NEWS

စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
45 Views

Myanmar Labour News မှာ စက်တင်ဘာ ၉ ရက် ကနေ ၁၅ ရက်နေ့အထိ တပတ်တာအတွင်းဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်ပအလုပ်အကိုင် နဲ့ ဒေသတွင်း သတင်းအနှစ်ချုပ်ကိုဖော်ပြပေးပါ့မယ်။

ရည်ရွယ်ချက်ကတော့ တပတ်အတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်တိုအတွင်း သိရှိနိုင်ဖို့ပါ။ 

စက်တင်ဘာ ၉

မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ လာရောက် လုပ်ကိုင်မယ့်  မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သားတွေကို ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်မှုလက်မှတ်(SKKP)နဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်း (SICW) တတ် ရောက်ပြီးစီးတဲ့ အသိအမှတ်ပြုလက်မှတ်ရှိမှသာ အလုပ်လုပ်ခွင့် Work permit ထုတ်ပေးမယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာသံရုံး ကို အသိပေးအကြောင်းကြားထားပါတယ်။

ရန်ကုန်မြို့မှာ အလုပ်အကိုင်သစ်ရှာဖွေလိုသူတွေအနေနဲ့အလုပ်လျှောက်လွှာတွေတင်ရာမှာ ကုန်ကျစရိတ်တွေပိုများလာပြီး မိတ္တူဆွဲခတွေဟာလည်းအရင်ထက်မြင့်တက်လာသလိုဓာတ်ပုံ‌ရိုက်ခ၊ CV ဖောင်ကြေးနဲ့သွားလာစရိတ်တွေလည်းမြင့်တက်လာလို့ အလုပ်လျှောက်ထားသူတွေ အခက်တွေ့နေရပါတယ်။

ဒဂုံ မြို့သစ် အရှေ့ပိုင်းမြို့နယ်၊ သမိန်ဗရမ်းလမ်း၊ ဒဂုံတက္ကသိုလ် အနီး၊ အမှတ်(- ) မှာ ဖွင့်လှစ်ထားတဲ့ AYY Garment စက်ရုံက အလုပ်သမားခေါင်းဆောင်တွေဟာ  အလုပ်ထွက်သွားတဲ့  အလုပ်သမားတွေအပေါ် လုပ်ခလစာအပြည့်ရှင်းမပေးဘဲ ခေါင်းပုံဖြတ်တာတွေပြုလုပ်နေတယ်လို့  အလုပ်သမားထံက သိရပါတယ်။ 

နိုင်ငံအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုက အခြေခံလုပ်သားတွေပေါ် သက်ရောက်မှု ကြီးမားတာနဲ့ အမျှ ပြည်ပသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူတွေ များလာပါတယ်။ အထည်ချုပ်ကဏ္ဍကအလုပ်သမားတွေမှာလည်း လုပ်ခ လစာနည်းပါးမှု၊ လူနေမှု စာရိတ်မြင့်မားလာမှု၊ ကုန်ပစ္စည်းရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ လတ်တလောမှာ တရုတ်နိုင်ငံကို အထည်ချုပ်အလုပ်နဲ့သွားရောက်လုပ်ကိုင်မှုတွေမြင့်တက်လာလို့ ဘာကြောင့် တရုတ်နိုင်ငံဆီ ရွှေ့ပြောင်းလုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ရသလဲဆိုတာ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတစ်ယောက်ကို မေးမြန်းဖော်ပြထားပါတယ်။

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ KSheng အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ၏ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အချိန်ပိုအောလင်း/ အောနိုက်များ ခေါ်ကာ အချိန်ပို မဆင်းသော အလုပ်သမားများကို HR ရုံးခန်းသို့ ခေါ်ကာ အချိန်ပိုမဆင်းနိုင်လျှင် အလုပ်လာမဆင်းနဲ့ဟု ခေါင်းဆောင်များကပြောခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဂရိတ်ချခြင်း၊ လိုင်းနေရာပြောင်းရွေ့ခြင်းများ ပြုလုပ်နေသဖြင့် အလုပ်သမားများက  အကူအညီလိုအပ်နေပါတယ်။

