NEWS

၂၀၂၂ အတွင်းနိုင်ငံရေးပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်

CoverLogo
1.3K Views

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စာချုပ်ပါ ကတိကဝတ်တွေကို အလေးထား လိုက်နာသွားဖို့နဲ့ စာချုပ်ပါ စည်းကမ်းတွေကို ချိုးဖောက်ပါက လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီက  ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက အကြမ်းဖက်အာဏာသိမ်းတာကြောင့် ဖြစ်ပွားခဲ့တဲ့ နိုင်ငံတဝှမ်း လူထုဆန္ဒပြတာတွေကို စစ်ကောင်စီက အကြမ်းဖက်နိမ်နင်းခဲ့ပြီးနောက်ပိုင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ပေါက်လာသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ဖွဲ့တွေကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်း ခုခံတော်လှန်ခဲ့တာ ဖြစ်ပါတယ်။  

ဒီဇင်ဘာလ ၂၀ ရက် နောက်ပိုင်းမှာ စစ်ကောင်စီက နိုင်ငံတဝှမ်းက ခုခံတော်လှန်ရေးတပ်တွေကို ကြည်းတပ် လေတပ်တွေသုံးပြီး တိုက်ခိုက်ခဲ့ ပြီးနောက်ပိုင်း အခုလို  NCA ကို ထောက်ပြ ပြောဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

NCA ရဲ့ အနှစ်သာရဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မျက်နာချင်းဆိုင် စားပွဲပေါ်မှာ ဖြေရှင်းရမှာ ဖြစ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ နှစ်ဖက်စလုံးက သဘောတူထားတာဖြစ်ပေမယ့် ကရင်နီပြည်နယ် ဖရူဆိုက ပြည်သူ ၃၅ ဦး ကို စစ်ကောင်စီ တပ်တွေ မီးရှို့ သတ်ဖြတ်တဲ့ ဖြစ်စဉ်ကတော့  ပြည်သူကို ရန်သူလို ဆက်ဆံပြီး အကြမ်းဖက်တဲ့နည်းနဲ့ လုပ်ဆောင်နေတာဖြစ်သလို NCA ကို အကြမ်းဖက်စစ်ကောင်စီက စပြီး ချိုးဖောက်ခဲ့တာလို့  အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောဆိုခွင့်ရသူ ခွန်မြင့်ထွန်းက ပြောကြားတယ်လို့ ကရင့်သတင်းစဉ်က ဖေါ်ပြထားပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၂ ခုနှစ်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်မယ့် အလားအလာတွေ တွေ့မြင်နေရပြီး ငြိမ်းချမ်းရေးကို မျှော်မှန်းလို့ မရနိုင်သေးဘူးလို့လည်း  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေက သုံးသပ်ထားကြပါတယ်။

“မြန်မာပြည်ရဲ့ ၂၀၂၂ မှာ သူလည်း မနိုင်၊ ကိုယ်လည်း မနိုင် ပြင်းထန်တဲ့ လွန်ဆွဲပွဲဖြစ်နိုင်မယ်လို့ ခန့်မှန်းထားကြသလို ရင်ဆိုင်မှုက ပိုပြင်းထန်နိုင်တယ်။ တဘက်ကလည်း လက်ရှိ အပေါ်စီးရနေတဲ့ စစ်ကောင်စီက အခြေအနေအရပ်ရပ်ပေါ့။ သံတမန်ရေး၊ နိုင်ငံတကာအရေး၊ ပြည်တွင်းရေး အကုန်လုံးကို ခြုံပြီးတော့ အလှည့်အပြောင်းတစ်ခုအနေနဲ့ အခြားနည်းနာကို ပြောင်းချင်လည်း ပြောင်းနိုင်တယ်။ ဒါပေမဲ့ ပြောင်းတဲ့ဟာက အလျှော့ပေးတာတော့ မဟုတ်ဘူး။ ဒါကြောင့် ပိုပြီးတော့ နည်းပရိယာယ်ကြွယ်ပြီးတော့ အကွေ့အပတ် အလိမ် အလှည့်ပိုများတဲ့နှစ် ဖြစ်လာနိုင်တယ်” လို့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ က ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ထားပါတယ်။

“ ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နိုင်မယ့် အနေအထား၊ ဒီမိုကရေစီထွန်းကားပြီးတော့ ဖက်ဒရယ်ကို ဦးတည်တဲ့ အနေအထားတွေကတော့ အခုအချိန်ထိ အရိပ်အယောင် မတွေ့ရသေးဘူး” လို့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က သုံးသပ်ထားပါတယ်။

ဒီအပြင်  အာဏာသိမ်းစစ်ကောင်စီဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ NCA လက်မှတ်မထိုးထားသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထောက်ခံမှု မရတဲ့အပြင် လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အချို့အပါအဝင် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  တိုက် ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူ ထားတဲ့ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က  ချိုးဖေါက်ခဲ့တာမျိုးမရှိခဲ့သလို ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီ က နိုင်ငံတော်အာဏာကို အကြမ်းဖက်ရယူချိန်နဲ့ တဆက်တည်းမှာပဲ နှစ်ဖက် သဘောတူထားတဲ့ NCA စည်းမျဉ်းပါအချက်အလက်တွေကို စစ်ကောင်စီက စတင်ချိုးဖေါက်ခဲ့တာ ဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး၊ နိုင်ငံခြားရေးဌာနအကြီးအကဲ ပဒိုစောထောနီက တုန့်ပြန်ထားတာကို ဧရာဝတီ သတင်းဌာနက ဖေါ်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)  အဖွဲ့တို့က (NCA) စာချုပ်ကို လက်မှတ်ရေးထိုးထားပါတယ်။

CJ-ကရင်ပြည်နယ်  

photo-KNU 
 


Related posts

Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025
Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025