ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ဟာ မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာ နိုင်ငံ၊ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင် ဖြတ်ကျော်လာပြီဖြစ်တယ်လို့ စက်တင်ဘာ၂၈ရက် ည ၇နာရီ ထုတ်ပြန်ချက်အရသိရပါတယ်။
အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ စစ်တောင်း မြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရဲ့ တောင်ဘက်မှ စတင်ဖြတ်ကျော်နေ တာကြောင့် အညိုရောင်အဆင့် သို့ရောက်ရှိနေကြောင်း သတိပေးထားပါတယ်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြန်မာ နိုင်ငံ၊ သုံးခွမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ပဲခူးမြို့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်နဲ့ ဖြူးမြို့ ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ တယ်လို့ ဆိုပါတယ်။
လေတိုက်နှုန်းကတော့ မြန်မာစံတော်ချိန် ညနေ၆နာရီခွဲ အချိန်တွင် မြောက်လတ္တီကျု ၁၇.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်တယ်လို့ သတိပေးထားပါတယ်။
လာမယ့် ၄၈နာရီ အတွင်းမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်ခန့်မှန်းကြောင်း သိရပါတယ်။
၎င်းမုန်တိုင်းအရှိန်ကြောင့် လာမယ့်စက်တင်ဘာလ ၃၀ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာနေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် မြစ်ဝကျွန်း ပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ဖို့ သတိပေးထားပါတယ်။