စက်တင်ဘာ ၁၀

စက်တင်ဘာ ၁ ရက်က စပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ အတွက် အွန်လိုင်းကနေ ကြိုတင်ရက်ချိန်း ယူရာမှာ စာအုပ်ဖိုးငွေကို ယခင် ကျပ် ၃၅၀၀၀ မှ ကျပ် ၄၀၀၀၀ သို့ ပြောင်းလဲသတ်မှတ်ကာ အွန်လိုင်းကနေပေးဆောင်ရမယ်လို့ ကြေညာခဲ့ပါတယ်။ဒါ့အပြင် စက်တင်ဘာ လ အရှေ့ပိုင်းက အွန်လိုင်းကနေ ရက်ချိန်းယူထားသူတွေလည်း ကျပ် ၄၀၀၀၀ ပေးဆောင်ရမှာ ဖြစ်ကာ ပေးဆောင်ရန် ကျန်တဲ့ စာအုပ်ဖိုး ၅၀၀၀ ကျပ်ကို နိုင်ငံကူးလက်မှတ်လာရောက် လုပ်မယ့်နေ့တွင်ပေးသွင်းရမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ပထုမ်ဌာနီ ခရိုင်ရှိ အီလက်ထရွန်းနစ်စက်ရုံ မှ ကုန်ကျစရိတ်စိုက်ထုတ်ပေးတဲ့ ဇီးရိုးကော့စ် စနစ်နဲ့ မြန်မာ လုပ်သား တွေကို ခေါ်ယူတာ မှာ မြန်မာပြည်ဘက်က တရားဝင်အေဂျင်စီနဲ့ ပွဲစားတွေက အလုပ်သမား ၅၉ ဦး ထံ မှ ထိုင်းဘတ်ငွေ ၁ဒသမ ၆ သန်းကျော် ကောက်ယူထားတဲ့ အတွက် ပြန်တောင်းပေးရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်(MWRN)ထံကသိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ  မုတ်သုံလေအားကောင်းနေတဲ့ အတွက် တနိုင်ငံလုံးမိုးရွာသွန်းမှု များ ပြီး မြစ်ကြီး အချို့မှာလည်း  မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက်ကိုကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ စက်တင်ဘာ ၁၀ ရက် နေ့ မိုးလေဝသအခြေနေ ထုတ်ပြန်ချက် တွေအရသိရပါတယ်။

ရွှေပြည်သာမြို့နယ် ၊ သဘာဝမှတ်တိုင်၊ ပတ္တမြားလမ်း၊ သာဓုကန်စက်မှုဇုန်တွင် ဖွင့်လှစ်ထားသော  BONTECH  Manufacturing Company အထည်ချုပ်စက်ရုံဟာ  စက်ရုံရှိအလုပ်သမားတွေကို အချိန်ပိုအောလင်း (ညလုံးပေါက်) ခေါ်ယူလျှက်ရှိရာ ကိုယ်၀န်ဆောင် များပါမကျန်ခေါ်ယူလျှက်ရှိတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။  

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင် ၂ လလုံး မနက် ၇ နာရီ ခွဲကနေ ည ၁၂ နာရီထိ အလုပ်သမား ၁၀၀၀ ကျော်ကို  အလုပ်ချိန် အလွန်အကျွံခိုင်းစေခဲ့ပြီး အချိန်ပိုကြေးတွေကိုလည်း မရှင်းပေးဘူးလို့ He MeT Company Limited အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို မီးဖွား ခွင့်မပေးဘဲအလုပ်ထုတ်တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။


စက်တင်ဘာ ၁၁

တရုတ်-မြန်မာနယ်စပ်ဒေသမှာ  ဖြစ်ပေါ်ခဲ့တဲ့  တိုင်ဖွန်း မုန်တိုင်း YAGI အကြွင်းအကျန် လေပွေလှိုင်း ကြောင့် မြန်မာနိုင်ငံတဝန်းရှိမြို့နယ် အတော်များများ မှာမိုးရွာသွန်းပြီး  ရေကြီး နစ်မြုပ်မှုဒဏ်ကိုဆိုးရွားစွာခံနေရပါတယ်။
၎င်းလေပွေလှိုင်းကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေ မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့မြစ် ချောင်း နဲ့ ဆည် မြောင်းတွေမှာ ရေကြီးရေလျှံ မှု တွေ ဖြစ်ကာ မြို့နယ်နဲ့ ကျေးရွာ တွေမှာ ရေကြီးနစ်မြုပ်မှု တွေ ဖြစ်ပေါ်နေပါတယ်။ 

