်ပြီး လုပ်သားပို့ဆောင်နိုင်တာ မရှိရင်လည်း တင်ပြရမယ်လို့ သိရပါတယ်။ ဒီလိုစာရင်းပေးပို့မှု မရှိတဲ့အေဂျင်စီတွေကို စေလွှတ်ရေး လုပ်ငန်းစဉ် စတင်ရပ်ဆိုင်းတဲ့ အရေးယူတာတွေ ရှိလာနိုင်တယ်လို့ safe migration က ဖော်ပြထားပါတယ်။
Photo- တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာလုပ်သားများ
#MyanmarLabourNews