ထိုင်းနိုင်ငံ စာမွတ်ပါကန်ခရိုင် ဘန်ဖီနွဲ့ နယ်မြေက မြန်မာဆောက်လုပ်ရေး လုပ်သား ၁၀၀ကျော်ကို လုပ်ငန်းရှင်က လုပ်ခလစာ မပေးတဲ့ အတွက် ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။
၎င်းဆောက်လုပ်ရေး လုပ်ငန်း မှာ တရုတ်လူမျိုး လုပ်ငန်းရှင် ဖြစ်ပြီး မြန်မာအလုပ်သမားတွေ ရရှိမယ့် လုပ်အားခ မှာ ထိုင်းဘတ် ငွေ ၈သိန်းကျော် တယ်လို့ ဆိုပါတယ်။
မြန်မာ အလုပ်သမားတွေ အကူညီတောင်းခံလာတဲ့ အပေါ် ဇန်နဝါရီ ၂၁ရက် နေ့ က ထိုင်း NGO အဖွဲ့အစည်းဖြစ်တဲ့ RaksThai foundation စာမွတ်ပါရကန် ခရိုင်တာဝန်ရှိသူတွေ နဲ့ အတူ MHAC အဖွဲ့ ဝင်တွေက ပူးပေါင်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို အဖွဲ့စည်းတွေ ပါဝင်လာတဲ့ အတွက် လာမယ့် ဇန်နဝါရီ ၂၅ ရက် နေ့မှာ လုပ်အားခတွေ ပေး ပါ့မယ်လို့ အလုပ်ရှင်ဘက်က အဖွဲ့စည်းတွေထံ ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင်ဘက်မှ ပြောကြားထားတဲ့ အတိုင်း လာမယ့် ဇန်နဝါရီ ၂၅ရက်နေ့မှာ လုပ်အားခ တွေ မပေးခဲ့ပါက ထိုင်းဥပဒေပါအတိုင်း ထိုင်းအစိုးရအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါဒီကန်) မှာ နစ်နာသူအလုပ်သမားတွေ အတွက် တိုင်ကြားတရားစွဲဆိုပေးသွားမယ်လို့ MHACမဟာမိတ်အဖွဲ့က ပြောကြားထားပါတယ်။