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဆီမှ   ပွဲစားခ  ငွေကြေးတောင်းယူပြီး အလုပ်ရှာ မပေးဘဲ ထွက်ပြေးတိမ်းရှောင် တာ တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး အလုပ်သမားအဖွဲ့စည်းတွေလည်း မကြာခဏ ဖြေရှင်းပေးရတဲ့ အမှုအကြောင်းရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ MOU အလုပ်သမား ၇ ဦးကို  ပွဲစားတစ်ဦးက အလုပ်ရှာပေးမယ်ဆိုကာ ထိုင်းဘတ်ငွေ ၃ သောင်းကျော်ယူသွားတယ်လို့  ပြန်လည်တောင်းယူပေးခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သားကူညီစောင့်ရှောက်ရေးM.H.A.C  မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းရည်ညွှန်ဈေးတွေထက် ပိုရောင်းနေသူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ တရားစွဲဆိုမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် စွတ်စန်လာရ်မြို့ကမ်ဖဝမ့်‌ ရွာ ရပ်ကွက် ၁ အတွင်း ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

New Plus အထည်ချုပ် စက်ရုံ အောနိုက် ရက်ရှည် လုပ်ကိုင်ခိုင်းနေ တယ်လို့ အလုပ်သမားတွေရဲ့ ပေးစာအရသိရပါတယ်။ ညဆိုင်းဆင်းပြီးရင်လည်း အလုပ်ထဲမှာ ဖြစ်သလိုအိပ်ပြီး၊ မိုးလင်းမှ အိမ်ပြန်ပြီး ရေ မိုးချိုးရပါတယ်၊ ဒါပြီး မနားရပါဘူး အလုပ်ချိန် အမီ တခါပြန်သွားရတယ်။ လအစကတည်းက နေ့တိုင်းအောနိုက်ပါ ရှိတယ် ။ လစာထုတ်တဲ့ရက် ၅ ရက်နေ့ကတော့မဆင်းရပါဘူး ရှင့်။လို့ အလုပ်သမားတစ်ဦးကပြောထားပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းကလေးငယ်များကိုစာသင်ကြားပေးနေတဲ့ မေတ္တာရိပ် မြန်မာစာသင်ကျောင်းအပါအဝင် မြန်မာစာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်း လိုက်တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

စက်တင်ဘာ ၁၂

Lian Fa (လျွှံဖ) (Myanmar) Company ပိုင် အထည်ချုပ် စက်ရုံက ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို လုပ်ခလစာ ထဲ ထည့်ရှင်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီကျပ် ၁၀၀၀ ကို ဩဂုတ်လ  ၁ ရက်နေ့က စတင် တွက်ချက်ပြီး လုပ်ခလစာ ထည့်သွင်း ပေးဖို့ ဝန်ကြီးဌာနက ကြေညာ ညွှန်ကြားထားတာပါ။  

လေပွေလှိုင်းကြောင့် စက်တင်ဘာ ၁၂ ရက်မှ ၁၅ရက်အထိ တိုင်းနှင့်ပြည်နယ်တွေမှာ  မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက် သဘာဝဘေးအန္တရာယ်များကိုကြိုတင်သတိပြုဖို့ မိုးဇလ အထူးသတိပေးထားပါတယ်။

ရမည်းသင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် ၁၀ ဦး သေဆုံးကာ လူဦးရေငါး​သောင်းကျော် ရေးဘေးသင့်ခဲ့တယ်လို့ ကနဦးထုတ်ပြန်ချက်တွေအရသိရပါတယ်။

ထိုင်းနိုင်ငံတွင်  ကာလတိုသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများ ကို ဗန်ကောက်နှင့်ချင်းမိုင်ရှိမြန်မာသံရုံများ တွင် PE အမျိုးစား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်မပေးတော့ဘူးလို့ သံရုံးကြေညာပါတယ်။

