NEWS

အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ပေးဖို့ စီစဉ်တဲ့ MADE  ပရောဂျက်ကို ABFTU အလုပ်သမားအဖွဲ့ချုပ် ပြင်းပြင်းထန်ထန်ကန့်ကွက်

CoverLogo
900 Views

အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ပေးဖို့  စီစဉ်တဲ့ MADE                                 ပရောဂျက်ကို  ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ABFTU ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ဧပြီ ၂၃ ရက်မှာထုတ်ပြန်ကြေညာပါတယ်။

 

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းက အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ အလုပ်သမားအရေးလှုပ်ရှားသူများအား တရားမဝင်အဖွဲ့အစည်းများအဖြစ် ကြေညာခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ သမဂ္ဂခေါင်းဆောင်များအား နေအိမ်ထိ လိုက်လံရှာဖွေဖမ်းဆီးခြင်းများပြုလုပ်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုအလုပ်သမားတွေရဲ့ ဦးဆောင်သူတွေကို ရှင်းလင်းကာ အပြီးသတ်ချေမှုန်းဖို့လုပ်ဆောင်ခဲ့တယ်”လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( ABFTU )က ဧပြီ ၂၃ ရက်က ထုတ်ပြန်ပြောဆိုပါတယ်။

 

အထည်ချုပ်၊ ဖိနပ်၊ သားရေနှင့် အိတ်များ ချုပ်လုပ်တဲ့ အဓိကစက်မှုဇုန်များဟာ  စစ်တပ်အုပ်ချုပ်ရေးအောက် ရောက်ရှိနေပြီး  အလုပ်သမားဆန္ဒထုတ်ဖော်မှုများအား စစ်တပ်မှ ဝင်ရောက်တားဆီး ဖိအားပေးတဲ့  ဖြစ်စဉ်အများအပြားဖြစ်ပွားကာ အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တဲ့ အလုပ်သမားများအား အလုပ်ရှင်များမှ ပြင်းထန်စွာ လက်တုံံ့ပြန်ကာ   မြန်မာနိုင်ငံတွင် ပြင်းထန်သည့် လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေတယ်လို့ ABFTU က ဆိုပါတယ်။

 

 

အာဏာသိမ်းစစ်တပ်နဲ့ ထောက်ခံသူတို့ကြောင့် မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များနဲ့ အလုပ်သမားအရေးတက်ကြွ လှုပ်ရှားသူပေါင်း ၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး  အဖွဲ့အစည်းဦးဆောင်သူအများ အပြားတိမ်းရှောင်နေကြရကာ  အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အချို့ အသက်ဆုံးရှုံးခဲ့ရတာတွေ လည်း ဖြစ်ပွားခဲ့တာပါ။

 

နောက်ဆက်တွဲအနေဖြင့် အလုပ်သမားပြည်သူများစွာ အတိဒုက္ခ ရောက်လျက်ရှိကာ ကဏ္ဍပေါင်းစုံမှ အလုပ်သမားများသည် လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရမှုများ တိုးမြှင့်ဖြစ်ပွားလျက် ရှိကြောင်း ABFTU က ထောက်ပြပြောဆိုပါတယ်။

 

ထိုကဲ့သို့ အခြေအနေတွင် ဥရောပသမဂ္ဂ EU သည် ဥရောပနိုင်ငံသား အလုပ်ရှင်များအသင်း (Eurocham) နှင့် ဂျာမနီအခြေစိုက် Seaqua တို့မှ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ့် “အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်များအတွက် ပါဝင်ပတ်သက်သူများ တပ်ပေါင်းစု”  MADE ( Multi-Stakeholder Alliance for Decent Employment in the Myanmar apparel industry) စီမံချက်အတွက် ယူရို ၃ မီလီယံကို ခွင့်ပြုပေးခဲ့ပြီး  ယူရို ၃ မီလီယံအပြင် ထိုစီမံချက်အား Prviate Sector Retailers (Fashion Brands) များမှလည်း ဘဏ္ဍာငွေထည့်ဝင်ကြောင်း ဖော်ပြထားတာပါ။

 

အဲ့ဒီ MADE စီမံချက်က ယခင်  SMART Myanmar စီမံချက်ပြီးချိန်တွင် SMART Myanmar မှ ဆက်လက် အကောင်အထည်ဖော်မည့် စီမံချက်ဖြစ်တယ်လို့ ဆိုပါတယ်။

