NEWS

တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကို အသုံးချပြီး အလုပ်သမားတွေအပေါ်ဖိနှိပ်မှုပိုမိုဆိုးရွားလာ

CoverLogo
851 Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ အလုပ်သမားအရေးကြီးကြပ်နိုင်မှု အလွန်အားနည်းလာတဲ့နောက် ဥပဒေကို လက်တလုံးခြားလုပ်ကာ အလုပ်ရှင်တွေဘက်ကနေ အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေ ပိုမိုဆိုးဝါးလာတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။

အလုပ်ရှင်အတော်များများက အလုပ်သမားခေါ်ယူရာမှာ လခစားအနေနဲ့ ခေါ်ယူခြင်းမဟုတ်ဘဲ အစမ်းခန့်နေ့စားအနေနဲ့ခေါ်ယူလာကြတာဖြစ်ပြီး သုံးလခန့်ကြာပြီးတဲ့နောက်မှာ တရားဝင်လခစားဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိပဲ အကြောင်းအမျိုးမျိုးပြကာ အလုပ်ကနေ ရပ်ဆိုင်းလိုက်တာတွေဟာ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။

အစမ်းခန့်နေ့စားအဖြစ် ခေါ်ယူပြီးတဲ့နောက် လုပ်သက်ရလာပါက ဥပဒေအရ လခစားဝန်ထမ်းအဖြစ် တောင်းဆိုခွင့်ရှိတာဖြစ်ပြီး လခစားဝန်ထမ်းဖြစ်လာပါက ဥပဒေအရ ရသင့်တဲ့ အလုပ်သမားအခွင့်အရေးတွေကို ပေးရမှာဖြစ်တာကြောင့် အခုလို လုပ်ဆောင်လာကြတာဖြစ်‌တယ်လို့ ဆိုပါတယ်။

လခစားခန့်ထားတဲ့ ဝန်ထမ်းတချို့ကိုလည်း ရပ်ဆိုင်းပစ်တာရှိသလို ထပ်မံခေါ်ယူတဲ့ အလုပ်သမားတွေကို ‌အစမ်းခန့်နေ့စားအဖြစ်ခေါ်ယူကာ သုံးလခန့်အကြာမှာ အလုပ်အမှာစာမရှိကြောင်း အကြောင်းပြပြီး အလုပ်ကနေ တစ်ရက်ကြာကနေ တစ်ပတ်ခန့်ကြာသည်အထိ ရပ်ဆိုင်းပြီးမှ နေ့စားအလုပ်သမားအဖြစ်သာ ပြန်လည်ခေါ်ယူနေကြတာလို့ Myanmar Labour News ရဲ့ မေးမြန်းချက်တွေအရ  သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဆက်နွယ်နေတဲ့ အလုပ်သမားသမဂ္ဂ အများအပြားကို အကြောင်းအမျိုးမျိုးပြ နှိမ်နှင်းခံရတာ၊ အလုပ်ထုတ်ခံရတာတွေရှိလာတဲ့နောက် အလုပ်သမားအရေးကူညီဖြေရှင်းပေးသူတွေ အားနည်းလာပြီး နေ့စားအလုပ်သမားတွေရဲ့ အသံကိုတောင်းဆိုပေးနိုင်မှု အင်မတန်အားနည်းလာတာဖြစ်တယ်လို့ သိရပါတယ်။

STUM ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက"ကိုဗစ်ကာလလောက်ကဗျ၊ အဲ့သတင်းတွေစကြားရတာ၊ စကြားရတော့ ကျွန်မတို့က ဒါကို ဒီစက်ရုံထဲက အလုပ်သမားတွေကိုပေါ့နော်၊ အထူးသဖြင့် သမဂ္ဂရှိတဲ့သူတွေကို ဦးစားပေးပြီးတော့ တိုင်ခိုင်းတာ၊ အဲ့ဒီအခါမှာ ဘာဖြစ်လဲဆိုတော့ သမဂ္ဂရှိတဲ့သူတွေက အဲ့ဒီနေ့စားတွေရဲ့ အခွင့်အရေးကိုတောင်းဆိုရင်းနဲ့ပဲ အဲ့ဒီသမဂ္ဂခေါင်းဆောင်တွေ အလုပ်ပြုတ်တာတို့၊ နိုင်ငံရေးထဲမှာ ပါတယ်ဆို ဝရမ်းတပ်ခံရတာတို့ဆို အစုလိုက်အပြုံလိုက် ထွက်ရတဲ့ခါကျတော့ သမဂ္ဂကလည်းမရှိ၊ ခုချိန်မှာဆိုတော့ ပိုပြီးတော့ဆိုးတာပေါ့နော်၊ တောင်းဆိုမှုတွေက သိပ်မရှိတဲ့ခါကျတော့" လို့ သူက ဆိုပါတယ်။