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Myanmar Xiang Rui Fashion အထည်ချုပ် စက်ရုံရှိ အလုပ်သမားတွေဟာ အစိုးရရုံးပိတ်ရက်တွေနဲ့တနင်္ဂနွေပိတ်ရက်ကိုပါ အချိန်ပိုမဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ကာဖိအားပေးစေခိုင်းနေလို့ ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဗန်းမော်အတွင်းဝန်လမ်းမှာ ဖွင့်လှစ်ထားတဲ့ Sen Yu Clothing Myanmar အထည်ချုပ်မှာ အလုပ်သမား ၁၀၀၀ ကျော်ဟာ လုပ်ငန်းခွင်မှာအချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေပေမဲ့ ရရှိတဲ့လုပ်ခလစာဟာ စားဝတ်နေရေး အတွက် မလောက်ငှတာကြောင့် ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးဖို့ အလုပ်ရပ်ဆန္ဒပြရန် ကြိုးပမ်းခဲ့ရာမှာ အလုပ်ရှင်ဘက်က ခြိမ်းခြောက်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြမှု အချိန်တိုတွင်း ပျက်ပြယ်ခဲ့တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။ စက်ရုံမှာ RESERVED အမှတ်တံဆိပ် အင်္ကျီ အထည်တွေချုပ်လုပ်ရတာလို့ သိရပါတယ်။


စက်တင်ဘာ ၁၃

တိုင်းနှင့်ပြည်နယ် တွေ မှာ ရေကြီးနစ်မြုပ်မှုကြောင့်  တရားဝင်သတင်းထုတ်ပြန် မှုအရ ၂၄နာရီ အတွင်း
သေဆုံးသူ ၃၆ ဦးထိ ရှိလာတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နယ်မှာ အလုပ်အကိုင်အဆင်မပြေလို့ ရန်ကုန်တက်လာတဲ့ ဇော်ဇော်နဲ့ ကျော်ကျော် သူငယ်ချင်းနှစ်ဦး အလုပ် ရှာဖို့ ကြိုးစားနေကြပါတယ်။ ရောက်ရှိနေတဲ့ လှိုင်သာယာမြို့ ကျယ်တော့ ဘယ်မှ မသွားတတ် မလာတတ်နဲ့။ဒီတော့ အင်တာနက်အသုံးပြုပြီး သုံးနေကျ ဖေ့ဘွတ်ကနေ အလုပ်ရှာခဲ့ရတာပေါ့။ အဲ့ဒီနောက် ကျော်ကျော်နဲ့ ဇော်ဇော်တို့ သူငယ်ချင်း ၂ ဦး ဘာတွေဆက်ဖြစ်သွားလဲ ဆိုတာ အလုပ်သမား ၂ ဦးရေးသားပေးပို့လာတဲ့ အဖြစ်အပျက် အကြောင်းအရာကိုဖော်ပြထားပါတယ်။

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးအကျဘက်သို့ဦးတည်လာရာကနေ  ပြင်ပနိုင်ငံခြားငွေဈေးကွက်မှာတော့ ဒေါ်လာအရောင်းအ၀ယ်မြင့်မားလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ ၁၂ ရက်ခန့်က ပြင်ပငွေလဲနှုန်းများအရ အမြင့်ဆုံးဈေးနှုန်းမှာ တစ်ဒေါ်လာကျပ် ၈၀၀၀  အထိမြင့်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ဒေါ်လာငွေလဲနှုန်းမှာ ပြန်လည်ကျဆင်းခဲ့ရာကနေ ဒေါ်လာဈေးနှုန်းကျဆင်းမှုမှာ ဆက်တိုက်ဖြစ်ပွားခဲ့ရာ သုံးရက်အတွင်းတစ်ဒေါ်လာကျပ် ၆၀၀၀ ၀န်းကျင်အထိ ပြန်လည်ကျဆင်းလာခဲ့တာပဲဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းနိုင်ငံတွေ မှာ  အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရလို့  မြန်မာအလုပ်သမားတွေ က အလုပ်သမားဝန်ကြီးဌာန ကို တိုင်ကြားတာတွေ များနေပေမယ့်  ပို့ဆောင်ပေးတဲ့ အေ့ဂျင့်နဲ့ပွဲစား တို့ရဲ့  အချက်အလက် အတိအကျမရှိခြင်းတို့ကြောင့် ကျူးလွန်သူတွေ ကို  စစ်ဆေးအ‌ရေးယူဖို့  အခက်အခဲရှိတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ စက်တင်ဘာ ၁၃ ရက် မနက်၁၁နာရီ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃  မှ စက်တင်ဘာ ၁၅ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်တာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ တောင်ပြို မြေပြိုခြင်းများသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF- ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းမှ သင်တန်းသား တွေ စက်တင်ဘာ ၁၁ ရက်နေ့ ညနေက လေ့ကျင့်ရေးပြုလုပ်စဉ် ချောင်းတစ်ခုကိုဖြတ်ကျော် ရန်ကြိုးစားအားထုတ်ရာ  မတော်တဆဖြစ်ပွားကာ ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါသေဆုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ ယင်းမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

