NEWS

ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် နေ့အပူချိန်မြင့်တက်လာနိုင်၊ စက်ရုံ အလုပ်ရုံလုပ်ငန်းခွင်အတွင်း အပူဒဏ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်

CoverLogo
161 Views

ဧပြီလတတိယ ၁၀ ရက်ပတ်အတွင်း နေပြည်တော် စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး ပဲခူးတိုင်း ဒေသကြီး ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး ရှမ်းပြည်နယ် ကယားပြည်နယ် နှင့်မွန်ပြည်နယ်စတဲ့ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ နေ့အပူချိန်ဟာ ဧပြီလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲစီးရပ်စ် နှင့်အထက်ပိုမိုပူပြင်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ခန့်မှန်းချက်တွေအရ အဆိုပါ တိုင်းနှင့်ပြည်နယ် ၁၁ ခုမှာ နေ့အပူချိန်မြင့်တက်နိုင်ပေမဲ့ ကျန်ဒေသများဖြစ်တဲ့ ကချင်ပြည်နယ် ချင်းပြည်နယ် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာတော့ ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ရာသီဥတုပူပြင်းမှုကြောင့် နေပူထဲတွင် သွားလာ အလုပ်လုပ်ကိုင်သူတွေအနေနဲ့ အပူရှပ်ခြင်းဖြစ်ပေါ်နိုင်သဖြင့် သတိထားသွားလာဖို့ လိုအပ်သလို လူဦးရေ ထူထပ်တဲ့ စက်ရုံအလုပ်ရုံတွေမှာလည်း အပူဒဏ်ကာကွယ်ရေးကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သတိပေးပြောဆိုထားပါတယ်။

"စက်ရုံအလုပ်ရုံတွေအနေနဲ့ လေဝင်လေထွက်ကောင်းအောင်နဲ့ လေလည်ပတ်မှုရှိအောင် ပန်ကာလိုမျိုးတွေကို စက်ရုံလုပ်သားထူထပ်တဲ့နေရာတွေနဲ့ နေ့လည်စာစားတဲ့နေရာတွေမှာအရင်ဆုံး ပြင်ဆင်ပေးထားသင့်ပါတယ်။နောက်တချက်အနေနဲ့ အရေးပေါ်မူးမေ့သွားတာမျိုးဖြစ်လာရင် ကုသပေးနိုင်မဲ့ ဆေးအဖွဲ့အရန်သင့်ထားပေးဖို့လိုပါမယ်၊လိုအပ်ရင် နီးစပ်ရာဆေးရုံကို ပိုပေးနိုင်အောင် လူနာတင်ယာဉ်ပြင်ဆင်ထားပြီးဖြစ်ဖို့လဲ လိုပါမယ်။

ဒီလိုလုပ်ရမှာတွေက အခုလို အပူပြင်းလာတဲ့ရာသီတခုအတွက်ပါဘဲ။ မိုးကျလာလို့ ရာသီဥတု ပြန်အေးသွားတဲ့အခါ အပူဒဏ်အတွက် ပြင်ဆင်ထားတာတွေ လျှော့ချလိုက်ပြီး ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုတွေပြန်လုပ်နိုင်ပါတယ်"လို့ မိုးလေဝသလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်က သတိပေးပြောဆိုထားပါတယ်။

ဧပြီလအတွင်း မိုးရွာသွန်းမှုအနေနဲ့ကတော့ ကချင်ပြည်နယ်မှာတော့ ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကာ ကျန်ဒေသများမှာတော့ ရွာသွန်းမြဲအောက် လျော့နည်းနိုင်တယ်လို့ ခန့်မှန်းချက်အရသိရပါတယ်။

ယနေ့အတွက် ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့တွင် ၄၇ ဒီဂရီဆဲစီးရပ်စ် မုံရွာနှင့် တံတားဦး( လေကြောင်းမိုးလေဝသ)တို့တွင် ၄၄ ဒီဂရီဆဲစီးရပ်စ် နှင့် မင်းကင်းမြို့ စစ်ကိုင်းမြို့ ရေဦးမြို့ မြင်းမူမြို့ မြင်းခြံမြို့ မင်းဘူးမြို့ နှင့် မကွေးမြို့တို့တွင် ၄၃ ဒီဂရီဆဲစီးရပ်စ် ထိ မြင့်တက်ခဲ့တယ်လို့ တိုင်းထွာချက်တွေအရသိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
"မန်ရီ”(MAN-YI) မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အချို့ မိုးရွာနိုင်
Nov 18, 2024
Cover
တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်
Nov 08, 2024
Cover
နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း မိုးကြီးပြီး လေပြင်းတိုက်နိုင်ဟု အထူးမိုးလေဝသသတင်းထုတ်ပြန်
Nov 04, 2024
Cover
ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲ ရေဝင်မှုများကာ အခက်အခဲများ ဖြစ်ပေါ်
Oct 22, 2024
Cover
ရန်ကုန်မှာ မိုးကြီး ရေလျှံမှု အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်နေ
Oct 22, 2024
Cover
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ‌ ဒေသတချို့မှာမိုးရွာသွန်းကာ လျှပ်စီးလက်၊ မိုးသီး‌ကြွေတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်နိုင်
Sep 30, 2024
Cover
ငမိုးရိပ်ချောင်းရေတက်လာလို့ အနီးအနားက မြို့နယ်တွေ ရေ ၂ ပေခန့်ဝင်ရောက်
Sep 20, 2024
Cover
အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလထုတ်ပြန်
Sep 17, 2024