NEWS

အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို လုပ်သားအင်အားလျှော့ချကာ သမဂ္ဂဖြိုခွင်းနေဟုဆို

CoverLogo
1.3K Views

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေပါတဲ့ အထည်ချုပ်စက်လိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို စက်ရုံမှာအော်ဒါမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်သားအင်အားလျှော့ချခဲ့တယ် လို့ ဧရာဝတီတိုင်း ပုသိမ်မြို့က AMAVA APPAREL အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောဆိုပါတယ်။

စက်ရုံဟာ သီရိလကာ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်သား တစ်ထောင်ဝန်းကျင်နဲ့ BLAKLADER အမှတ်တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။

အဆိုပါ အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေရှိတဲ့ ဌာနလိုင်းတွေကို အော်ဒါမရှိဟုဆိုကာ လုပ်သားလျှော့ချပြီး ဖြိုခွင်းနေတာဟာ ၄ ကြိမ်ရှိပြီလို့  အလုပ်သမားတွေကပြောဆိုပါတယ်။ 

၂၀၂၂ ခုနှစ်၊ ၁၂လ ပိုင်းမှာ လူဦးရေ ၇၀ ကျော် ပထမအကြိမ်လုပ်သားအင်အားလျှော့ခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ ၄လပိုင်းမှာ လုပ်သားအင်အား ၇၀ ကျော်ထပ်မံလျှော့ချခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ ခု နှစ်အစောပိုင်းကာလတွေမှာလည်း သမဂ္ဂခေါင်းဆောင်နဲ့သမဂ္ဂအဖွဲ့ဝင်တွေကို လျှော့ချခဲ့တာရှိပြီး အောက်တိုဘာ လပိုင်း၂၀ ရက်နေ့မှာလည်း အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်ရှိတဲ့လိုင်းတွေကို လုပ်သားအင်အား လျော့ချဖို့ ကြေညာခဲ့တယ်လို့သိရပါတယ်။

အခုလို လုပ်သားအင်အားလျှော့ချမှုတွေမှာ အလုပ်သမားအခွင့်အရေးနားလည်သူတွေ  ၊ အလုပ်သမားရေးတတ်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ သမဂ္ဂခေါင်းဆောင်တွေပါဝင်ခဲ့တာကြောင့် သမဂ္ဂကိုရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာလို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။ 

"စက်ရုံမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေရှိတဲ့လိုင်းတွေကိုပဲ လုပ်သားလျှော့တယ်ဆိုပြီး ဖြုတ်ပစ်နေတာ ဒီလိုမျိုး လုပ်သားလျှော့ပြီး နောက်နေ့ဆို အလုပ်သမားအသစ်တွေထပ်ခေါ်တယ် လုပ်သားလျှော့ခံရတဲ့သူတွေကိုပြန်မခေါ်ဘူး၊ လူသစ်ခေါ်တဲ့နေရာမှာလဲ လုံခြုံရေးခေါင်းဆောင်ဦး---- ၊ လုခြုံရေးခေါင်းဆောင် ဒေါ်---၊ မန်နေဂျာဒေါ်----- တို့ ၃ ဦးပေါင်းပြီးအလုပ်လာလျှောက်သူတွေကို ၃ သောင်းကနေ ၁ သိန်းထိတောင်းခံနေတယ် ၊ ဒါ့အပြင် အလုပ်သမားတွေသန့်ရှင်းရေးလုပ်တာမပြောင်ရင်လဲ ဝမ်တိန်ထိုးခိုင်းတာတွေနဲ့ ဌာနနဲ့မသက်ဆိုင်တဲ့အလုပ်တွေခိုင်းတာတွေ၊ အလုပ်ခန့်ရင်လဲ ကျား၊မ၊ LGBT ခွဲခြားခန့်နေတာတွေနဲ့ စူပါတွေကနေ လိင်ပိုင်းဆိုင်ရာထိခိုက်ပြောဆိုတာတွေရှိတယ် ၊ သန့်ရှင်းရေးဝန်ထမ်းတွေကိုလည်း တနဂ်နွေနေ့အလုပ်ခေါ်တယ် ot ကြေး(နှစ်ဆ)မပေးဘဲ နေ့စားခငါးထောင်သာပေးတယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အခုလို အလုပ်အကိုင်အခွင့်အလမ်းတွေ ခက်ခဲနေတာကို အကြောင်းပြပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေသလို အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အလုပ်လာလျှောက်ပါက လက်မခံတာ၊ black list စာရင်းသွင်းထားတာတွေ ပြုလုပ်ထားတာလို့ သိရပါတယ်။