မိုးထိမိုးမိ ရွှေလုပ်ကွက်များ မြေပြိုကျပြီး ရွာလုံးကျွတ်မြေအောက်ရောက်ကာ အလုပ်သမားအများအပြား ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများဖြစ်ကာ ရွာလုံးကျွတ်မြေအောက်ရောက်ကာ အလုပ်သမားအများပြား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်းမမှာ လမ်းရေကျော်ပြီး ရေ​မြင့်တက်လာတာကြောင့် စက်တင်ဘာ ၁၃ ရက် နေလယ်ပိုင်းအချိန်ကစတင်ပြီး လမ်းအသုံးပြုမှုယာယီရပ်နားထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်ရှိပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်း သုံးသောင်းကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က  ထုတ်ပြန်လိုက်ပါတယ်။
 ရေကြီးရေလျှံဖြစ်ပွားနေတဲ့ မြို့နယ် ၃၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်နေဆဲ့ အတွက် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦးရှိပြီး ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၄ 

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသ ကို ဆက်လက်ဖြတ်ကျော်ကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားနိုင်တယ်လို့  မိုးဇလ က အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄) ထုတ်ပြန်ပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ နေရာ တွေကို  ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေကို ယင်းနေရာတွေ ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့က တန်ဆာခ အခမဲ့ နဲ့ ပို့ဆောင်ပေးမယ့် ကြေညာထားပါတယ်။ 

ပဲခူးတိုင်း တောင်ငူမြို့နယ် မှာ စစ်တောင်းမြစ်ရေ ဟာ ယခင်ရက်ထက် အနည်းငယ်ပြန်ကျပေမယ့် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေတဲ့ ပြည်သူ တစ်ထောင်ကျော် ရှိနေသေးတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ထက် ၇ပေကျော်မှာ တည်ရှိနေပြီး စက်တင်ဘာ ၁၄ ရက်မှာတော့ စိုးရိမ်ရေမှတ်ထက် ၆ပေခွဲကျော်မှာ ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၅

စက်တင်ဘာလကစပြီး အလုပ်သမားတွေကို ကျပ်တထောင်တိုးပေးရန် စစ်ကောင်စီ ဝန်ကြီးဌာနက စာထုတ်ထားပေမယ့် အဆိုပါ ထောက်ပံ့ကြေး ကျပ်တစ်ထောင် တိုးပေးခြင်းမရှိလို့ MYANMAR BAG  ကျောပိုးအိတ်စက်ရုံ လုပ်ငန်းခွင်အတွင်း ဆန္ဒပြတောင်းဆိုရန်ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ MYANMAR BAG  ကျောပိုးအိတ်ချုပ်စက်ရုံမှာ ထောက်ပံ့ကြေး ကျပ်တစ်ထောင်တိုးပေးဖို့ အလုပ်သမားတွေက လိုလားနေတာလို့ပြောပါတယ်။

အခုဖော်ပြခဲ့တာကတော့ တပတ်အတွင်း တင်ဆက်ခဲ့တဲ့ သတင်းအနှစ်ချုပ်ပါ။ ဆုလာဘ်ဖြူက စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
စက်တင်ဘာလ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 15, 2024
Cover
စက်တင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 08, 2024
Cover
စက်တင်ဘာ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု
Sep 08, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024