ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့ မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area) ဟာ မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိသဖြင့် အနီရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ၂၈ နေ့လည်ပိုင်းမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
၎င်းမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ ရဲ့ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ သုံးခွမြို့ ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်၊ ပဲခူးမြို့ ရဲ့ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်မှာ မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
လာမယ့်၁၂နာရီ အတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမို အားကောင်းလာကာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။
ထိုမှတစ်ဆင့် နောက်ထပ် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရတယ်လို့ အသိပေးထားပါတယ်။
မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ စ၍ စက်တင်ဘာ ၃၀ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သလို မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် မြစ်ဝကျွန်း ပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ဖို့ သတိပေးထားပါတယ်။