"ညီမတို့အလုပ်သမားတွေအနေနဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရှိတဲ့လိုင်းတွေကိုရွေးပြီး လုပ်သားလျှော့နေတဲ့အပေါ် ဒါဟာ သမဂ္ဂကိုရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းနေတယ်လို့ ယူဆတယ် အဲ့ဒီ့အတွက် ချုပ် နေတဲ့ အမှတ်တံဆိပ်ကိုလည်းတောင်းဆိုချင်တယ် သမဂ္ဂတွေကို မဖြိုခွင်းဖို့နဲ့ သမဂ္ဂရှိမှ အဆင်ပြေမဲ့စက်ရုံဖြစ်နေလို့ပါ"လို့အလုပ်သမားများမှပြောဆိုပါတယ်။

"စက်ရုံအနေနဲ့  လုပ်သားလျှော့ချခံရသူတွေကို ဦးစားပေးပြန်ခေါ်မယ်ဆိုပြီး WCCမှာ ဆုံးဖြတ်ချက်ချခဲ့တယ် ဒီဆုံးဖြတ်ချက်စာကိုသွားတောင်းတဲ့အခါမှာအစိုးရရုံးသွားတောင်းဆိုပြီး ပြောတယ် ခုအခါမှာ ဆုံးဖြတ်ချက်တိုင်းမဟုတ်ပဲ တခြားသော အလုပ်သမားအသစ်တွေသာဆက်တိုက်ခေါ်နေတယ်"လို့ လုပ်သားလျှော့ချရာမှာပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ကပြောဆိုပါတယ်။

ယခုလို လုပ်ငန်းခွင်ထဲက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်တွေကို ဖြိုခွင်းနေမှုအပေါ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို သွားရောက်တိုင်တန်းပေမဲ့ ဦးစီးဌာနမှ  " အော်ဒါမရှိရင် ဖြုတ်လို့ရတယ် ဒါကိုသူတို့ပြောလို့မရဘူး ၊ ဥပဒေပါခွင့်ပဲဖြစ်ဖြစ် ခွင့်တွေအရမ်းယူနေရင် ထုတ်ပိုင်ခွင့်ရှိတယ် အထည်စံချိန် တောင်းသလောက်မရရင် ထုတ်ပိုင်ခွင့်ရှိတယ်ပြောတယ်"လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာလည်း  လူမူဖူလုံရေးဆေးခွင့်ခံစားသူများအား လူမူဖူလုံရေးဥပဒပါ ဆေးကုသခွင့် ၂၆ ပတ်မှအထူး ၅၂ ပတ်အား ခွင့်မပေးပဲ လမဖ ဆေးလက်မှတ်ပါသော်လည်း ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေပါ ဆေးလက်မှတ်ခွင့် ရက် ၃၀ ထက်ကျော်လွန်ပါက လစာမဲ့ပေးနေတယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လပိုင်းကလဲ စက်ရုံဘက်ကနေ အလုပ်သမားတွေ ဆေးလက်မှတ်ခွင့်လာယူရင် မပေးဖို့ လမဖ ကိုအကြောင်းကြားပြောဆိုခဲ့တာတွေရှိခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေပြီး စည်းကြပ်ဌာနတွေကလည်း မျက်ကွယ်ပြုခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ၇လပိုင်း ၂၉ရက်နေ့မှာလဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေကြောင့် အလုပ်သမားတစ်ထောင်ခန့်ဟာ အချက် ၁၉ ချက်ပါ တောင်းဆိုချက်အား စက်ရုံရှေ့တွင်စုပေါင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026