အခြေခံ အလုပ်သမားအများစုကတော့ ဝမ်းရေးကြောင့် ရရာ ‌အလုပ်ကို ဝင်လုပ်နေကြတာဖြစ်တဲ့အတွက် မိမိတို့ အခွင့်အရေးချိုးဖောက်ခံနေရတာတွေအပေါ် ထုတ်ဖော် ပြောကြားနိုင်ခြင်းမရှိတော့ပဲ ရေငုံနှုတ်ပိတ်နေကြရ‌တယ်လို့ STUM ရဲ့ ဒါရိုက်တာက ပြောပါတယ်။

"သူတို့က နိုင်ငံရေး ဘာဖြစ်နေနေ၊ ဝမ်းရေးကအခက်ဆုံးဆိုတဲ့ခါကျတော့ သူတို့ဝမ်းရေးဖြေရှင်းဖို့ကိုပဲ ခေါင်းထဲမှာရှိတယ်၊အဲ့ဒါက ကိုယ့်အခွင့်အရေးကိုချိုးဖောက်တာ၊ ဒါက ကိုယ့်ကိုယ် ဒီလိုလုပ်တာဆိုတာ ကျွန်မတို့ ဘယ်လောက်ပဲပြောပြော ဒီအချိန်မှာ ကျွန်မတို့က လေမတိုးတော့ဘူးပေါ့နော်အဲ့လိုဖြစ်နေတယ်၊ သူတို့ကိုယ်တိုင်လည်း ဘာကြောက်လဲဆိုတော့ သူတို့စုပေါင်းတောင်းဆိုလိုက်ရင် သူတို့ကို ဘာများလုပ်မလဲဆိုတဲ့ စိတ်ရှိတဲ့ခါကျတော့လေ၊ တချို့ကိစ္စရပ်တွေကို သိသိကြီးနဲ့ ၊ဒါ အခွင့်အရေးချိုးဖောက်တာမှန်း သိသိကြီးနဲ့ ရေငုံနှုတ်ပိတ်နေတာမျိုးတွေ ဖြစ်နေတယ်ပေါ့"အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒေါမျိုးမျိုးအေးက အခုလို ပြောပါတယ်။

အခုလို နေ့စားဝန်ထမ်းတွေ ခန့်ထားပြီး ခေါင်းပုံဖြတ်တဲ့အပြုအမူတွေဟာ ယခင် အစိုးရတွေ လက်ထက်ကတည်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ အလုပ်သမားခေါ်ယူခဲ့တဲ့ပုံကို ပုဂ္ဂလိက အလုပ်ရှင်တွေက အတုခိုးလုပ်ကိုင်လာတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အထည်ချုပ်လုပ်ငန်းတွေ၊ ပုလင်းဆေး၊ အိတ်စွပ် စတဲ့ လူသုံးကုန်ပစ္စည်းလုပ်ငန်းတွေ၊ ရေသန့်၊ အချိုရည် စတဲ့ စားသောက်ကုန်လုပ်ငန်းတွေအပါအဝင် လုပ်ငန်း ကဏ္ဍအတော်များများက နေ့စားဝန်ထမ်းတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖြေရှင်းပေးဖို့ တိုင်ကြားလာကြတယ်လို့ အလုပ်သမားအရေးကူညီနေသူတွေထံက သိရပါတယ်။