 

SMART Myanmar သည် စက်ရုံအလုပ်ရုံများတွင် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးကော်မတီ (Workplace Coordination Committee- WCC) များ ဖွဲ့စည်းရန် အလုပ်ရှင်မှ စေလွှတ်သည့် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားများကို သင်တန်းများ ပြုလုပ်သင်ကြားပေးကာ အလုပ်ရှင်များမှ ၎င်းတို့၏ စက်ရုံများတွင် ၎င်းတို့အလိုကျ WCC များ ဖွဲ့စည်းပြီး  WCC ဖွဲ့စည်းရာတွင် အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အလုပ်ရှင်ဘက်မှ စီမံ ဆောင်ရွက်လာကြပြီး အလုပ်သမားများ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ စုဖွဲ့ခွင့်ကို ချိုးဖောက်လာကြတယ်လို့ ဆိုပါတယ်။

 

လုပ်ငန်းခွင်ရှိ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော WCC ဖြင့် လုပ်ငန်းခွင် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနေသည်ဟု လိမ်ညာမှုများ ကို တွေ့ရပြီး  ထိုလုပ်ငန်းစဉ် တစ်ခုလုံးသည် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားများ၏ လွတ်လပ်စွာ ညှိနှိုင်းခွင့် အခွင့်အရေးကို ချိုးဖောက်နေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

 

အဆိုပါ SMART Myanmar / MADE (Myanmar) ၏ ဆောင်ရွက်ချက်များသည် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို နစ်နာစေရုံမျှမက အကြမ်းဖက် စစ်ကောင်စီအား ILO တွင် အသိအမှတ်ပြုမှု ရရှိရေးအတွက် ပံ့ပိုးသည့် စီမံချက်တစ်ခု ဖြစ်လာကြောင်း ခိုင်မာစွာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မှ အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ  မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့် (FOA)နှင့် အဓမ္မခိုင်းစေခံရခြင်း (Forced Labour) ဆိုင်ရာ ပြင်းထန်သည့် ချိုးဖောက်မှုများအတွက် ILO ၏ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့  (Commission of Inquiry) ဖွဲ့စည်း၍ စစ်ဆေးခြင်း ခံနေရချိန်လည်းဖြစ်ပါတယ်။

 

ယခု ပြုလုပ်နေတဲ့  SMART Myanmar / MADE Myanmar နှင့် မြန်မာ Labour NGO တစ်ခုမှ ပံ့ပိုးမှုဖြင့် ဖွဲ့စည်းသည့် အလုပ်သမားသမဂ္ဂအမည်ခံ အဖွဲ့များသည် စစ်ကောင်စီ၏ အလုပ်သမားသမဂ္ဂများ မှတ်ပုံတင် ယန္တရားတွင် သွားရောက်မှတ်ပုံတင်ကြပြီး အလုပ်သမားသမဂ္ဂအဖြစ် အသိအမှတ်ပြုလက်မှတ်များ ရရှိလာကြတယ်လို့ ဆိုပါတယ်။

 

အဆိုပါဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပေးထားကြောင်း၊ သမဂ္ဂအဖြစ် အသိအမှတ်ပြုမှတ်ပုံတင် ထုတ်ပေးထားသည့် အဖွဲ့အစည်းများ ရှိကြောင်း၊ လူမှုရေး ဆွေးနွေးမှုများလည်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ပြီး အလုပ်သမားအခွင့်ရေးများကို ကာကွယ်ပေးလျက် ရှိကြောင်း ILO သို့ စစ်ကောင်စီမှ လိမ်ညာအစီရင်ခံစာ တင်နိုင်ရန်အတွက် ပံ့ပိုးပေးသည့် ဆောင်ရွက်ချက်များ ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုပါထားပါတယ်။

 

အဆိုပါ SMART Myanmar / MADE Myanmar က ပြုလုပ် ဆောင်ရွက်နေတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုရှိအောင် ပံ့ပိုးနေတဲ့ လုပ်ငန်းတွေ အားလုံးကို ကန့်ကွက်ရှုတ်ချလိုက်ပြီး အဲ့ဒီစီမံချက်နဲ့လည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ လည်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( ABFTU ) ကြေညာလိုက်တာဖြစ်ပါတယ်။

 

  #MyanmarLabourNews

 

 

 

 

 

 

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026