အကြမ်းဖက် စစ်တပ်စစ်ကောင်စီဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) အတုအယောင်ကို ဖွဲ့စည်းကာ အဖွဲ့ကြီးရဲ့အသင်းအဖွဲ့ငယ်တွေနေရာမှာလည်း ၎င်းတို့စိတ်ကြိုက်ခြယ်လှယ် နိုင်မယ့် ‘Yellow Unions’ (အကြမ်းဖက်စစ်တပ် ကြိုးကိုင်လို့ရသည့် သမဂ္ဂ) များကို အစားထိုးဖွဲ့စည်းထားကြောင်း မူလ CTUM အဖွဲ့ကြီးရဲ့လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။
(၁၄၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်ရေးရာအဖွဲ့ညီလာခံ ILC မှာ မြန်မာ့အလုပ်သမားအရေးကို ဒေါ်ဖြိုးစန္ဒာစိုးက ဆွေးနွေးရာမှာ စစ်အစိုးရရဲ့ အစားထိုး အတုအယောင် CTUM အဖွဲ့အကြောင်းကို ထည့်သွင်းပြောခဲ့တာဖြစ်ရာ ယင်း အတုအယောင်အလုပ်သမားအဖွဲ့အစည်းထဲမှာ CTUM ရဲ့ကဏ္ဍအလိုက် အဖွဲ့ချုပ်များဖြစ်ကြတဲ့ AFFM, BWFM, IWFM နဲ့ MWFM တို့နေရာတွင် ၎င်းတို့စိတ်ကြိုက် ‘Yellow Unions’ (အကြမ်းဖက်စစ်တပ် ကြိုးကိုင်လို့ရတဲ့သမဂ္ဂ) များကို အစားထိုးဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးကို ဆိုးရွားစွာရင်ဆိုင်နေရတဲ့ နိုင်ငံပေါင်း ၁၀နိုင်ငံထဲပါဝင်နေပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသင်းပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားသမဂ္ဂအခွင့်အရေးများချိုးဖောက်ခံရရုံမကပဲ လုပ်အားကိုအဓမ္မစေခိုင်းတာ၊ လုပ်ခလစာခေါင်းပုံဖြတ်တာ၊ လုပ်အားခခိုးခံရတာ စတဲ့ကျယ်ပြန့်တဲ့ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေ၊လူကုန်ကူးခံရတာတွေအထိ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး၊အလုပ်သမားအခွင့်ရေးတွေ ချိုးဖောက်ခံနေရပါတယ်။
" မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာအလုပ်သမားသမဂ္ဂ အခွင့်အရေးတစ်ခုတည်းတင်မဟုတ်ပါဘူး။ကလေးအလုပ်သမားပြဿနာ၊အဓမ္မလုပ်အားပေးခိုင်းစေမှု၊ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ကျား/မအခြေပြုအကြမ်းဖက်မှု တွေနဲ့ အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုတွေ အားလုံးပါဝင်နေပါတယ်။ဒါကြောင့် နိုင်ငံတကာရဲ့စည်းလုံးညီညွတ်မှုနဲ့ပူးပေါင်းဝန်းရံမှုဟာ အရင်ကထက်ပိုပြအရေးကြီးနေပါတယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးက နိုင်ငံတကာကို တိုက်တွန်းပြောကြားထားပါတယ်။
စစ်အစိုးရ က အလုပ်သမားသမဂ္ဂ အတုအယောင်တွေကို ထားရှိထားတဲ့အပြင် လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတာ၊ လုပ်ခလစာ ထိုက်သင့်အောင်မရတဲ့ အလုပ်သမားအခွင့်အလမ်းပြဿနာတွေကို ပြေလည်အောင်မဖြေရှင်းပေးနိုင်ပဲ 'Yellow Unions’ (အကြမ်းဖက်စစ်တပ် ကြိုးကိုင်လို့ရတဲ့သမဂ္ဂ)များနဲ့ နိုင်ငံတကာကို နိုင်ငံတွင်းပြဿနာမရှိကြောင်းလိမ်ညာဖော်ပြတာတွေကို ဖော်ထုတ်ပြီးထိရောက်စွာအရေးယူနိုင်မှ လွတ်လပ်သောအလုပ်သမားသမဂ္ဂများ မြန်မာနိုင်ငံမှာရေရှည်ရပ်တည်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။









