ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လက်စမိုးပျံ တံတား သံတန်းလျား ပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား လေးဦး နဲ့ ထိခိုက်ဒဏ်ရာရသူမြန်မာအလုပ်သမားများ လက်ရှိ အချိန်ထိ နစ်နာကြေး မရရှိသေးဘူး လို့ AAC မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
နိုဝင်ဘာ ၂၉ရက် မနက် ၄နာရီ အချိန် ခန့်က ဖြစ်ပွားခဲ့ တာ ဖြစ်ပြီး တံတားပြိုကျမှုကြောင့် ထိုင်းနိုင်ငံသား၂ဦး နဲ့ မြန်မာအလုပ်သမားလေးဦး စုစုပေါင်း ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ဦး အတွက် နစ်နာကြေး အဖြစ် တစ်ဦး ကိုဘတ် ၁၀ သိန်းစီ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက် က ကျန်ရစ်သူမိသားစုတွေ ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
""ထိုင်းနိုင်ငံသား၂ဦး ကိုတော့ နစ်နာကြေးပေးလိုက်ပြီ မြန်မာအလုပ်သမား ၄ဦး နဲ့ထိခိုက်ဒဏ်ရာရရှိသူတွေ တော့ နစ်နာကြေး မရရှိသေးဘူး ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဥပဒေ အရ လို့ ပြောရမှာပေါ့ အခုထိ မိသားစု မှန်ကန်ကြောင်း စစ်ဆေးနေတုန်းပဲရှိသေးတယ် နစ်နာကြေး ရမယ်ဆိုရင် တော့ ထိုင်းနိုင်ငံသားတွေရသလို ဘတ် ၁၀ သိန်း ပေးမယ်လို့ ပြောတယ် မြန်မာအလုပ်သမား က တော့ သူတို့ထက် အစိုးရရဲ့ ပကန်စခွန်ကြေး ဘတ် ၁ သိန်းကျော် ပိုရမှာပါ""လို့ AAC မဟာမိတ်အဖွဲ့ မှ ဒါရိုက်တာ ဦးခိုင်ကြီး က MLN ကို ပြောပါတယ်။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ နစ်နာကြေး ရရှိရန် လိုအပ်တဲ့ နေထိုင်ခွင့် အထောက်အထား တွေကို ပထမအကြိမ် တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၈ ရက်နေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မိုးပျံတား ပြိုကျတဲ့ အတွက် မြန်မာအလုပ်သမား လေးဦးသေဆုံးခဲ့သလို ၃ ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အတွက် လမ်းမလျှောက် နိုင်တော့ဘူးလို့ သိရပါတယ်။
ယခု တံတား စီမံကိန်း အတွင်း ၂၀၂၄ ခုနှစ် နှစ်စပိုင်း မှာ လည်း မြန်မာအလုပ်သမား ယာဉ်မောင်းတစ်ဦး လုပ်ငန်းခွင်မတော်တဆ ဖြစ်မှု နဲ့သေဆုံးခဲ့ပါသေးတယ်။
#MyanmarLabourNews