ယခင်ကတော့ အလုပ်သမားတွေရဲ့ ပြဿနာတွေမှာ ခေါင်းဝင်ဖြေရှင်းပေးလို့ရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကူညီဖြေရှင်းပေးဖို့ ကန့်သတ်ချက်တွေ၊ အခက်အခဲတွေရှိလာတယ် လို့ အလုပ်သမားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှု‌ကြောင့် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ပြည်ပ လုပ်ငန်းရှင် အများစု ထွက်ခွာသွားတဲ့အတွက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လုပ်ငန်းရှင် အများစုက ဥပဒေနဲ့ မညီတာတွေကို ပိုမိုလုပ်ကိုင်လာကြတာဖြစ်ပြီး ခေတ်အခြေအနေအရ ၎င်းတို့ဟာ ဂုတ်သွေးစုပ်လာတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

အမြတ်ထုတ်လိုစိတ်ရှိတဲ့ ပြည်ပလုပ်ငန်းရှင်တချို့ကိုလည်း ပြည်တွင်းက မန်နေဂျာတွေ၊ HR တွေက ပံ့ပိုးကူညီပြီး အလုပ်သမားတွေအပေါ် နှိပ်ကွပ်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

အခုလိုအခြေအနေတွေဟာ အထက်မြန်မာပြည်ထက်၊ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုံ၊ အလုပ်ရုံတွေဘက်မှာ ပိုမိုအဖြစ်များလာတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်၊ အလုပ်သမား ၉၀၀ ကျော်ရှိပြီး  အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Tai Hong ( Myanmar. ) Garment Co, LTD မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေကြောင်းကို စက်ရုံဝန်ထမ်းတစ်ဦးကအခုလို ပြောပါတယ်။

"စက်ရုံ လုပ်သက်ရင့် နှစ်ကြီးသမားတွေကို အလုပ်ကနေ ထုတ်ပယ်နေပြီး နေ့စားအလုပ်သမားတွေကို ခေါ်ယူ နေတာ  ၊ ဖိအားအမျိုးမျိုးနဲ့ စံချိန်တွေ မတရားတိုး တောင်းတာ ၊ ရုန့်ရင်း ကြမ်တမ်း ဆဲဆိုအော်ငေါက် ဆက်ဆံတာ ၊တောင်းထားတဲ့ စံချိန်မမီပါက အချိန်ပိုကြေး (OT) ကြေးတွေ လုံးဝ မရရှိတာ၊ စက်ရုံအလုပ်သမား တွေ အပေါ် လူပုဂ္ဂိုလ်တွေ ခွဲခြားပြီး  အချိန်ပို(OT) ဆင်းဖို့ လူရွေးခေါ်တာ၊ စက်ရုံမှာ ဘယ်လိုအဖွဲ့အစည်းကိုမှ မထားရှိတာ၊ လုပ်ငန်းခွင် ခေါင်းဆောင်းသီးသီးနဲ့ ညှိနိူင်းပြီး လူဟောင်းတွေကို အလုပ်က ထုတ်ပယ်တာ၊ လူမှုဖူလုံရေး ဆေးခွင့်ကို  ၃ ရက် ထက်ကျော်လွန်ပြီး ခွင့်ယူလိုပါက  ရုံးပေါ်ခေါ်ယူ ပြောဆိုခြိမ်းခြောက်တာနဲ့ ကြိုပို့ ဖယ်ရီကားစီးပါက လစာရငွေကနေ ကျပ်  ၈၀၀၀ ဖြတ်တောက်တာတွေကို ပြုလုပ်နေတာ"လို့ Myanmar Labour News ထံ ပေးပို့ထုတ်ဖော်ပြောကြားထားပါတယ်။

ယခုလို အခြေအနေတွေကို အသံကျယ်ကျယ်ထုတ်ဖော် တိုက်ထုတ်ဖို့ ပိုမိုလိုအပ်လာပြီး အလုပ်ရှင်တွေရဲ့ခေါင်းထဲမှာ
အလုပ်သမားအခွင့်အရေးချိုးဖောက်လို့မရဘူးဆိုတဲ့ အသိ အမြဲရှိနေဖို့ လိုအပ်တယ်လို့  အလုပ်သမားအရေးကူညီနေသူတွေကတညီတညွတ်တည်းပြောဆိုပါတယ်။


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025